ပြည်တွင်းအခွန်များဦးစီးဌာနက မေလ ၁၂ ရက်နေ့တွင် ပြည်ပမှ တင်သွင်းလာသော ကားများအားလုံး ဇွန်လ ၁ ရက်နေ့မှစ၍ ဝင်ငွေခွန်များ တိုးမြှင့်ကောက်ခံမည်ဖြစ်ကြောင်း တရားဝင်သတင်းထုတ်ပြန်ပြီးနောက် ဈေးကွက်အတွင်းတွင် ကားဈေးနှုန်းများ မြင့်တက်သွားကြောင်း သိရှိရသည်။
ပြည်တွင်းအခွန်များဦးစီးဌာနက မေလ ၁၂ ရက်နေ့စွဲဖြင့် ပြည်ပမှ တင်သွင်းလာသော ကားများ အခွန်ကောက်ခံမှု ဆိုင်ရာ အသိပေးကြေညာချက် တစောင် ထုတ်ပြန်ခဲ့ပြီး ယင်းကြေညာချက်တွင် နိုင်ငံအတွင်း ရေကြောင်းခရီးဖြင့် တင်သွင်း လာသော ကားများ၏ ကုန်းပေါ်ရောက်တန်ဖိုးအပေါ် မူတည်၍ ပြည်ထောင်စု အခွန်ကောက်ဥပဒေအရ အခွန်ကောက်ခံ မည်ဖြစ်ကြောင်း၊ ကုန်းပေါ်ရောက်တန်ဖိုးတွင် အကောက်ခွန်စည်းကြပ်တန်ဖိုး၊ အကောက်ခွန်၊ အထူးကုန်စည်ဖြစ်လျှင် ကျသင့် အထူးကုန်စည်ခွန်၊ ကုန်သွယ်လုပ်ငန်းခွန်များ ပါဝင်ကြောင်း၊ ကားတင်သွင်းမှုအတွက် ဝင်ငွေခွန် ကောက်ခံရာတွင် ငွေကျပ် သိန်း ၃၀၀ အထိ ၁၅ ရာခိုင်နှုန်း၊ သိန်း ၃၀၀ မှ သိန်း ၁၀၀၀ အထိ ၂၀ ရာခိုင်နှုန်း၊ သိန်း ၁၀၀၀ အထက်လျှင် ၃၀ ရာခိုင်နှုန်း ကောက်ခံမည်ဖြစ်ကြောင်း ပြည်တွင်း အခွန်များဦးစီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
လက်ရှိဈေးကွက်တွင် အိမ်စီးကား( အနက်) ဈေးနှုန်းများသည် ၁၀ သိန်းခန့်မြင့်တက်သွားပြီး ဈေးကွက်တွင် အငှားကား (အနီ) ဈေးနှုန်းများမှာ ကျပ် သိန်း ၂၀ ခန့်အထိ မြင့်တက်သွားကြောင်း သီရိမင်္ဂလာမော်တော်ယာဉ် ရောင်းဝယ်ရေးစခန်းမှ စုံစမ်းသိရှိရသည်။
“ကားဈေးကတော့ တက်ကုန်ကြပြီ အနိမ့်ဆုံး ၁၀ သိန်းလောက်တက်တယ်။ အဲဒါက နံပါတ်အနက် အိမ်စီးကားတွေပေါ့။ လုပ်ငန်းသုံးကားဖြစ်တဲ့ အငှားကားတွေကတော့ ပိုပြီးတော့ တက်နေတယ်။ အရင်က သိန်း ၇၀ ကျော်လောက်ပဲရှိတဲ့ ကားတွေ က အခု သိန်း ၈၀ ၊ သိန်း ၉၀ ခေါ်လာကြတယ်။ အနီလိုင်စင်ကလည်း ပိတ်ထားတော့ ဈေးတွေ ဇွတ်ကို တက်ကုန်တာ”ဟု ဟံသာဝတီကားပွဲစားတန်းမှ ကားဝယ်ရောင်းအကျိုးဆောင်တဦးဖြစ်သူ ဦးကျော်သူရက ပြောသည်။
ဈေးကွက်တွင် ၂၀၁၀ Hijet၊ Manual ရန်ကုန်လိုင်စင်ကားတစီးကို ငွေကျပ် ၈၁သိန်း၊ Probox ၂၀၀၉ မော်ဒယ် ၁ ဒသမ ၃လီတာ DXမော်ဒယ်(ယာယီ)ကို ၁၂၁သိန်းဈေးပေါက်နေပြီး ယာဉ်အိုယာဉ်ဟောင်း စလစ် တစောင်လျှင် ၈၅သိန်း ဈေးပေါက်နေကြောင်း၊ အခြားသော မော်ဒယ်မြင့် ဇိမ်ခံကားအများစုမှာလည်း ဈေးနှုန်း သိန်း ၂၀ အသီးသီးမြင့်တက်သွား ကြကြောင်း စုံစမ်းသိရှိရသည်။
မော်တော်ယာဉ်ဝယ်ရောင်းအကျိုးဆောင်အများစုကမူ လာမည့် ဇွန်လ ၁ ရက်နေ့ဆိုလျှင် ကားဈေးနှုန်းများ ပိုမိုမြင့် တက်နိုင်ပြီး အရောင်းအဝယ် အေးစက်နိုင်ဖွယ်ရှိနေကြောင်း ခန့်မှန်းပြောဆိုကြသည်။