အမေရိကန် ရုပ်သံသတင်းဌာန တခုဖြစ်သော CNN နှင့် မြန်မာခရိုနီ စီးပွားရေးလုပ်ငန်းရှင် ဦးကျော်ဝင်း ပိုင်ဆိုင်သည့် ရုပ်သံကုမ္မဏီ SkyNet တို့၏ “သတင်းဆိုင်ရာ ဆက်သွယ်ပူးပေါင်းဆောင်ရွက်ရေးနှင့် အကြံဉာဏ်ရယူရေး သဘောတူညီချက်” လက်မှတ်ရေးထိုးပွဲကို မေလ ၆ ရက်နေ့က ရန်ကုန်မြို့ Sky Star ဟိုတယ်တွင် ပြုလုပ်ခဲ့သည်။
ယင်းကဲ့သို့ ပူးပေါင်းဆောင်ရွက်မှုသည် SkyNet မီဒီယာက ၂၀၁၆ ခုနှစ် မြန်မာ့နှစ်သစ်ကူး ကာလအတွင်း NLD အစိုးရ အရေးကြီးပုဂ္ဂိုလ်တဦး၏ ကိုယ်ရေးအရာရှိတဦးကို လာဘ်ပေးမှုတခုတွင် ပါဝင်ငြိစွန်းခဲ့သည်ဟု စွပ်စွဲခံရပြီး သိပ်မကြာခင်တွင် ဖြစ်မြောက်ခဲ့ခြင်းလည်း ဖြစ်သည်။
SkyNet သည် ဦးကျော်ဝင်း ပိုင်ဆိုင်သည့် ရွှေသံလွင်မီဒီယာ၏ လုပ်ငန်းတခု ဖြစ်ပြီး မြန်မာနိုင်ငံ၏ စစ်အစိုးရလက်ထက်နှင့် ပြီးခဲ့သည့် အစိုးရ လက်ထက်များတွင် အာဏာပိုင်များနှင့် ရင်းနှီးသော ဆက်ဆံရေးရှိခဲ့သူ တဦးလည်း ဖြစ်သည်။
သဘောတူညီမှုအရ SkyNet သည် သတင်းရယူ ထုတ်လုပ်ခြင်း၊ နည်းပညာဆိုင်ရာ လုပ်ငန်းဆောင်ရွက်ခြင်းများနှင့် ဝန်ထမ်းလေ့ကျင့်သင်ကြားရေးများကို CNN ၏ အကူအညီရယူပြီး ၂၄ နာရီ ပတ်လုံး မြန်မာဘာသာဖြင့် ထုတ်လွှင့်မည့် Channel One အမည်ရသော သတင်းရုပ်သံလိုင်းတခု လွှင့်တင်သွားမည် ဖြစ်ကြောင်း လက်မှတ်ရေးထိုးခြင်း အခမ်းအနားတွင် Skynet ၏ တရားဝင်ထုတ်ပြန်ချက်တွင် ဆိုထားသည်။
CNN အနေဖြင့် Channel One အတွက် သတင်းစာပညာနှင့် သက်ဆိုင်သော အကြံဉာဏ်များ ပေးခြင်း၊ ဝန်ထမ်များ အရည်အချင်း ပြည့်ရန် လေ့ကျင့်သင်ကြားပေးခြင်း၊ ရုပ်သံသတင်းများ ထုတ်လုပ်ခြင်းနှင့် နည်းပညာ ဆိုင်ရာ သင်တန်းများ ပေးသွားမည်ဖြစ်ကြောင်း အဆိုပါ ထုတ်ပြန်ချက်အရ သိရသည်။
ရွှေသံလွင်မီဒီယာကုမ္မဏီ၏ ဥက္ကဌ (President) ဒေါ်မြင့်မြင့်ဝင်းက ယခုကဲ့သို့ ပူးပေါင်းဆောင်ရွက်ခြင်းသည် Skynet ကုမ္မဏီ အတွက် သမိုင်းဝင် မှတ်တိုင် တခု ဖြစ်ကြောင်း ယင်းအခမ်းအနားတွင် ပြောကြားခဲ့သည်။
“CNN နဲ့ မိတ်ဖက်လုပ်လိုက်ခြင်းကြောင့် မြန်မာပြည်သူတွေကို အကောင်းဆုံးသော ပြည်တွင်းပြည်ပ သတင်းတွေနဲ့ ပထမတန်းစား ဝန်ဆောင်မှုတွေကို Channel One ကတဆင့် ပေးအပ်နိုင်တော့မှာ ဖြစ်ပါတယ်” ဟု ဒေါ်မြင့်မြင့်ဝင်းက ပြောကြားခဲ့သည်။
ရွေသံလွင်မီဒီယာကုမ္မဏီ၏ ဥက္ကဌ ဦးကျော်ဝင်းကလည်း “သူတို့ထက်သာပြီး သင်ယူရမယ့်သူ မရှိဘူးလို့ ထင်ပါတယ်”ဟု မှတ်ချက်ပြုခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။
CNN ၏ Content Sales and Partnerships ဒုတိယ ဥက္ကဌ Greg Beitchman က CNN ၏ သတင်းစာပညာ အဆင့်အတန်းအတိုင်း SkyNet က အောင်မြင်အောင် လုပ်ဆောင်နိုင်လိမ့်မည်ဟု ယုံကြည်မှု ရှိကြောင်း၊ ထပ်မံလွှင့်တင်မည့် ရုပ်သံလိုင်း အသစ်သည်လည်း မြန်မာပြည်တွင် အကောင်းဆုံးသော သတင်းအရည်အသွေးကို တင်ဆက်ပေးနိုင်အောင် ကူညီဖော်ဆောင်ပေးသွားမည် ဖြစ်ကြောင်း စသည်ဖြင့် ပြောကြားခဲ့သည်။
“ရုပ်သံလိုင်းတခု ထပ်ဖော်ဆောင်လိုက်ခြင်းက တိုင်းပြည်အတွက် အလွန်တရာမှ အကျိုးပြုပါလိမ့်မယ်။ ကျနော်တို့ရဲ့ သတင်းစာပညာ စံချိန် စံနှုန်းတွေနဲ့ တန်ဖိုးတွေကို မြန်မာနိုင်ငံမှာ ပြန်လည်မျှဝေခြင်းဖြင့် မြန်မာနိုင်ငံရဲ့ နိုင်ငံရေးကိုသာမက စီးပွားရေးကိုပါ အကျိုးဖြစ်ထွန်းစေနိုင်မယ့် နိုင်ငံရေး အငြင်းအခုံဇာတ်ခုံ နမူနာတခုအဖြစ် ပံ့ပိုးပေးနိုင်ပါလိမ့်မယ်” လို့ ဒုတိယ ဥက္ကဌ Greg Beitchman က ပြောကြားခဲ့ပါတယ်။
ရွှေသံလွင် မီဒီယာကုမ္မဏီမှ အမှုဆောင်အရာရှိချုပ် ဦးကိုကိုက ထွက်ပေါ်လာမည့် ရုပ်သံလိုင်းအသစ်တခုသည် CNN ၏ ရင်းနှီးမြှုပ်နှံမှုတခု မဟုတ်ဘဲ CNN က ၎င်းတို့၏ သတင်းစာပညာ စံချိန်စံနှုန်းများကို လေ့လာသင်ယူပြီး လက်တွေ့ဖော်ဆောင်နိုင်ရန် အင်အားဖြည့်ပေးခြင်း ဖြစ်သည်ဟု ဧရာဝတီသို့ ပြောသည်။
ဝန်ထမ်းခန့်အပ်ခြင်းများ၊ လေ့ကျင့်သင်ကြားမှုများကို အရင်ဦးဆုံး ဆောင်ရွက်ပြီး ရုပ်သံလိုင်းကို မည်သည့်နေ့တွင် စတင်ထုတ်လွှင့်မည်ကိုမူ ၎င်းအနေဖြင့် အတည်မပြုပေးနိုင်ကြောင်း ဆိုသည်။
“ကျနော်တို့နဲ့ မဆိုင်ဘူး၊ သူတို့နဲ့ ဆိုင်တယ်။ သူတို့က အိုကေ လွှင့်လို့ရပြီဆိုမှ လွှင့်လို့ရမှာပေါ့” ဟု ဦးကိုကိုက ပြောသည်။
CNN နှင့် SkyNet အကြား အဆိုပါ သဘောတူညီချက်သည် multi-year သဘောတူညီမှု ဖြစ်သော်လည်း နှစ်စဉ် အသစ်ပြန်လည် ချုပ်ဆိုရမည်ဖြစ်ကြောင်း ဦးကိုကိုကပြောသည်။
ပုဂ္ဂလိက ရုပ်သံလိုင်းတခုဖြစ်သော SkyNet သည် မြန်မာနှစ်သစ် သင်္ကြန်ပွဲတော်ကာလအတွင်း အာဏာရ NLD အစိုးရ၏ အမည်မဖော်လိုသော အရေးကြီးပုဂ္ဂိုလ်၏ ကိုယ်ရေးအရာရှိအား သိန်း ၅၀ ပေး၍ လာဘ်ထိုးမှု ရှိခဲ့သည်ဆိုသော မကောင်းသတင်းတခု ပျံနှံ့ခဲ့သည်။
ပြီးခဲ့သည့်လက သမ္မတရုံး ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် မည်သည့် မီဒီယာကုမ္မဏီ ဖြစ်သည်ကို အမည်ဖြင့် အတိအကျ မဖော်ပြခဲ့သော်လည်း နှစ်သစ်သင်္ကြန်ပွဲတော်တွင် နေပြည်တော်၌ မဏ္ဍပ်တည်ဆောက်ကာ ပါဝင်ဆင်နွှဲခဲ့သော မီဒီယာ ကုမ္မဏီတခု ဟု ရည်ညွှန်းဖော်ပြခဲ့သည်။ SkyNet ကုမ္မဏီသည် ၂၀၁၆ခုနှစ် နှစ်သစ်သင်္ကြန်ကာလအတွင်း နေပြည်တော်တွင် မဏ္ဍပ်ထိုးသည့် တခုတည်းသော ကုမ္မဏီဖြစ်ခဲ့သည်။
အဆိုပါ လာဘ်ပေးမှုမှာ ငွေပမာဏအားဖြင့် နည်းပါးသည်ဟု ဆိုနိုင်သော်လည်း မြန်မာနိုင်ငံတွင် ကြီးမားသည့် ပြဿနာတခုဖြစ်သည့် အကျင့်ပျက်ချစားမှုကို တိုက်ဖျက်ရန် ကတိပြုထားသော NLD အစိုးရအတွက် အထင်ကရ လုပ်ရပ်တခုအဖြစ် ချီးမွမ်းခြင်း ခံခဲ့ရသည်။ ယင်းကိစ္စကို သမ္မတရုံးက ထုတ်ဖော် ကြေငြာပြီးနောက် အဆိုပါ ငွေသားများကို လှုမှုရေးလုပ်ငန်းများ ဆောင်ရွက်ရန် လှူဒါန်းသွားမည် ဖြစ်ကြောင်းလည်း ထုတ်ပြန်ခဲ့သည်။