သမ္မတဦးသိန်းစိန်အစိုးရ လက်ထက်တွင် ၂၀၁၁ ခုနှစ် ၂၀၁၆ ခုနှစ်အတွင်း မြန်မာနိုင်ငံတွင် နိုင်ငံခြား ရင်းနှီး မြှုပ်နှံမှု(FDI) စုစုပေါင်း အမေရိကန်ဒေါ်လာ ၂၃ ဘီလီယံအထိ မြင့်တက်ခဲ့ကြောင်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင် အတွင်းရေးမှူး ဦးအောင်နိုင်က ပြောသည်။
ယနေ့ ပြုလုပ်သော မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် MIC ဝက်ဆိုက်ဒ် ဖွင့်လှစ်ခြင်းအခမ်းအနားတွင် မီဒီယာများ နှင့် တွေ့ဆုံစဉ် ၎င်းက အထက်ပါအတိုင်း ပြောခြင်း ဖြစ်သည်။
“လက်ရှိ အစိုးရက ၅ နှစ်တာ ကာလအတွင်းမှာ ၂၃ ဘီလီယံ ရခဲ့ပါတယ်” ဟု ဦးအောင်နိုင်ဦးက ပြောသည်။
ယခင်အစိုးရလက်ထက် ၁၉၈၈ ခုနှစ်မှ ၂၀၁၁ ခုနှစ်နှင့် ယခုအစိုးရလက်ထက် ၅နှစ် စုစုပေါင်း၏ ရင်းနှီးမြှုပ်နှံမှု ဝင်ရောက်မှုသည် အမေရိကန်ဒေါ်လာ ၅၉ ဘီလီယံ ရှိကြောင်း၊ သမ္မတဦးသိန်းစိန် အစိုးရလက်ထက် ဝင်ရောက် ခဲ့သော နိုင်ငံခြားရင်နှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ ၂၃ ဘီလီယံရှိပြီး စင်ကာပူနိုင်ငံက အများဆုံး ဖြစ်ပြီး အမေရိကန် ဒေါ်လာ ၉ ဘီလီယံကျော် ရင်းနှီးမြှုပ်နှံထားကြောင်း သိရှိရသည်။
“ စင်ကာပူရဲ့ ရင်းနှီးမြှုပ်နှံမှုဆိုတာ ကျနော်တို့နိုင်ငံရဲ့စာရင်းမှာ စင်္ကာပူလို့ ပေါ်နေပေမယ့် စင်ကာပူနိုင်ငံသား တွေချည်း လုပ်တာမဟုတ်ပါဘူး။ တချို့နိုင်ငံတွေပေါ့နော်၊ အထူးသဖြင့် ဥရောပနိုင်ငံတွေက စင်ကာပူမှာ သူတို့ ရဲ့လုပ်ငန်း တွေ ကုမ္ပဏီတွေ မှတ်ပုံတင်ပြီတော့ မြန်မာနိုင်ငံကို လာရောက် ရင်းနှှီးမြှုပ်နှံတာ ဖြစ်ပါတယ်။ ကျနော်တို့ကတော့ သူရဲ့ ကုမ္ပဏီမှတ်ပုံတင်ရာ ဌာနကို ကြည့်လိုက်တဲ့အခါမှာ စင်ကာပူ ဖြစ်တာမို့ စင်ကာပူရဲ့ ရင်းနှီးမြှုပ် နှံမှု စာရင်းအောက်မှာ ထည့်သွင်းရပါတယ်။ သို့သော်လည်း သူ့ရဲ့ မူလကတော့ စင်ကာပူ မဟုတ် ပါဘူး။ အခြားနိုင်ငံတွေလည်း ပါရှိပါတယ်” ဟု ပြောသည်။
လက်ရှိအစိုးရ သက်တမ်း ၅နှစ်တွင် ဝင်ရောက်သည့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများတွင် အများဆုံး ဝင်ရောက် သည့် ကဏ္ဍမှာ ရေနံနှင့် သဘာဝဓါတ်ငွေ့ ကဏ္ဍဖြစ်ပြီး ၅ နှစ်အတွင်း အမေရိကန်ဒေါ်လာ ၅ဘီလီယံ ကျော်ဖြစ်ကြောင်း၊ ဒုတိယအများဆုံးမှာ စက်မှုကဏ္ဍဖြစ်ပြီး အမေရိကန်ဒေါ်လာ ၄ဘီလီယံကျော်နှင့် တတိယ အများဆုံးကဏ္ဍမှာ ဆက်သွယ်ရေးကဏ္ဍတွင် ဒေါ်လာ ၃ ဘီလီယံ ကျော်ဖြစ်ကြောင်း သိရှိရသည်။
ယခု ဘဏ္ဍာနှစ် ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်မကုန်မီ ဝင်ရောက်သည့် ရင်းနှီးမြုပ်နှံမှု အမေရိကန်ဒေါ်လာ ၅ ဘီလီယံ ကျော်ရှိပြီး ဘဏ္ဍာရေးနှစ်အကုန်တွင် အမေရိကန်ဒေါ်လာ ၆ ဘီလီယံ ရှိမည်ဟု ခန့်မှန်းထားကြောင်း သိရှိရသည်။
၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်တွင် မြန်မာနိုင်ငံသို့ ဝင်ရောက်လာသည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ပမာဏမှာ ရေနံ သဘာ၀ ဓာတ်ငွေ့လုပ်ငန်းတွင် အမေရိကန်ဒေါ်လာသန်း ၂၀၀၀ ကျော်၊ ဆက်သွယ်ရေးကဏ္ဍတွင် ဒေါ်လာ ၁၅၉၈ သန်း၊ စက်မှုလုပ်ငန်း ကဏ္ဍတွင် ဒေါ်လာ ၈၂၉ သန်း၊ အိမ်ခြံမြေကဏ္ဍတွင် အမေရိကန်ဒေါ်လာ ၄၃၅ သန်းနှင့် ဟိုတယ်၊ ခရီးသွားလုပ်ငန်းတွင် ဒေါ်လာ ၁၁၃ သန်း ရှိကြောင်း သိရှိရသည်။