စတော့အိတ်ချိန်းတွင် စရင်းဝင် ရောင်းချခွင့်ရထားသည့် မြန်မာ သီလဝါ အထူးစီးပွားရေးဇုန် ဟိုးလ်ဒင်း အများပိုင် ကုမ္ပဏီ(MTSH) ၏ ရှယ်ယာများကို လာမည့် မေလအတွင်း စတင်ရောင်းချသွားမည်ဖြစ်ကြောင်း ကုမ္ပဏီ၏ ဒါရိုက်တာ ဒေါက်တာ ဉာဏ်သစ်လှိုင် က ပြောသည်။
၎င်းက“လာမယ့် မေလကုန်လောက်ပေါ့။ ကျနော်ထင်တယ်၊ တတိယပတ်လောက်ပေါ့။ အဲ့ဒါကတော့ စတော့ကို တက်မယ့်အချိန် ပေါ့။ အခုဟာတော့ တက်ဖို့အတွက် ပြင်ဆင်မှုတွေ လုပ်နေတယ်”ဟု ပြောဆိုသည်။
ရှယ်ယာများ စတင်ရောင်းချမည့် နေ့တွင် ဖွင့်မည့် ဈေးနှုန်းကို လက်ရှိအချိန်၌ ပြော၍ မရနိုင်သေးကြောင်း၊ ဈေးနှုန်း တန်ဖိုးသတ်မှတ် မှု ဆုံးဖြတ်ပြီးမှသာ ပြောနိုင်မည် ဖြစ်ကြောင်းလည်း ဆိုသည်။
သီလဝါ အများပိုင် ကုမ္ပဏီ(MTSH)၏ ရှယ်ယာများကို စတင်ရောင်းချစဉ်က အစုရှယ်ယာ ၁ စုလျှင် ကျပ် ၁သောင်းဖြင့် ရောင်းချခဲ့ခြင်းဖြစ်ပြီး ကုမ္ပဏီ၏ ရှယ်ယာများကို စိတ်ဝင်စားသူများ ရှိခြင်းကြောင့် အပြင်ဈေးနှုန်းတွင် ရှယ်ယာ ၁ စုလျှင် ကျပ် ၈ သောင်း ဝန်းကျင်အထိ ရောင်းဝယ်မှုများ ရှိသည်ဟု သတင်းများလည်း ထွက်ပေါ်ခဲ့သည်။
စတော့တွင် စတင်ရောင်းချလျှင် သီလဝါ ရှယ်ယာများ၏ အရောင်းအဝယ် အလားအလာနှင့်ပတ်သက်၍ ဒေါက်တာ ဉာဏ်သစ်လှိုင် က “ကျနော် မှန်းကြည့်တာကတော့ ဖွင့်တဲ့ဈေးအပေါ်မှာပဲ စကားပြောမှာပဲဗျ။ ကျနော်တို့ ရောင်းထားတာ တစုကို ၁ သောင်းနဲ့ ရောင်းထားတာ။ အခု အမြင့်ဆုံး အရောင်းအဝယ်လုပ်သွားတဲ့ ဈေးအထိ တခုရှိနေတယ်။ ဒါပေမယ့်လည်း တကယ့် တန်ဖိုးတခုနဲ့ Valuation (တန်ဖိုးဖြတ်ခြင်း) လုပ်ပြီး ထွက်လာတဲ့ ဈေးနှုန်းတခု ရှိတယ်။ အဲ့ဒါက စိတ်ဝင်စားတဲ့ ဈေးနှုန်းတခုဆိုရင်တော့ ကျနော် ထင်တယ် တက်သွားပါလိမ့်မယ်။ ဝယ်ကြမှာပေါ့။ အခြေခံကတော့ အဲဒါပါပဲ၊ စိတ်ဝင်စားတဲ့ ဈေးဆိုရင်တော့ ပါသွားမှာပဲ”ဟု ပြော ဆို သည်။
လက်ရှိ စတော့အိတ်ချိန်းတွင် စတင်ရောင်းချနေပြီဖြစ်သော FMI ကုမ္ပဏီသည် ၎င်းတို့၏ ရှယ်ယာများကို စတင်ရောင်းချခဲ့သော နေ့ တွင် ရှယ်ယာ တစုလျှင် ၂၆၀၀၀ ကျပ်ဖြင့် ဈေးစဖွင့်ရောင်းချခဲ့ပြီး ဝယ်ယူလိုမှုများပြားခဲ့ခြင်းကြောင့် ရှယ်ယာဈေးများတက်ခဲ့ သည်။
၂၆၀၀၀ ကျပ်ဖြင့် ဖွင့်ခဲ့သော FMI ၏ ရှယ်ယာတန်ဖိုးများသည် ၁ စုလျှင် ကျပ် ၄ သောင်း ကျော်အထိ မြင့်တက်ခဲ့ပြီး ယခုအချိန်တွင် ၁ စု ၃၂၀၀၀ ကျပ်ဝန်းကျင်ဖြင့် ငြိမ်နေလျက်ရှိသည်။
မြန်မာသီလဝါ အများပိုင်ကုမ္ပဏီ(MTSH)၏ လက်ရှိ ရှယ်ယာစု အရေအတွက်မှာ ရှယ်ယာစုပေါင်း ၄ သန်းကျော်နှင့် အစုရှယ်ယာ ရှင် ပေါင်း ၂ သောင်းနီးပါး ရှိကြောင်း သိရပြီး လက်ရှိ ရှိနှင့်ပြီးသား ရှယ်ယာရှင်များ၏ ရှယ်ယာများကိုသာ ရောင်းချသွားမည် ဖြစ်ကြောင်း၊ ရှယ်ယာ အသစ်များ ရောင်းချခြင်းကို လုပ်ဆောင်ဦးမည် မဟုတ်ကြောင်း သိရသည်။
မြန်မာသီလဝါ အများပိုင်ကုမ္ပဏီ အနေဖြင့် ရန်ကုန်စတော့ အိတ်ချိန်းတွင် ရောင်းချမှုများ စတင်ပြီဆိုလျှင် စတော့ အရောင်း အဝယ် များ ယခုထက် ပိုမိုမြိုင်ဆိုင်လာမည် ဖြစ်ကြောင်းလည်း ရန်ကုန်စတော့အိတ်ချိန်းမှ အကြီးတန်း မန်နေဂျာ ဦးသက်ထွန်းဦး က ပြောသည်။
၎င်းက“အရောင်းအဝယ် မြိုင်လာနိုင်မလား ဆိုတာ မေးခွန်းတောင် မေးစရာမလိုဘူး။ မြိုင်လာမှာပေါ့။ ရင်းနှီးမြှုပ်နှံသူတွေ အတွက် က ရွေးချယ်စရာ နည်းလမ်းတွေ များသွားတာပေါ့။ သူတို့အတွက် ပိုကောင်းလာတာပေါ့။ ကျန်တဲ့ ကုမ္ပဏီတွေက ပြင်ဆင်နေတာ တွေလည်း ရှိတယ်။ မြန်စရာတော့ သိပ်အကြောင်း မရှိဘူး”ဟု ပြောသည်။
ရန်ကုန် စတော့အိတ်ချိန်း ရှယ်ယာ အရောင်းအဝယ် စခဲ့သော မတ်လ ၂၅ ရက်နေ့မှ ယခုအချိန်အထိ အရောင်းအဝယ်ဖြစ်ခဲ့သော ရှယ်ယာ စုပေါင်းသည် ၈ သိန်းကျော်ရှိနေပြီး အရောင်းအဝယ် တန်ဖိုး ကျပ် ဘီလီယံ ၃၀ ကျော်ရှိနေပြီဖြစ်ကြောင်း ရန်ကုန် စတော့ အိတ်ချိန်းမှ သိရသည်။
မြန်မာ သီလဝါ အထူးစီးပွားရေးဇုန် အများပိုင်ဟိုလ်ဒင်း ကုမ္ပဏီ(MTSH)သည် သီလဝါ အထူးစီးပွားရေးဇုန်ကို အကောင်ထည်ဖော် လုပ်ကိုင်နေသည့် ကုမ္ပဏီ ဖြစ်သည်။
သီလဝါ အထူးစီးပွားရေး ဇုန်ကို Myanmar Japan Thilawa Development Co.ltd အဖြစ် ဂျပန်-မြန်မာ ဖက်စပ် ကုမ္ပဏီ တည်ထောင်၍ လုပ်ကိုင်ခဲ့ခြင်းဖြစ်ပြီး မြန်မာဘက်မှ ၅၁ ရာခိုင်နှုန်း ဂျပန်ဘက်မှ ၄၉ ရာခိုင်နှုန်း ပါဝင်သည်။
မြန်မာဘက်မှ ၅၁ ရာခိုင်နှုန်း အတွက် မြန်မာသီလဝါ အထူးစီးပွားရေးဇုန် ဟိုလ်ဒင်း အများပိုင်ကုမ္ပဏီ(MTSH) က ၄၁ ရာခိုင်နှုန်း ထည့်ဝင်ပြီး အစိုးရက ၁၀ ရာခိုင်နှုန်းဖြင့် လုပ်ဆောင်နေခြင်း ဖြစ်ကြောင်းလည်း သိရသည်။