ပြည်တွင်းငွေလဲဈေးကွက်တွင် အမေရိကန်ဒေါ်လာနှင့်မြန်မာကျပ်ငွေ လဲလှယ်နှုန်ထားသည် မတ်လ ဆန်ပိုင်းတွင် ရုတ်တရက် အပြောင်းအလဲ ဖြစ်ပေါ်ခဲ့ပြီး မြန်မာကျပ်ငွေ တန်ဖိုးမှာ တရှိန်ထိုး ပြန်လည် မြင့်တက်လာကြောင်း ဈေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။
အမေရိကန်တဒေါ်လာလျှင် မြန်မာကျပ်ငွေ ၁၃၀၀ ဝန်းကျင်တွင်ရှိနေရာမှာ ဖေဖော်ဝါရီလမှစတင်၍ အမေရိ ကန်ဒေါ်လာ တန်ဖိုး တအိအိကျဆင်းလာကြောင်း၊ မတ်လ ဆန်ပိုင်းတွင်မူ အမေရိကန်တဒေါ်လာလျှင် မြန်မာ ကျပ်ငွေ ၁၂၀၀ အောက်သို့ ရောက်ရှိပြီးေ ဈးကွက်တွင် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ မတ်လ ၄ ရက်နေ့က ပြင်ပဈေးကွက်တွင် ၁ ဒေါ်လာလျှင် ၁၁၈၅ ကျပ်နှင့် ၁၁၉၅ ကျပ်ကြား အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရှိရသည်။
မြန်မာကျပ်ငွေတန်ဖိုးမြင့်လာရခြင်းအကြောင်းအရင်းများတွင် NLD အစိုးရ အာဏာလွှဲပြောင်းရယူပြီးလျှင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ အလုံးအရင်းဖြင့် ဝင်လာနိုင်သည်ဆိုသော နိုင်ငံရေးယူဆချက်၊ ကမ္ဘာ့ဈေးကွက်တွင် လည်း အမေရိကန်ဒေါ်လာတန်ဖိုး ကျဆင်းလာခြင်းနှင့် နယ်စပ်ဒေသများမှ တရားမဝင် ငွေမည်းများ စီးဝင်လာမည့် အခြေအနေများကြောင့် ဖြစ်ကြောင်း ပြည်တွင်းစီးပွားရေးအသိုင်းအဝိုင်းက သုံးသပ် ပြောဆိုသည်။
မြန်မာ့ မော်တော်ယာဉ် ထုတ်လုပ်ရေးနှင့် ဖြန့်ဖြူး ရောင်းချရေး လုပ်ငန်းရှင်များအသင်း ဥက္ကဌ ဒေါက်တာ စိုးထွန်းက“အဓိကကတော့ နိုင်ငံရေး အခြေအနေပါပဲ။အခြားအကြောင်းအရာကတော့ ကမ္ဘာမှာလည်း ရွှေဈေးတက်တယ်။ ရွှေဈေးတက်တော့ ဒေါ်လာအားနည်းတယ်လို့ ပြောတာပေါ့။ဒါလည်းပါမှာပေါ့” ဟု ပြောသည်။
လက်ရှိ မြန်မာနိုင်ငံ၏ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုအရ NLD အစိုးရ တက်လာမည့် ဖြစ်စဉ်နှင့်အတူ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်လာမည့် အခြေအနေများ ဖြစ်နေရာ ဒေါ်လာဈေးနှုန်းမှာ တက်ရန် အလားအလား နည်းနေပြီ ဖြစ်ကြောင်းလည်း ၎င်းက ပြောသည်။
မြန်မာကျပ်ငွေ တန်ဖိုးမြင့်တက်ရသည့် အကြောင်းအရင်းများအနက် နွေဦးပေါက်ကာလ မြန်မာနိုင်ငံ မြောက်ပိုင်း မှ ဘိန်းထုတ်လုပ် တင်ပို့မှု များကလည်း ပြည်တွင်းငွေလဲနှုန်းအပေါ် သက်ရောက်မှုရှိစေပြီး မြန်မာငွေတန်ဖိုးမာလာစေကြောင်း ပြည်တွင်းလုပ်ငန်းရှင်တဦးက သုံးသပ်ပြောဆိုသည်။
၎င်းက “အဓိကကတော့ မြောက်ပိုင်းက ဒီလိုအချိန်ဆို အဖြူ(ဘိန်းဖြူ) အိတ်စ်ပို့က အတော်လေးကြီးမား တယ်လေ။ဒီက ဒေါ်လာရတာပေါ့။ ဟိုဘက်ကလည်းထွက် နောက် ဒီဘက်ကလည်း ငွေလိုပြီးတော့ အချို့ လုပ်ကွက်တွေ ဘာတွေ လာမယ်ထင်တော့ ငွေပြန်ဖော်တဲ့ သဘောလည်း ရှိပါတယ်။ နောက် နိုင်ငံရေး အပြောင်း အလဲ ကြောင့်လည်း ပါတာပေါ့” ဟု ပြောသည်။
မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ သတ်မှတ်ရည်ညွှန်းဈေးနှုန်းသည် မတ်လ ၄ ရက်နေ့က အမေရိကန် တဒေါ်လာ လျှင် ၁၂၃၂ ကျပ် သတ်မှတ်ထားသော်လည်း ပြင်ပဈေးကွက်ငွေလဲနှုန်းထက်များစွာမြင့်မားနေ၍ အလုပ်မဖြစ်ကြောင်း၊ ဒေါ်လာ အရောင်းအဝယ်သည် လိုင်စင်ရ ပုဂ္ဂလိဘဏ်များနှင့် ငွေလဲစင်တာများတွင် အနည်းအကျဉ်းသာရှိပြီး ပြင်ပဈေးကွက်တွင် အဓိက ထားရောင်းဝယ်နေကြကြောင်း ဈေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။
၂၀၁၅ နှစ်အတွင်းက ငွေလဲနှုန်းမတည်မငြိမ်ဖြစ်ခဲ့မှု ဒေါ်လာဈေးနှုန်းများ မြင့်တက်ခဲ့မှုကြောင့် စီးပွားရေး လုပ်ငန်း များ အခက်အခဲများ ဖြစ်စေခဲ့သည့်အပြင် သွင်းကုန်ပစ္စည်း ဈေးနှုန်းတွေလည်း မြင့်တက်ခဲ့ကြောင်း၊ ဗဟိုဘဏ်က ငွေလဲနှုန်း တည်ငြိမ်စေရန် လုပ်ဆောင်ခဲ့မှုများ ရှိသော်လည်း ပြီးခဲ့သည့်နှစ်တနှစ်လုံးအတွင်း ငွေလဲနှုန်း မတည်ငြိမ်သည့် ဖြစ်စဉ်များနှင့် စီးပွားရေးလုပ်ငန်းများအကြား ဂယက်ထမှုများ ဖြစ်ပေါ်ခဲ့ကြောင်း သိရှိရသည်။