ထိုင်းနိုင်ငံအခြေစိုက် နည်းပညာ ကုမ္ပဏီတခုဖြစ်တဲ့ True မှ ဘဏ်အကောင့်မလို၊ မီတာရုံးထိ သွားစရာမလိုဘဲ အဆင်ပြေလွယ်ကူစွာ ငွေပေးချေနိုင်မယ့် TrueMoney မီတာဘေလ်ဆောင် စနစ်ကို စတင် အသုံးပြုနိုင်ပြီလို့ သတင်းထုတ်ပြန်ပါတယ်။
TrueMoney မီတာဘေလ်ဆောင် စနစ်ကို အသုံးပြုနိုင်ရန် TrueMoney Myanmar နှင့် Connect N Pay ကုမ္ပဏီတို့က အကျိုးတူ ပူးပေါင်းခဲ့ခြင်းဖြစ်ပြီး မေလ ၁၈ ရက်နေ့က ရန်ကုန်မြို့၊ Park Royal ဟိုတယ်မှာ သဘောတူလက်မှတ် ရေးထိုးခဲ့ကြပါတယ်။
မီတာခကို ယခင်လို မီတာရုံးထိ သွားစရာ မလိုဘဲ လျှပ်စစ်ပစ္စည်းဆိုင်၊ လက်ဖက်ရည်ဆိုင်၊ စားသောက်ဆိုင်၊ ဖုန်းဆိုင်၊ ဟိုတယ်နှင့် ဆေးရုံ၊ ဆေးခန်းများ၊ ရပ်ကွက်အတွင်းရှိ လူတိုင်းလက်လှမ်းမီတဲ့ နေရာများစတဲ့ နေရာတွေမှာ True Money ကောင်တာများ ထားရှိပြီး အဆိုပါ ကောင်တာတွေမှာရှိတဲ့ True Money စက်တွေမှာ မိမိတို့ ဆောင်ရမယ့် မီတာစာရွက်၊ စည်ပင်စာရွက်တို့မှ ကုတ်နံပါတ်ကို ပြောလိုက်ရုံနဲ့ ဘေလ်ပေးဆောင်နိုင်မယ့် စနစ်ဖြစ်ပါတယ်။
“ကျနော်တို့ Connect N Pay နဲ့ TrueMoney Myanmar ပူးပေါင်းပြီး မီတာဘေလ်နဲ့ တခြားစည်ပင်ဘေလ်တွေ ဆောင်လို့ရမယ့် စနစ် မိတ်ဆက်တာပါ။ TrueMoney ကောင်တာတွေမှာ စပြီး ဆောင်လို့ရနေပါပြီ။ တခါဆောင်ရင် ဝန်ဆောင်ခ ကျပ် ၅၀၀ သတ်မှတ်ထားပါတယ်။ ဒါက အခုလောလောဆယ် အစိုးရနဲ့ ချိတ်ဆက်မှုပိုင်းအရ ကောက်ခံနေတဲ့ နှုန်းပါ။ နောက်ပိုင်းကျရင်တော့ မီတာဘေလ်ဖြစ်ဖြစ်၊ စည်ပင်ခွန်ဖြစ်ဖြစ် တလအတွင်း ဆောင်ရမယ့် အခွန်အခတွေ အကုန်လုံးကို အိမ်ထောင်စုတခုက လာဆောင်ရင် အားလုံးအတွက် ကျပ် ၅၀၀ ပဲ ကောက်ခံတာမျိုးထိ လုပ်ပေးသွားဖို့ စဉ်းစားထားတာ ရှိပါတယ်” လို့ TrueMoney Myanmar က မန်းနေးဂျင်း ဒါရိုက်တာ ကိုထွန်းထွန်းလင်းက က ပြောပါတယ်။
လက်ရှိ TrueMoney မီတာဘေလ်ဆောင်စနစ်ကို ရန်ကုန်မြို့မှာ လမ်းမတော်၊ လသာ၊ အလုံ၊ စမ်းချောင်း၊ ကြည့်မြင်တိုင်၊ လှိုင်၊ ကမာရွတ်၊ ဗဟန်း၊ မရမ်းကုန်း၊ ထန်းတပင်၊ အင်းစိန်၊ ရွှေပြည်သာ၊ လှိုင်သာယာ၊ မှော်ဘီ၊ ထောက်ကြံ့၊ လှည်းကူး၊ တိုက်ကြီး၊ မြောင်းတကာ၊ ဆိပ်ကမ်း၊ မင်္ဂလာဒုံ စတဲ့ မြို့နယ်များမှာ စတင်ရရှိမှာ ဖြစ်ပါတယ်။
လောလောဆယ် အချိန်မှာ အေးဂျင့် ၁၀၀၀ နီးပါး ရှိနေပြီ ဖြစ်ပြီး လာမယ့် လပိုင်းအတွင်းမှာ အေးဂျင့် ၃၀၀၀ နီးပါး၊ ယခုနှစ်ကုန်မှာ အေးဂျင့် ၆၀၀၀ နီးပါးအထိ တိုးချဲ့သွားရန် စီစဉ်ထားတယ်လို့ သိရပါတယ်။
အဆိုပါ စနစ်ကို ၂၀၁၄ နိုဝင်ဘာမှာ စတင်ပြင်ဆင်ခဲ့ခြင်းဖြစ်ပြီး ၂၀၁၅ သြဂုတ်လတွင် စတင်မိတ်ဆက်ခဲ့ကာ ယခုအချိန်တွင် စတင်အသုံးပြုနိုင်ပြီလို့ သိရပါတယ်။
TrueMoney အနေနဲ့ လက်ရှိတွင် ဘေလ်ပေးဆောင်မှုများနှင့် မိုဘိုင်းဖုန်း Postpaid ပေးချေမှုများကို စတင် လုပ်ကိုင်သွားမှာဖြစ်ပြီး နောက်ပိုင်းတွင် Ticketing ၊ ငွေလွှဲလုပ်ငန်း၊ Mobile Money စနစ်များ ကိုပါ လုပ်ဆောင်သွားမယ်လို့ သိရပါတယ်။
True Corporation Plc ဟာ ထိုင်းနိုင်ငံ အခြေစိုက် CP Group ရဲ့ လုပ်ငန်းခွဲတခုဖြစ်ပြီး နည်းပညာ ဆက်သွယ်ရေး ကုမ္ပဏီတခု ဖြစ်ပြီး ငွေသွင်းခြင်း၊ ငွေထုတ်ခြင်း၊ ငွေလွှဲခြင်း၊ ဝန်ထမ်းလစာ ပေးချေခြင်း၊ ဘေလ်ပေးဆောင်ခြင်းစတဲ့ ဝန်ဆောင်မှုများကို လုပ်ဆောင်လျက်ရှိပါတယ်။