တရုတ်နိုင်ငံက နိုင်ငံခြားတွင် အလုပ်လုပ်နေသော ၎င်းတို့၏ ကုမ္ပဏီများအနေဖြင့် သက်ဆိုင်ရာဒေသမှ ဥပဒေများကို လေးစားရန် အမြဲမပြတ် ပြောဆိုခဲ့ကြောင်း တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနက မေလ ၉ ရက်နေ့တွင် ပြောကြား လိုက်သည်။ လက်ပံတောင်း ကြေးနီ စီမံကိန်းတွင် လုပ်ငန်းပြန်လည် စတင်ခြင်းကို မြန်မာနိုင်ငံမှ ကျေးလက်ပြည်သူ ထောင်ပေါင်းများစွာက ဆန့်ကျင် ဆန္ဒပြခဲ့ ကြပြီးနောက် ထိုသို့ပြောကြားခဲ့ခြင်း ဖြစ်သည်။
ပြီးခဲ့သည့် မေလ ၄ ရက်မှ စတင်၍ ဆန္ဒပြပွဲများ အရှိန်မြင့်တက်လာခဲ့ပြီး တချို့က မြန်မာဝမ်ပေါင် ကုမ္ပဏီ၏ ကြေးနီသတ္တုတွင်းကို ကာကွယ်ပေးထားသည့် ရဲတပ်ဖွဲ့၏ အတားအဆီးများကို ဖျက်ဆီးဝင်ရောက်ခဲ့ကြသည်။ မြန်မာ ဝမ်ပေါင်သည် တရုတ် လက်နက်ထုတ်လုပ်ရေး လုပ်ငန်းတခု၏ ကုမ္ပဏီခွဲတခု ဖြစ်သည်။ ယခု ဖြစ်ရပ်သည် ပြည်သူ လူထု၏ အမျက်ဒေါသကို ကိုင်တွယ်ဖြေရှင်းရေးတွင် အစိုးရသစ်အတွက် စမ်းသပ်ချက်များထဲမှ တခုဖြစ်လာသည်။
မြန်မာ ဝမ်ပေါင်က လက်ပံတောင်း ကြေးနီတွင်းကို စစ်တပ်က ထိန်းချုပ်ထားသည့် လုပ်ငန်းစုကြီး တခုဖြစ်သော မြန်မာ့ စီးပွားရေး ဦးပိုင်လီမီတက် နှင့် ဖက်စပ်လုပ်ကိုင်နေခြင်း ဖြစ်သည်။ ကြေးနီတွင်း တိုးချဲ့ ရန်အတွက် ၎င်းတို့၏ လယ်မြေများကို မတရား သိမ်းယူခံခဲ့ရသည်ဟု ကျေးလက်နေ ဒေသခံများက ပြောကြသည်။
ဆန္ဒပြမှုများနှင့် ပတ်သက်၍ မေးမြန်းသည့်အခါ တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန၏ ပြောရေးဆိုခွင့် ရှိသူ Lu Kang က တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံတို့သည် ၂ နိုင်ငံ အကျိုးစီးပွားအတွက် ပူးပေါင်းဆောင်ရွက်ခဲ့ကြသည့် အစဉ်အလာ ရှိသော မိတ်ဆွေများ ဖြစ်ကြသည်ဟု ပြောသည်။
“နိုင်ငံရပ်ခြားမှာ ရင်းနှီးမြှုပ်နှံနေတဲ့ တရုတ်ကုမ္ပဏီတွေ အနေနဲ့ အိမ်ရှင်နိုင်ငံရဲ့ ဥပဒေတွေကို လိုက်နာဖို့၊ တာဝန်ကျေပွန်ဖို့၊ သဘာ၀ ပတ်ဝန်းကျင် ထိန်းသိမ်း ကာကွယ်ရေးအပေါ် အလေးပေးတာ အပါအဝင် လူ့အဖွဲ့အစည်း အပေါ် တာဝန် ရှိတာတွေကို ဖြည့်ဆည်းပေးဖို့ တရုတ်အစိုးရက အမြဲမပြတ် တောင်းဆိုခဲ့ပါတယ်” ဟု Lu Kang က ဘေဂျင်းမြို့တွင် ပြုလုပ်သည့် ပုံမှန် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
“၂ ဦး ၂ ဘက် အကျိုးရှိစေမယ့် ပူးပေါင်းဆောင်ရွက်နေတဲ့ စီမံကိန်းတွေကို စနစ်တကျ အကောင်အထည်ဖော်ဖို့၊ ဒေသခံ ပြည်သူတွေရဲ့ လူမှုစီးပွား တိုးတက်ရေးကို မြှင့်တင်ဖို့၊ ၂ နိုင်ငံလုံးက ပြည်သူတွေ ပိုပြီး အကျိုးကျေးဇူး ရရှိနိုင်စေဖို့ တရုတ် နိုင်ငံက မြန်မာနိုင်ငံနဲ့ အတူ ပူးပေါင်းဆောင်ရွက်ဖို့ တရုတ်နိုင်ငံက ဆန္ဒရှိနေပါတယ်” ဟု သူက ထပ်ပြောသည်။
ပြီးခဲ့သည့် လအတွင်းက မြန်မာနိုင်ငံသို့ လာရောက် လည်ပတ်ခဲ့သော တရုတ်နိုင်ငံခြားရေး ဝန်ကြီး Wang Yi က မြန်မာနိုင်ငံ နှင့် တရုတ်နိုင်ငံကြားမှ စီးပွားရေးအရ သဘောထား ကွဲလွဲမှုများကို ရင်းနှီးခင်မင်စွာ ဆွေးနွေးခြင်းအားဖြင့် ဖြေရှင်းနိုင်မည်ဟု တရုတ်နိုင်ငံက ယုံကြည်ထားကြောင်း ပြောကြားခဲ့သည်။
ရပ်တန့်ထားသည့် အမေရိကန် ဒေါ်လာ ၃ ဒသမ ၆ ဘီလီယံတန် ကြေးရှိသည့် ရေကာတာ စီမံကိန်းတခုကို ပြန်လည်စတင်ရန် တရုတ်နိုင်ငံက ဖိအားပေးလျှက်ရှိသည်။
၎င်းစီမံကိန်းကို ၂ ဘက်လုံး အကျိုးရှိသည့် ပူးပေါင်းဆောင်ရွက်မှု ရှိရန် ဆက်လက် လုပ်ဆောင်နိုင်မည်ဟု တရုတ်နိုင်ငံက ယုံကြည်ထားကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ Lu Kang ကပြောသည်။
၂၀၁၂ နှင့် ၂၀၁၃ ခုနှစ်များတွင် လက်ပံတောင်း ကြေးနီသတ္တုတွင်းကို ဆန့်ကျင်ဆန္ဒပြပွဲများ ဖြစ်ပွားခဲ့ပြီး သပိတ်စခန်း တခုကို ရဲတပ်ဖွဲ့က ဝင်ရောက်စီးနင်းရာတွင် လူ ၁၀၀ ကျော် ဒဏ်ရာရှိခဲ့ပြီးနောက် ထိုစဉ်က အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် စုံစမ်းစစ်ဆေးရေး ကော်မရှင်က စစ်ဆေးမှုများ ပြုလုပ်ခဲ့ကာ ဒေသခံများကို နစ်နာကြေး ပေးရန်နှင့် သဘာဝပတ်ဝန်းကျင် ထိခိုက်နစ်နာမှုများကို လျှော့ချရန် အကြံပြုခဲ့သည်။
မန္တလေးမြို့နှင့် မိုင် ၆၀ ခန့် အကွာတွင် ရှိသော လက်ပံတောင်း ကြေးနီတွင်းမှ လုပ်ငန်းများကို ၂၀၁၂ နှင့်၂၀၁၃ ခုနှစ် ဆန္ဒပြပွဲများ နောက်ပိုင်းတွင် ရပ်ဆိုင်းထားခဲ့သည်။ သတ္တုတွင်း၏ သက်ရောက်မှုများကို လျှော့ချရန် နှင့် ဒေသခံပြည်သူ တို့၏ လူနေမှုဘဝကို တိုးတက်စေရန် ၎င်းတို့ လုပ်ဆောင်နိုင်ကြောင်း ပြသရန် မြန်မာဝမ်ပေါင် ကုမ္ပဏီက လတ်တလောတွင် အားထုတ်လာခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အစိုးရ တာဝန်ယူလာသည့် ဧပြီလ နောက်ပိုင်းတွင် တရုတ်နိုင်ငံက ၎င်းတို့၏ စီးပွားရေး အကျိုးအမြတ်များ ခိုင်မာရေးအတွက် အင်တိုက်အားတိုက် ဆောင်ရွက်မှုများ ပြုလုပ်ခဲ့သည်။
၂၀၁၂ ခုနှစ်တွင် ရဲအဖွဲ့က လက်ပံတောင်း စီမံကိန်း ဆန့်ကျင် ဆန္ဒပြသူများကို မီးစုန်းပါဝင်သည့် ဗုံးဖြင့် ပစ်ပေါက်ခဲ့သည့် အတွက် သံဃာတော်များ အပါအဝင် မီးလောင်ဒဏ်ရာ ကြီးမားစွာရသူ အများအပြားရှိခဲ့သည်။ ၂၀၁၄ ခုနှစ်ကလည်း ရဲအဖွဲ့၏ ပစ်ခတ်မှုကြောင့် ဆန္ဒ ပြသူတဦး သေဆုံးခဲ့ရသည်။
Reuters တွင် ဖော်ပြထားသော After Burma Protests, China Says Companies Should Respect Laws ကို ဘာသာပြန်ဆိုသည်။