အစိုးရ က အရန်ဆန် တန်ချိန် ၃ သောင်းအတွက် ဘဏ္ဍာငွေ စိုက်ထုတ် သုံးစွဲကာ ဝယ်ယူသွားမည် ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က ပြောသည်။
၎င်းက “ဘယ်လိုနည်းနဲ့ ဘယ်လိုဝယ်မလဲ။ ဘယ်လိုဈေးနဲ့ပေးမလဲ။ ဘယ်လိုသိုလှောင်မလဲ။ ဘယ်လိုဖြန့်ချိမလဲ ဆိုတာ အခု လုပ်နေပါတယ်။ ဝယ်ဖို့မူတော့ ရှိထားတယ်။ စီးပွားကူးသန်းနဲ့ ဆန်စပါးအသင်းနဲ့ ညှိပြီးတော့ပေါ့။ အသေးစိတ်တွေကို စဉ်းစားနေတယ်။ ဆန်တန်ချိန် ၃ သောင်းလောက် ဝယ်မယ်။ ဘဏ္ဍာငွေက အစိုးရက ကုန်သည်များကို ပေးရမှာပေါ့။ အစိုးရက စိုက်ထုတ်ပေါ့။ ဒီသဘောတရားပါပဲ” ဟု ပြောသည်။
အရန်ဆန် ဝယ်ယူမှုသည် တန်ချိန် ၂ သောင်းခွဲနှင့် ၃ သောင်း ဝန်းကျင်ရှိမည်ဖြစ်ပြီး လက်ရှိ နွေစပါးပေါ်ချိန် အတွင်း ဝယ်ယူသွားမည် ဖြစ်ကြောင်း သိရသည်။
အစိုးရသစ် က ယခုကဲ့သို့ ဘဏ္ဍာရေး စိုက်ထုတ်ကာ အရန်ဆန် ဝယ်ယူမည့် အစီအစဉ်သည် လယ်သမားများအတွက် စပါးဈေးထိုးကျမည့် ပြဿနာမှ ကာကွယ်ပေးရာရောက်ပြီး တိုက်ရိုက် အကျိုးရှိစေကြောင်း မြန်မာနိုင်ငံ ဆန်စက်လုပ်ငန်းရှင်များအသင်း အတွင်းရေးမှုး ဦးသောင်းဝင်းက သုံးသပ်သည်။
၎င်းက “လယ်သမားတွေအတွက် ဝယ်သူမရှိခဲ့ရင် စပါးဈေးထိုးကျမယ့် ပြဿနာကို ဖြေရှင်းပြီးသား ဖြစ်သွားတာပေါ့။ ဒါက လယ်သမားတွေကို တိုက်ရိုက် အကျိုးပြုတယ်ပေါ့။ နောက်တခုက ဒီလို အရန်ဆန် ထားခြင်းအားဖြင့် အကြောင်း တရပ်ရပ်ကြောင့် စားသုံးသူအတွက်ကလည်း စိတ်ပူစရာမရှိဘူး။ လိုအပ်ရင် အစိုးရက သင့်တင့်မျှတတဲ့ဈေးနဲ့ ထုတ်ရောင်းမယ်ပေါ့။ စားသုံးသူအတွက်လည်း အကျိုးပြုမယ်။ ဒါကြောင့် ဒါဟာ လုပ်လည်း လုပ်သင့်တယ် လုပ်လည်း လုပ်ရမယ့်ဟာပေါ့” ဟု ပြောသည်။
လက်ရှိတွင် တရုတ်နိုင်ငံ၏ နယ်စပ်လမ်းကြောင်းမှ ဆန်ဝယ်ယူမှုမှာ အဝယ်နှေးနေသည့် ကာလဖြစ်ကြောင်း၊ ပုံမှန်လမ်းကြောင်း တင်ပို့မှု၊ သင်္ဘောတင်ပို့မှုမှာလည်း ဒေါ်လာဈေးနှုှုန်းများ ကျဆင်းနေခြင်းကြောင့် တင်ပို့မှု လျော့နည်းနေကြောင်း ဆန်တင်ပို့သူများထံမှ သိရသည်။
အရန်ဆန် ဝယ်ယူမှုကို ယခင် အစိုးရလက်ထက်က လုပ်ဆောင်ခဲ့ခြင်း ရှိသော်လည်း ဘဏ္ဍာရေး စိုက်ထုတ်မှုတွင် အစိုးရတခုတည်း စိုက်ထုတ်ဝယ်ယူမှုမျိုး မဟုတ်ဘဲ ပုဂ္ဂလိက လုပ်ငန်းရှင်များနှင့်ပူးပေါင်း ဝယ်ယူမှုမျိုးသာ ရှိခဲ့သည်။
ယခုဝယ်ယူမှုမှာ အစိုးရက ငွေကြေး စိုက်ထုတ်၍ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက တာဝန်ယူ ဝယ်ယူသွားမည် ဖြစ်ကြောင်း သိရသည်။