ဧပြီလ ၁ရက်နေ့တွင် အာဏာလွဲပြောင်းရယူမည့် အစိုးရသစ်အနေဖြင့် ကုန်သွယ်ရေးလိုငွေပြမှု အမေရိကန်ဒေါ်လာ ၅ ဘီလီယံကျော်နှင့် စတင် ကြုံရတော့မည်ကို ကိန်းဂဏန်းများက သက်သေပြနေသည်။
ဧပြီလ ၂၀၁၅ မှ ယခုနှစ် မတ်လအကြား ကုန်သွယ်မှု ပမာဏ စုစုပေါင်း အမေရိကန်ဒေါ်လာ ၂၅ ဒဿမ ၇ ဘီလီယံ အထိ ရှိနေရာ ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၁၀ ဒဿမ ၂ ဘီလီယံသာ ရှိနေစဉ်တွင် သွင်းကုန်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၁၅ ဒဿမ ၅ ဘီလီယံ ဝန်းကျင်ရှိသည်။ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီမှ ရွေးကောက်ခံ သမ္မတ ဦးထင်ကျော်က ဧပြီလ ၁ရက်နေ့တွင် အာဏာလွဲပြောင်းရယူမည် ဖြစ်သည့်အတွက် မတ်လ ၃၁ ရက်နေ့တွင် ဘဏ္ဍာနှစ် အဆုံးသတ်မည်ဖြစ်သည်။
စီးပွားရေးနှင့် ကူးသန်ရောင်းဝယ်ရေးဝန်ကြီးဌာန၏ အချက်အလက်များအရ စုစုပေါင်းကုန်သွယ်မှု အရေအတွက်မှာ လက်ရှိ ဘဏ္ဍာရေးနှစ်၏ ပထမ ၁၁ လတွင် အမေရိကန်ဒေါ်လာ ၃၀ ဘီလီယံ ရောက်ရှိမည်ဟု အစိုးရက မျှော်မှန်းထားခဲ့သော်လည်း လက်တွေ့တွင်မူ ၂၆ သို့မဟုတ် ၂၇ ဘီလီယံခန့်သာ မျှော်မှန်းနိုင်သည့် အနေအထားသို့ ရောက်ရှိနေသည်။
“ဒီနှစ် စီမံကိန်းအတော်များများမှာ ဆောက်လုပ်ရေး ကုန်ကြမ်းတွေ လိုအပ်ခဲ့တဲ့အတွက် ကျနော်တို့ရဲ့ သွင်းကုန်တန်ဖိုးက သိသိသာသာ မြင့်တက်ခဲ့တယ်။ ပြီးတော့ ပို့ကုန်တန်ဖိုး ကျဆင်းရတာက ဒီနှစ်မှာ ရေနံနဲ့ သဘာဝဓာတ်ငွေ့ကရတဲ့ ဝင်ငွေနည်းပါးတာရယ် ပြီးခဲ့တဲ့နှစ်က ရေကြီးတဲ့အတွက် စိုက်ပျိုးရေးထုတ်ကုန်တွေ ပျက်စီးခဲ့တာတွေကြောင့်ပါ” ဟု စီးပွားကူးသန်း ဝန်ကြီးဌာန၏ အကြီးတန်း စီးပွားရေးပညာရှင် ဒေါက်တာမောင်အောင်ကပြောသည်။
ရေနံနှင့် သဘာဝဓာတ်ငွေ့၊ ကျောက်စိမ်းနဲ့ စိုက်ပျိုးရေးထုတ်ကုန်များက မြန်မာနိုင်ငံ၏ အဓိကပို့ကုန် အမျိုးအစားများ ဖြစ်ပြီး ရင်းနှီးမြှုပ်နှံမှု၊ စက်မှုကုန်ကြမ်းများနှင့် အိမ်တွင်းအသုံးအဆောင် ပစ္စည်းများက အဓိက သွင်းကုန်ဖြစ်သည်။
“မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်က သီလဝါ အထူးစီးပွားရေးဇုန်မှာ စက်ရုံတွေဆောက်လုပ်ဖို့ ခွင့်ပြုခဲ့သလိုမျိုး ပြီးခဲ့တဲ့နှစ်က စီမံကိန်းတွေ အများကြီးကို သဘောတူခွင့်ပြုခဲ့တယ်။ စီမံကိန်းတွေအတွက် ရင်းနှီးမြှုပ်နှံမှုကုန်ကြမ်းတွေက အနည်းဆုံး စုစုပေါင်း ပို့ကုန်တန်ဖိုးရဲ့ ၆၀ ရာခိုင်နှုန်း ရှိပါတယ်” ဟုလည်း ဆိုကာ လက်ရှိ ဘဏ္ဍာနှစ်တွင် စုစုပေါင်းကုန်သွယ်မှု တန်ဖိုးက အမေရိကန်ဒေါ်လာ ၂၆ မှ ၂၇ ဘီလီယံအထိသာ ရှိလာနိုင်ကြောင်း ဒေါက်တာမောင်အောင်က ပြောသည်။
မြန်မာနိုင်ငံ၏ ကုန်သွယ်မှုတန်ဖိုးသည် ယခင်အပယ်ခံထားရသော အခြေအနေမှ အရပ်သားတပိုင်းအစိုးရသို့ ကူးပြောင်းခဲ့သော ၂၀၁၁ ခုနှစ်ကတည်းက နှစ်စဉ် တိုးလာခဲ့သည်။ မည်သို့ပင်ဆိုစေကာမူ သမ္မတဦးသိန်းစိန်၏ တာဝန်ထမ်းဆောင်မှု နောက်ဆုံးနှစ်တွင်လည်း လိုငွေပြမှု ပမာဏမှာ ဆက်လက်တည်ရှိနေသည့်အတွက် အချို့လေ့လာစောင့်ကြည့်သူများက စိုးရိမ်ခဲ့ကြသည်။
ပြည်ထောင်စု မြန်မာနိုင်ငံ ကုန်သည်ကြီးများနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း၏ ဗဟိုအလုပ်အမှုဆောင် ကော်မတီအဖွဲ့ဝင်တဦးဖြစ်သော ဦးအေးလွင်က ကုန်သွယ်ရေး မျှော်မှန်းချက်များအတွက် အန္တရာယ်များသော ကုန်သွယ်ရေး လိုငွေပြမှု အမေရိကန်ဒေါ်လာ ၅ ဘီလီယံ ပမာဏမှာ အစိုးရသစ်အတွက် ကောင်းမွန်သော လက္ခဏာတရပ် မဟုတ်ကြောင်း ဧရာဝတီသို့ ပြောသည်။
“ဒီပမာဏက အန္တရယ်များတဲ့ အဆင့် ဖြစ်နေပါပြီ။ အစိုးရသစ်အနေနဲ့ ဒီပြဿနာကို မကိုင်တွယ်နိုင်ဘူးဆိုရင် ကုန်သွယ်ရေးမူဝါဒတွေနဲ့ ပို့ကုန်တွေကို ဘယ်လိုအထောက်အကူပြုမလဲဆိုတာ ပြန်သုံးသပ်ရပါလိမ့်မယ်”ဟု ပြောသည်။ ထို့ပြင် အစိုးရ၏ ကုန်သွယ်ရေး အချက်အလက်များ မှန်ကန်မှု ရှိမရှိအပေါ် သံသယဝင်မိကြောင်း ဦးအေးလွင်က ဆိုသည်။
စီးပွားကူးသန်း ဝန်ကြီးဌာန၏ ခန့်မှန်းချက်အရ မြန်မာနိုင်ငံ၏ ၂၀၁၄- ၂၀၁၅ ခုနှစ် ဘဏ္ဍာရေးနှစ်တွင် ကုန်ပစ္စည်းများ သွင်းကုန်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၁၆ ဘီလီယံရှိပြီး ပို့ကုန်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၁၁ ဘီလီယံရှိကာ လိုငွေပြမှု အမေရိကန်ဒေါ်လာ ၄ ဒဿမ ၉ ဘီလီယံရှိကြောင်း သိရသည်။