၂၀၁၆ ခုနှစ် ဇွန်လ ၁ ရက်နေ့မှစ၍ ပြည်ပမှ တင်သွင်းလာသော မော်တော်ယာဉ်များအားလုံးအတွက် ဝင်ငွေခွန် တိုးမြှင့် ကောက်ခံမည်ဖြစ်ပြီး ယင်းသို့ အခွန်တိုးမြှင့်ကောက်ခံမှုကြောင့် ကား ဈေးနှုန်းများ အမြင့်ပိုင်းသို့ ဦးတည် နေကြောင်း မော်တော်ယာဉ်ရောင်းဝယ်ရေး လုပ်ငန်းရှင်များက ဆိုသည်။
ပြည်တွင်းအခွန်များဦးစီးဌာနက မေလ ၁၂ ရက်နေ့စွဲဖြင့် ပြည်ပမှ တင်သွင်းလာသော ကားများ အခွန်ကောက်ခံမှု ဆိုင်ရာ အသိပေးကြေညာချက် တစောင် ထုတ်ပြန်ခဲ့ပြီး ယင်းကြေညာချက်တွင် နိုင်ငံအတွင်း ရေကြောင်းခရီးဖြင့် တင်သွင်းလာသော ကားများ၏ ကုန်းပေါ်ရောက်တန်ဖိုးအပေါ် မူတည်၍ ပြည်ထောင်စု အခွန်ကောက်ဥပဒေအရ အခွန်ကောက်ခံမည်ဖြစ်ကြောင်း၊ ကုန်းပေါ်ရောက်တန်ဖိုးတွင် အကောက်ခွန်စည်းကြပ်တန်ဖိုး၊ အကောက်ခွန်၊ အထူးကုန်စည်ဖြစ်လျှင် ကျသင့် အထူးကုန်စည်ခွန်၊ ကုန်သွယ်လုပ်ငန်းခွန်များ ပါဝင်ကြောင်း၊ ကားတင်သွင်းမှုအတွက် ဝင်ငွေခွန် ကောက်ခံရာတွင် ငွေကျပ် သိန်း ၃၀၀ အထိ ၁၅ ရာခိုင်နှုန်း၊ သိန်း ၃၀၀ မှ သိန်း ၁၀၀၀ အထိ ၂၀ ရာခိုင်နှုန်း၊ သိန်း ၁၀၀၀ အထက်လျှင် ၃၀ ရာခိုင်နှုန်း ကောက်ခံမည်ဖြစ်ကြောင်း ပြည်တွင်း အခွန်များဦးစီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ဝင်ငွေခွန်ဆောင်ပြီးပါက မော်တော်ယာဉ်မှတ်ပုံတင်ခအပါအဝင် အခွန်အခများကို သတ်မှတ်ချက်အတိုင်း ထပ်မံ ပေးဆောင်ရမည်ဖြစ်ကြောင်း သိရှိရသည်။
“အခုကတော့ ဥပဒေစည်းမျဉ်းစည်းကမ်းအတိုင်း အခွန်ကောက်တာပေါ့။ အခွန်ရာခိုင်နှုန်းတက်သွားတဲ့အတွက် ကားဈေးလည်း တက်မှာပေါ့။ အရောင်းအဝယ်ကတော့ ဘယ်လိုဖြစ်မလဲ။ တင်သွင်းမှု အခြေအနေ ဘယ်လိုဖြစ် မလဲ ဆိုတာက စောင့်ကြည့်ရမှာပါ” ဟု မော်တော်ယာဉ်ရောင်းဝယ်ရေး လုပ်ငန်းရှင် ဒေါက်တာစိုးထွန်းက ပြောသည်။
ပြည်တွင်း မော်တော်ယာဉ်တင်သွင်းသည့် လုပ်ငန်းရှင် တဦးကလည်း ယခုကဲ့သို့ အခွန်တိုးမြှင့်ကောက်ခံခြင်း သည် အခွန်ဆောင်မှု အလေ့အထ ကျင့်သားမရှိသေးသည့် မြန်မာလူမှုအသိုင်းအဝိုင်း အစပိုင်းတွင် ခက်ခဲ နိုင်သော်လည်း နောက်ပိုင်းတွင် အလေ့အကျင့် ဖြစ်နိုင်ကြောင်း၊ သို့ရာတွင် အခွန်ကောက်ခံမှုနှင့်အတူ တည်ငြိမ် သော မော်တော်ယာဉ်မူဝါဒ လိုအပ်ကြောင်း၊ ယခင်အစိုးရလက်ထက် ကားတင်သွင်းမှုအတွက် ပါကင်ထောက်ခံချက် တောင်းခံခဲ့ခြင်း ကဲ့သို့သော မလိုလားအပ်သော အဆင့်များစွာထားရှိခြင်း၊ လုပ်ထုံးလုပ်နည်းများ ခက်ခဲအောင် ပြုလုပ်ထားခြင်းတို့ကိုလည်း အစိုးရအနေဖြင့် ပြန်လည် သုံးသပ်ရမည်ဟု ဆိုသည်။
“ကားတင်သွင်းမှုအတွက် အခွန်ကောက်တယ်။ ကောက်ပါ။ နိုင်ငံတကာမှာလည်း ကောက်ကြတာပဲ။ ဒါပေမယ့် ကားမူဝါဒ ငြိမ်ဖို့လိုတယ်။ ဘယ်လိုမူဝါဒနဲ့ လုပ်မယ်ဆိုတာ ချပြရမယ်။ နောက်တခုက ခက်ခဲအောင် လုပ်နေတဲ့ ကိစ္စတွေရှိတယ်။ လိုင်စင် ခက်ခဲအောင်လုပ်တယ်၊ ပိတ်တယ်။ ကားပါကင် ထောက်ခံချက်တွေ တောင်းခဲ့တဲ့ ပုံစံလိုမျိုး မလိုလားအပ်တဲ့ အဆင့်တွေကို ဖြုတ်ပေးပါ။ ကျနော်တို့ အခွန်ဆောင်မယ်။ အစိုးရက အခွန်ကောက်ပါ။ ဒါပေမယ့် ကားတင်သွင်းမှုကစလို့ နောက်ဆုံး လမ်းပေါ်မှာ လိုင်စင်နဲ့ ကားမောင်းနိုင်တဲ့အချိန်အထိ မလိုလား အပ်တဲ့ လုပ်ထုံးလုပ်နည်း အတားအဆီးတွေ အကုန် ဖြုတ်ပေးပါ။ အခွန်ဆောင်တဲ့နိုင်ငံသားတိုင်း အတွက် လွယ်ကူတဲ့ လုပ်ထုံးလုပ်နည်းတွေ လုပ်ပေးပါ” ဟု အဆိုပါ လုပ်ငန်းရှင်က ပြောဆိုသည်။
စစ်အစိုးရလက်ထက်က ကားတင်သွင်းမှုများကို စစ်ဗိုလ်ချုပ်ကြီးများနှင့် ခရိုနီလုပ်ငန်းရှင်ကြီးများကသာ လက်ဝါးကြီးအုပ်ခဲ့ပြီး ကားတင်သွင်းလိုင်စင်များ၏ ဈေးနှုန်းသည် ငွေကျပ် သိန်းထောင်ချီ တန်ဖိုးပေါက်ခဲ့ကြောင်း၊ သမ္မတဦးသိန်းစိန်အစိုးရလက်ထက်တွင် အသက် ၁၈ ပြည့်နှစ်ပြည့်ပြီးသူတိုင်းကို ကားတင်သွင်းခွင့်ပြု၊ ယာဉ်အို ယာဉ်ဟောင်းများကို လဲလှယ်ခွင့်ပြုခြင်းများ ဆောင်ရွက်ပေးခဲ့ခြင်း အပါအဝင် မော်တော်ယာဉ်မူဝါဒတချို့ကို အပြောင်းအလဲ ပြုလုပ်ခဲ့သည်။