မန္တလေးတိုင်း ဒေသကြီးမှာ ယခုနှစ် သရက်သီးပေါ်ချိန် ဖြစ်တဲ့ ဧပြီလ နှောင်းပိုင်းမှာ မိုးသီးနှင့် လေပြင်းစတဲ့ သဘာဝ ဘေးဒဏ်တို့ကြောင့် အသီးထွက်နှုန်း က သိသိသာသာ ကျဆင်း သွားပါတယ်။ လက်ရှိရာသီ ဟာ သရက်သီး လှိုင်လှိုင်ပေါ်ရမယ့် အချိန် ဖြစ်ပေမယ့် အထွက်နှုန်း ကျသွားတာကြောင့် ဈေးကွက်မှာ ရိုက်ခတ်မှု တွေ ရှိလာပါတယ်။ ဒါကြောင့် ဈေးကွက် အနေအထား၊ မြန်မာနိုင်ငံက ထွက်ရှိနေတဲ့ သရက်သီးတွေကို ဈေးကွက်ထိုးဖောက် ရောင်းချမှု နဲ့ ပတ်သက်ပြီး မန္တလေးတိုင်း ဒေသကြီး သရက်အစုအဖွဲ့ ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေ ကို သတင်းထောက် မြတ်ပြည့်ဖြိုးက တွေ့ဆုံ မေးမြန်း ထားပါတယ်။
မေး။ ။ ရာသီဥတုဒဏ်ကြောင့် ဒီနှစ်မှာ မန္တလေးတိုင်း အတွင်းက သရက်သီးအထွက်နှုန်း အခြေအနေ ဘယ်လိုရှိလည်း ဆိုတာ သိချင်ပါတယ်။
ဖြေ။ ။ ဈေးက အရမ်းကို ပြုတ်ကျသွားတယ်။ အလုံးတွေ ကလည်း သေးသေးလေးတွေ။ အခုက လေကလည်း အရမ်း ကောင်းတော့ လွန်လွန်အားကြီးတယ်။ ရာခိုင်နှုန်းနဲ့ ပြောမယ်ဆိုရင် ၈၀ ရာခိုင်နှုန်း လောက် အထွက်နှုန်းကျသွားတယ်။ မနှစ်က ၅၀ ရာခိုင်နှုန်းလောက်ပဲ ကျခဲ့တယ်။
မေး။ ။ အသီး ထွက်နှုန်း ကျသွားတဲ့ အတွက် ဈေးကွက်မှာရော ဘာလို ရိုက်ခတ်မှု ရှိနိုင်မလဲ။
ဖြေ။ ။ ဒီနှစ်က အသီးလဲ ရှားသွားတော့ ဈေးကောင်းတယ်။ အခု စိန်တလုံး သရက်သီး တလုံးကို အနိမ့်ဆုံး ၂၀၀ ကျပ်က စပေါက်တယ်။ ပြီးခဲ့တဲ့နှစ်က ၁၀၀၊ ၁၅၀ ကျပ် အပြင် ပိုမပေးရဘူး။ များသောအားဖြင့် သိပ်အလုံးကြီးရင်တောင် ၄၀၀ အပြင် ပိုမပေးရဘူး။ လေကြွေသီးတွေ များတော့ တောင်သူတွေကလည်း စိုးရိမ်ပြီး တရုတ်ပို့ဖို့ လုပ်တာတွေ ရှိတယ်။ အခု အန်တီတို့ အဖွဲ့က ဒီနှစ် ကိုးရီးယားကို Frozen Mango (အေးခဲသရက်သီး) အတွက် စာချုပ်လိုက်တယ်။ အဲဒီ အတွက် တရုတ်ကို ပို့မယ့် အသီးတွေ အားလုံး တောင်သူတွေဆီက ပြန်ဝယ်ပေး နေပါတယ်။ ကြွေတဲ့အသီးတွေကို တရုတ်ပြည်ကို ပို့လိုက်မယ်ဆိုရင် ဈေးက နှိမ်တော့မှာလေ။
မေး။ ။ ကိုးရီးယားကို အေးခဲ သရက်သီးပို့ဖို့ စီစဉ်နေတဲ့ အသေးစိတ် အစီအစဉ်လည်း ရှင်းပြပေးပါရှင့်။
ဖြေ။ ။ MOIKO ဆိုတဲ့ ကိုးရီးယား ကုမ္ပဏီနဲ့ မြန်မာ စိန်တလုံး Frozen Mango ပို့ဖို့ ဒီလ ၂ ရက်နေ့က စာချုပ်ဖြစ်တယ်။ အစကတော့ တလကို ၂၂ တန် ဝယ်မယ်ဆိုပြီး စာချုပ်တယ်။ ဒါပေမဲ့ သူတို့လည်း ဒီရောက်တော့ ဒီက အခြေအနေတွေ သိသွားတော့ ရသလောက်ယူမယ် ဆိုပြီးတော့ ချုပ်ဖြစ်တယ်။ အန်တီတို့ ဒီကနေ စိန်တလုံး သရက်အနှစ်ရယ်၊ သရက်သီး အစိတ် (Slice) လုပ်ပြီးပို့ပေးရမှာ ဖြစ်တယ်။ ဒါ ပထမဆုံး ကိုးရီးယားကို တင်ပို့ရောင်းချတာပဲ။ ဒါအောင်မြင်ရင် နောက်နှစ်မှာ အလုံးလိုက် ပို့နိုင်မယ်။ စာချုပ်သက်တမ်းကို တနှစ်ပဲ ချုပ်တယ်။ မတော်တဆ ဒီထက်ကောင်းတဲ့ Buyer မလာဘူးလို့ မပြောနိုင်ဘူး။ တကယ်လို့ လာခဲ့ရင် ကိုယ်ဆီက တောင်သူ နစ်နာမယ်ဆိုပြီး တနှစ်ပဲ ချုပ်လိုက်တယ်။ အအေးခန်းကား၊ အအေးခန်း ကွန်တိန်နာနဲ့ပဲ သွားမယ်။ Stable ဖြစ်တဲ့ ဒီဂရီတခု ထားပြီး ပို့ပေးတယ်။ ဒီလကုန်ပြီးရင် ပို့ဖြစ်မယ် ထင်တယ်။ အနည်းဆုံးတော့ ၁၀ တန်လောက် ပို့နိုင်မယ်ထင်တယ်။ စာချုပ်တဲ့အခါ သူတို့လည်း မြန်မာနိုင်ငံ ရောက်လာတော့ ဒီက အခြေအနေသိသွားတော့ တန်ချိန် ဘယ်လောက်ရယ်လို့ မသတ်မှတ်တော့ဘဲ ထွက်သလောက် ယူမယ် ဖြစ်သွားတယ်။
မေး။ ။ ကိုးရီးယားကုမ္ပဏီနဲ့ က သရက်သီး တင်ပို့ဖို့ အဆက်အသွယ် ဘယ်လို ရခဲ့တာလဲ သိပါရစေ။
ဖြေ။ ။ အရင်နှစ် တွေက ကိုးရီးယားက ဗီယက်နမ်သရက်တွေ အများကြီး ဝယ်တယ်။ ဒါပေမယ့် ပြီးခဲ့နှစ်က ကိုးရီးယားမှာ သရက်ပြပွဲ လုပ်တော့ အန်တီတို့ သွားပြတယ်။ အဲဒီမှာ မြန်မာ ပြခန်းကို အရမ်း စိတ်ဝင်စားကြတယ်။ အဲဒီကနေ လိုက်လာကြတယ်။ သုံးဖွဲ့လောက် လိုက်လာတယ်။ စကားအဆင့်ဆင့် ပြောပြီးတော့ ဒီတဖွဲ့နဲ့မှ တည့်သွားတယ်။ မြန်မာ သရက်က အရည်အသွေး ကောင်းတဲ့အပြင် နိုင်ငံတကာ စံချိန်စံညွှန်းနဲ့ ညီတယ်လို့ ပြောလို့ရတဲ့ အနေအထားတခု ရှိတယ်။ နိုင်ငံခြားက အသီးတွေက ကောင်းပေမယ့် မြေသြဇာတွေ တအား သုံးတယ်။ သဘာဝ မဟုတ်တော့ သိပ်မကြိုက်ကြဘူး။ ဒါတောင် သူတို့က သရက်သီးကို အောဂဲနစ် ရမလား မေးတယ်။ အခု အနေအထားတိုင်း ကတော့ မရနိုင်ဘူး။ အောဂဲနစ်ဆိုရင် အသီးအထွက် ကျသွားမယ်။ ဒါပေမဲ့ ကျမတို့ ဆီက အောဂဲနစ် မဟုတ်ပေမယ့် ဓာတုဓာတ်ကြွင်း နည်းတယ်။
မေး။ ။ လက်ရှိမန္တလေး ဈေးကွက်ကနေ စိန်တလုံး သရက်သီးတွေကို ဘယ်နိုင်ငံတွေ ပို့နေပါသလဲ။
ဖြေ။ ။ စင်ကာပူ နဲ့ တရုတ် ကိုပို့တယ်။ ဒီနှစ်တော့ စင်ကာပူ မပို့ဖြစ်ဘူး။ ထပ်တိုးလာကတော့ ကိုးရီးယားပေါ့။ ဂျပန်၊ နယ်သာလန်က စိတ်ဝင်စားတာတော့ ရှိတယ်။
မေး။ ။ အဲဒီနိုင်ငံတွေအတွက် ဘယ်လိုသရက် အမျိုးအစားတွေကို အဓိကပို့ပေး ရတာပါလဲရှင်။
ဖြေ။ ။ အဓိကကတော့ စိန်တလုံးပေါ့။ အခု နောက်ပိုင်းမှာ ဟင်္သာ၊ ရင်ကွဲ၊ ပတ္တမြားငမောက်တို့လည်း ပို့ရပါတယ်။
မေး။ ။ မန္တလေးတိုင်း ထဲက ဘယ်ဒေသမှာ ထွက်တဲ့ စိန်တလုံး သရက်က အရည်အသွေး အကောင်းဆုံးလဲ ပြောပြပေးပါဦး။
ဖြေ။ ။ ပန်းလှောင်မြစ်ဝှမ်း ဒေသ တလျှောက်မှာ စိုက်တဲ့ စိန်တလုံးက အကောင်းဆုံးပဲ။ ကျောက်ဆည်၊ မြစ်သား၊ ဟန်မြင့်မိုရ်၊ စဉ့်ကိုင်၊ ဆည်ရွာက အကောင်းဆုံးပဲ။ မြစ်ဝှမ်းဒေသ ဖြစ်တဲ့အပြင် ရေမြေ ရာသီဥတုက မြေထဲမှာ ပါတဲ့ပစ္စည်းတွေက ဘာနဲ့မှ မတူတဲ့ အတွက် ဘာနဲ့မှ ယှဉ်လို့မရဘူး။ ဈေးလည်း သူက အကောင်းဆုံးပဲ။
မေး။ ။ စိန်တလုံးကို မြန်မာ သရက်သီး အဖြစ် မူပိုင်ခွင့် တင်နေတဲ့ကိစ္စ ဘယ်အဆင့်ထိ ရောက်သွားပြီလဲ။
ဖြေ။ ။ အခြေအနေက တော်တော်လေး ကောင်းနေတယ်။ ကိုးရီးယားအဖွဲ့နဲ့ ပြင်သစ်အဖွဲ့ ၂ ဖွဲ့က လုပ်ပေးနေတာ။ ကိုးရီးယား၊ မြန်မာ့စိုက်ပျိုးရေးဌာနရယ် ပေါင်းပြီး International Property (IP) အနေနဲ့ လုပ်ပေးနေတယ်။ စိန်တလုံး သရက်သီးဟာ Country of Origin က Myanmar အဖြစ် ရဖို့ အကူအညီ ပေးနေတယ်။ အဲဒါ နောက်ဆုံးအဆင့်တော့ ရောက်နေပြီ။ ပြင်သစ်အဖွဲ့နဲ့ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန ပူးပေါင်းပြီး လုပ်ပေးနေတာက Geographical Integration (GI) လုပ်ပေးနေတယ်။ ဥပမာ- မန္တလေးစိန်တလုံး မဟုတ်ဘဲ ဟန်မြင့်မိုရ်စိန်တလုံး ဆိုရင် သူ့ရဲ့အရည်အသွေးဟာ ဘယ်လိုရှိတယ်။ အချိုဓာတ်၊ အရသာက ဘယ်လိုဆိုတာမျိုး သူ့ရဲ့ အရည်အသွေး သတ်မှတ်ချက်ထဲဝင်ရင် GI ပေးမယ်။ နှစ်မျိုး၊ နှစ်ဖွဲ့ လုပ်ပေးနေတယ်။ ရှင်းအောင် ပြောရရင်တော့ စိန်တလုံး သရက်ဟာ မြန်မာက ဆိုပြီး Register တင်တာပါပဲ။ တရုတ်နဲ့ ယိုးဒယားကလဲ မျိုးယူပြီး စိန်တလုံး စိုက်နေကြတာလေ။ အဲဒါကြောင့် မူပိုင်ခွင့် တင်ရတာပါ။
မေး။ ။ တရုတ် ဈေးကွက်မှာရော သရက်ဈေးကွက်အခြေအနေ ဒီနှစ်ဘယ်လို ရှိပါသလဲ။
ဖြေ။ ။ ပစ္စည်းမရှိဘူး ဆိုရင် ဈေးခေါ်တယ်။ ဒီကတက်သွားရင် သူတို့က ဈေးဖြုတ်ကျတယ်။ အဲဒါကြောင့် အသင်း အနေနဲ့ စုပြီး တိုင်ပင်လိုက်တယ်။ တရုတ်ဘက်က ပေးတဲ့ ပေါက်ဈေး အတိုင်းကို သယ်ယူစရိတ် နုတ်ပြီး တောင်သူတွေဆီက ဖြတ်ဝယ်လိုက်တယ်။ အပေါ်ပို့မယ့်ဟာက နည်းသွားပြီ။ နည်းသွားရင် ဈေးကောင်း ပေးရမှာလေ။ အခု တရုတ်က အောက်ထိ ဆင်းလာဝယ်တဲ့ အဆင့် ရောက်သွားတယ်။ စင်ကာပူပို့တဲ့ ဈေးပေးပြီးတော့ ခြံထဲထိ ဆင်းဝယ်နေတာ။ စင်ကာပူဈေး ၁၂၀၀၀ လောက်ပေးရင် သူတို့က ၁၁၀၀၀ လောက် ပေးဝယ်နေတယ်။ အန်တီတို့က ဝမ်းသာတယ်။ အန်တီတို့လိုချင်တဲ့ ဈေးကွက်ရွေ့ချင်တဲ့ အနေအထား ရလာတယ်။ ပြီးခဲ့တဲ့နှစ်တွေတုန်းက တချို့တောင်သူတွေဆို မသိ နားမလည်လို့ ပို့လိုက်တယ်။ ဟိုက ဈေးချတော့ ရှုံးရော။ ဒီနှစ်တော့ သရက်သီးအဖွဲ့က လူနည်းနည်းညီတဲ့အတွက် သရက်သီးဈေးက ပြုတ်မကျဘူး။
မေး။ ။ အထွက်လည်း အရမ်းကျသွားတဲ့အတွက် ဒီနှစ်သရက် ဘယ်အချိန်လောက်တုံးမလဲ။
ဖြေ။ ။ ၁ လ၊ ၂ လလောက်နေရင် ကုန်ပြီ။ ဇူလိုင်ဆိုတာ အလွန်ဆုံးပဲရှိမယ်။ အခုတောင် တချို့နယ်တွေဘက်မှာ အသီးသိပ် မရှိတော့ဘူး။
မေး။ ။ ဒီနှစ်မှာ သရက်သီးက ရာသီဥတုဒဏ် အရမ်းခံလိုက်ရတော့ နောက်နှစ်အတွက် ဘာတွေပြင်ဆင်သွားမလဲ။
ဖြေ။ ။ အပင်တွေကို ရှင်သန်အောင် ပြန်လုပ်ရမှာပေါ့။ သဘာဝ ဘေးဒဏ်ကျတော့ ဘာမှ လုပ်လို့မရဘူးလေ။ မန္တလေးတိုင်းထဲမှာ လေကြောင့် သရက်တွေ သောင်းချီပြီး ပြုတ်တာ။
မေး။ ။ သရက်သီးဈေးကွက်နဲ့ ပတ်သက်ပြီး ဘာများ ဖြည့်စွက်ပြောချင်တာရှိပါသေးလဲ။
ဖြေ။ ။ သရက်ကို ပြည်ပပို့တိုင်း မြတ်တာ မဟုတ်ပါဘူး။ မြတ်လို့လုပ်နေတာထက် ကိုယ့်တိုင်းပြည်ထဲ ဈေးကွက် ရောက်လာအောင် လုပ်နေရတယ်။ ဒါတွေကို တောင်သူတွေလည်း သိစေချင်ပါတယ်။ အရင်တုန်းကဆို တရုတ်ဈေးကွက် တခုတည်းရှိတော့ ဈေးနှုန်း မတည်ငြိမ်ဘူးလေ။ တချိန်လုံး သူတို့လုပ်ချင်တာ လုပ်နေကြတာ။ အဲဒါကြောင့် ဈေးကောင်းရတာ မရတာတွေ တချိန်လုံး တောင်းဆိုနေတော့ အလုပ်မဖြစ်ဘူးလေ။ အလုပ်မဖြစ်ရင် တရုတ် ဈေးကွက်ချည်း ပို့နေရမှာ။ တရုတ် ဈေးကွက်ချည်းဆိုရင် ဈေးက တက်လိုက်ကျလိုက်နဲ့ ဈေးကွက်မငြိမ်သက်မှုတွေ တချိန်လုံး ဖြစ်နေရတယ်။ အဲဒါကြောင့် စုစုစည်းစည်း၊ ညီညီညွွတ်ညွတ် ရောင်းဝယ် ဖောက်ကားဖို့ လိုတယ်လို့ပဲ ပြောချင်ပါတယ်။