တပ်မတော်က အထူးကုမ္ပဏီ အက်ဥပဒေဖြင့် ဖွဲ့စည်းထားသည့် ပြည်ထောင်စုမြန်မာနိုင်ငံတော် မြန်မာ့စီးပွားရေးဦးပိုင် ကုမ္ပဏီသည် အထူးကုမ္ပဏီအဖြစ်မှ အများပိုင်ကုမ္ပဏီလီမိတက်အဖြစ် ပြောင်းလဲ လုပ်ကိုင်သွားမည်ဟု မြန်မာ့ စီးပွား ရေး ဦးပိုင်ကုမ္ဗဏီက တရားဝင် ကြေညာလိုက်သည်။
မြန်မာ့စီးပွားရေးဦးပိုင် ကုမ္ပဏီကို ၁၉၉၀ ခုနှစ်အတွင်းက စတင်တည်ထောင်ခဲ့ပြီး ၁၉၅၀ အထူး ကုမ္ပဏီအက်ဥပဒေဖြင့် ဖွဲ့စည်းခဲ့ခြင်းဖြစ်ကာ ယခု မြန်မာနိုင်ငံကုမ္ပဏီများအက်ဥပဒေဖြင့် အများပိုင်ကုမ္ပဏီအဖြစ် ပြန်လည်ပြောင်းလဲလိုက်ခြင်း ဖြစ်ကြောင်း၊ ဦးပိုင်ကုမ္ပဏီ၏ အစုရှယ်ယာများတွင် (က) ရှယ်ယာရှင်နှင့် (ခ) ရှယ်ယာရှင်ဟု အစုရှယ်ယာရှင် ၂ မျိုး ခွဲခြားသတ်မှတ်ခဲ့ပြီး (က) အစုရှယ်ယာများကို ကာကွယ်ရေးဝန်ကြီးဌာနနှင့် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) ၊ ပစ္စည်းဝယ်ယူမှု ညွှန်ကြားရေးမှုးရုံးတို့မှ ထည့်ဝင်ပိုင်ဆိုင်ကြောင်း၊ (ခ)ရှယ်ယာများကို စစ်မှုထမ်းများ၊ စစ်မှုထမ်း ဟောင်း များ၊ တပ်ရင်း/တပ်ဖွဲ့များနှင့် စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များက ထည့်ဝင် ပိုင်ဆိုင်ကြောင်းသိရှိရသည်။
အများပိုင်ကုမ္ဗဏီ အဖြစ် ပြောင်းလဲရာတွင် (က) အစုရှယ်ယာများအား (ခ)အစုရှယ်ယာအဖြစ် လွှဲပြောင်း လိုက်ပြီ ဖြစ်ကြောင်း ထုတ်ပြန်ထားသဖြင့် ဦးပိုင်ကုမ္ပဏီသို့ ဧရာဝတီသတင်းဌာနက မေးမြန်းခဲ့သော်လည်း တာဝန်ခံ ဖြေဆို မည့်သူမရှိပေ။
စစ်တပ်ပိုင် အထူးကုမ္ပဏီအဖြစ်မှ အများပိုင်ကုမ္ပဏီအဖြစ်သို့ ပြောင်းလဲလုပ်ကိုင်မည့် ဖြစ်စဉ်ကို ကြိုဆိုကြောင်း စီးပွား ရေး လုပ်ငန်းရှင် ဒေါက်တာ စိုးထွန်းက ပြောသည်။
၎င်းက “အများပိုင် ဖြစ်သွားတော့ အများပိုင်စည်းမျဉ်းအတိုင်း လိုက်နာရမှာပေါ့။ကျနော်တို့က ကြိုဆိုပါတယ်။ ဘာလို့ လည်း ဆိုတော့ အရင်တုန်းကတော့ အထူးအခွင့်အရေးရတဲ့ အထူးကုမ္ပဏီအက်ဥပဒေက ရှိနေတာပေါ့နော်။ တဖက် က လည်း တပ်က ရှယ်ယာပါတဲ့ အခါကျတော့ ဌာနဆိုင်ရာတွေအနေနဲ့ကလည်း လုပ်ရကိုင်ရခက်တာပေါ့။ အခွန် ကောက်မယ်၊ အရေးယူမယ်ဆိုတဲ့ အခါ တပ်နဲ့ ထိပ်တိုက်တွေ့နိုင်တာပေါ့။ အခုဟာက သီးခြားအများပိုင်ကုမ္ပဏီ ပုံစံ ဖြစ်သွားရင်တော့ နောင်တချိန် သူက listed (စတော့တွင်စာရင်းဝင်ရောင်းချတာတွေ) ဘာတွေ လုပ်လာမယ်။ စစ်မှုထမ်းဟောင်း တွေတင်မကဘဲ ပြည်သူတွေပါ ဝယ်နိုင်အောင် ဆောင်ရွက်ပေးမယ်ဆိုရင်တော့ ပိုပြီး ကောင်း တာပေါ့” ဟု ပြောသည်။
ဦးပိုင်ကုမ္ပဏီအနေဖြင့် စစ်တပ်ပိုင်ဆိုင်သည့် အထူး ကုမ္ပဏီဖြစ်ရာ ယခင်စစ်အစိုးရခေတ်များတလျှောက် လုပ်ပိုင်ခွင့် အခွင့်အရေးများစွာ ရရှိသလို အခွင့်ထူးခံ ကုမ္ပဏီလည်းဖြစ်ခဲ့ကြောင်း၊ အရပ်သား ဒီမိုကရေစီအစိုးရ လက်ထက်တွင် ထိုသို့ အခွင့်အရေးနှင့် အကာအကွယ်ပေးမှုများ ရရှိတော့မည်မဟုတ်ကြောင်း ပါရမီစွမ်းအင်အုပ်စု အကြံပေး ဦးတင်ချိုက ပြောသည်။
“အခုလိုလုပ်မှလည်း အများပိုင်ကုမ္ပဏီဖြစ်မှာပေါ့။ စတော့ရှယ်ယာ ဈေးကွက်မှာလည်း ဝင်ပြီးတော့ ရေရှည်လုပ် နိုင်မှာပေါ့။ မဟုတ်ရင် ဒါက လူတန်းစားတရပ်အတွက်ပဲ ပိုင်တဲ့ဟာ၊ နိုင်ငံက လူကြီး တော်တော် များများကလည်း အဲ့ထဲမှာ ပါနေတာဆိုတော့ နောင်ကြရင် စာရင်းရှင်းရတာ နည်းနည်းခက်မှာပေါ့။ အရင်တုန်း ကအစိုးရလို အခုအစိုးရက သူတို့ကို အကာအကွယ်ပေးမှာမှ မဟုတ်တာ။ဒါတော့ သူတို့ လက်ဦးမှုရအောင် ပြင်ဆင်လိုက် တာလို့ထင် ပါတယ်။ကျန်တာတော့ တဖြည်းဖြည်း လိုက်လုပ်ရမှာပေါ့။ ပွင့်လင်းမြင်သာမှုကတော့ အရင်အတိုင်းသွားလို့ မရတော့ဘူး။သူတို့အများကြီး လုပ်ရမယ်” ဟု ပြောသည်။
စစ်အစိုးရလက်ထက်တွင် ဦးပိုင်ကုမ္ပဏီသည် ကျောက်စိမ်း တူးဖော်ရေးလုပ်နင်း၊ သစ်လုပ်ငန်း၊ ဆိပ်ကမ်းလုပ်ငန်း၊ ပို့ကုန်သွင်းကုန်လုပ်ငန်းစုံ၊ သတ္တုတူးဖော်ရေးလုပ်ငန်းများနှင့် အခြား လုပ်ငန်း ပေါင်းများစွာ ချုပ်ကိုင် လုပ်ကိုင်ခဲ့သည့် အထူးကုမ္ပဏီ တခုဖြစ်သည်။