အမေရိကန်ပြည်ထောင်စုက မြန်မာအစိုးရပိုင် စီးပွားရေးလုပ်ငန်းဌာန ၇ ခုနှင့် အစိုးရဘဏ် ၃ ခုကို စီးပွားရေး ပိတ်ဆို့် အရေးယူထားမှုကို ဖြေလေ ျှာ့ပေးလိုက်ပြီး တပ်မတော်ပိုင် ဘဏ် ၂ ခုကို မူလပိတ်ဆို့ခံ စာရင်းမှ ကန့်သတ် အထွေထွေလုပ်ငန်းလိုင်စင် စာရင်း ထည့်သွင်းခြင်းဖြင့် ဖြေလေ ျှာ့မှုများ လုပ်ဆောင် လိုက်ကြောင်း သိရှိရသည်။
အမေရိကန်ပြည်ထောင်စု ဘဏ္ဍာရေးဝန်ကြီးဌာနလက်အောက်ရှိ OFAC ခေါ် နိုင်ငံရပ်ခြားပိုင်ဆိုင်မှုများ ထိန်းချုပ် ရေး ရုံးအဖွဲ့က မေလ ၁၇ ရက်နေ့ စွဲဖြင့် ကြေညာချက် တစောင် ထုတ်ပြန်ခဲ့ပြီး ယင်းကြေညာချက်တွင် မြန်မာ နိုင်ငံ နှင့် ကုန်သွယ်မှုများတိုးမြှင့်ရေး၊ မြန်မာနိုင်ငံအတွင်း ကုန်စည် စီးဆင်းဖြန့်ဝေမှု အဆင်ပြေနိုင်စေရေး၊ မြန်မာ နိုင်ငံအတွင်း နေထိုင်သည့် အမေရိကန် နိုင်ငံသားများ ငွေကြေးလွဲပြောင်းမှုများ လုပ်ဆောင်နိုင်ရေးအပြင် မူလ ပိတ်ဆို့ဒဏ်ခတ်မှုစာရင်းတွင် ပါဝင်နေသည့် ဘဏ္ဍာရေးဌာနများနှင့် ပတ်သက်သော ငွေအလွှဲ အပြောင်း ကိစ္စ အများစုကို ခွင့်ပြုနိုင်ရေး စသည်တို့အတွက် ပြင်ဆင်မွမ်းမံမှုများ ပြုလုပ်ခဲ့ကြောင်း ဖော်ပြ ထားသည်။
မြန်မာနိုင်ငံ အစိုးရပိုင် စီးပွားလုပ်ငန်းဌာန ၇ ခုနှင့် အစိုးရဘဏ် ၃ ခုကိုပါ SDN ပိတ်ဆို့အရေးယူခံ အမည် စာရင်း မှ ပယ်ဖျက်ပေးလိုက်ကြောင်း၊ ယခု ပယ်ဖျက်ပေးမှုနှင့်အတူ မူလ ကန့်သတ် ပိတ်ဆို့မှုတွင် ပါဝင်နေသည့် ဘဏ္ဍာရေး ဌာနများမှ ငွေကြေးအလွှဲအပြောင်း လုပ်ငန်းအများစုကိုလည်း ခွင့်ပြုပေးလိုက်ပြီ ဖြစ်သည့်အတွက် မြန်မာနိုင်ငံတွင် OFAC ၏ ကန့်သတ်ချက်ထားရှိသည့် ဘဏ်အနည်းငယ်သာ ကျန်ရစ်တော့မည် ဖြစ်ကြောင်း သိရှိရသည်။
မြန်မာနိုင်ငံ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုများ ပိုမို တိုးတက် ပေါ်ထွန်းလာစေရေး အားပေးနိုင်ရန်အပြင် လက်ရှိ ပိတ်ဆို့ ဒဏ်ခတ်ခံထားရဆဲဖြစ်သည့် လူပုဂ္ဂိုလ်များ၊ လုပ်ငန်းများနှင့် စစ်တပ်ကို ဆက်လက် တွန်းအားပေးနိုင်ရေး ရည်ရွယ်သည့် အနေဖြင့် ပိတ်ဆို့ ဒဏ်ခတ်မှုတချို့ ဆက်လက် ထားရှိဖြစ်ကြောင်း၊ မူလကတည်းက ဒဏ်ခတ် ထားသည့် ကုမ္ပဏီများအပြင် နောက်ထပ် ကုမ္ပဏီ ၆ ခုကိုလည်း SDN စာရင်းတွင် ထပ်မံ တိုးချဲ့လိုက်ကြောင်း၊ ၎င်းတို့မှာ စတီဗင်လော(ခေါ်) ဦးထွန်းမြင့်နိုင်နှင့် Asia World ကုမ္ပဏီက ၅၀% နှင့်အထက် ပိုင်ဆိုင်မှု ရှိသည့် ကုမ္ပဏီ ၆ ခု ဖြစ်ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။
“မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့နှစ် အတွင်း သမိုင်းဝင် ရွေးကောက်ပွဲနဲ့ အတူ ဒီမိုကရေစီ နည်းလမ်းကျ အစိုးရ အဖွဲ့ တခု အဖြစ် ငြိမ်းချမ်းစွာ ပြုပြင်ပြောင်းလဲနိုင်ခဲ့ပြီး ဖြစ်ပါတယ်။ အခု ကျနော်တို့ရဲ့ ဆောင်ရွက်ချက်တွေဟာ မြန်မာ နိုင်ငံရဲ့ နိုင်ငံရေး၊ စီးပွားရေး တိုးတက်မှုတွေကို အခိုင်အမာ အထောက်အခံ ပေးမယ့်အပြင် မြန်မာနိုင်ငံထဲမှာ ရှိနေတဲ့ ပိတ်ဆို့ အရေးယူခံနေရတဲ့ လုပ်ငန်းနဲ့ လူပုဂ္ဂိုလ်တွေကို ကျင့်ဝတ်နဲ့ လုပ်ကိုင်မှု နည်းလမ်းများ ပြောင်း လာစေရေး ဆက်ပြီး ဖိအားပေးဖို့လည်း ရည်ရွယ်ထားတာ ဖြစ်ပါတယ်” ဟု အမေရိကန် ပြည်ထောင်စု ဘဏ္ဍာရေး နှင့် အကြမ်းဖက် လုပ်ငန်းများ ဆိုင်ရာ ထောက်လှမ်းရေး အဖွဲ့ ယာယီ လက်ထောက်ဝန်ကြီး Adam J Szubin က ပြောသည်။
စီးပွားရေးပိတ်ဆို့မှု ပယ်ဖျက်ပေးလိုက်သော အစိုးရပိုင် လုပ်ငန်းဌာနကြီးများမှာ မြန်မာ့ သစ်လုပ်ငန်း၊ မြန်မာ့ ပုလဲလုပ်ငန်း၊ မြန်မာ့ ကျောက်မျက်ရတနာ လုပ်ငန်း၊ အမှတ် (၁) သတ္တုတွင်း လုပ်ငန်း၊ အမှတ် (၂) သတ္တုတွင်း လုပ်ငန်း၊ အမှတ် (၃) သတ္တုတွင်း လုပ်ငန်း၊ သမဝါယမ ပို့ကုန် သွင်းကုန် လုပ်ငန်းတို့ဖြစ်ပြီး အစိုးရဘဏ် ၃ ခုမှာ မြန်မာ့စီးပွားရေးဘဏ် (MEB)၊ မြန်မာ့နိုင်ငံခြား ကုန်သွယ်မှုဘဏ် (MFTB)၊ မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်း ရောင်း ဝယ်ရေး ဘဏ် (MICB)တို့ဖြစ်ကြောင်း သိရှိရသည်။
စီးပွားရေးပိတ်ဆို့မှုတွင် ထပ်မံ ထည့်သွင်းလိုက်သော ကုမ္ဗဏီများမှာ ဦးထွန်းမြင့်နိုင်(ခေါ်) စတီဗင်လောနှင့် အေးရှားဝေါလ်ကုမ္ပဏီက ၅၀% နှင့်အထက် ပိုင်ဆိုင်သည့် ကုမ္ပဏီ (၆) ခုဖြစ်ပြီး Asia Mega Link Co., Ltd.၊ Asia Mega Link Services Co., Ltd.၊ Pioneer Aerodrome Services Co., Ltd.၊ Green Asia Services Co., Ltd.၊ Global World Insurance Co., Ltd.၊ Shwe Na Wah Company Ltd. တို့ဖြစ်ကြောင်း သိရှိရသည်။