ရန်ကုန်စတော့ အိတ်ချိန်းတွင် ယနေ့ စတင်ရောင်းချလိုက်သော မြန်မာသီလဝါ အထူးစီးပွားရေးဇုန် ဟိုလ်ဒင်း အများပိုင်ကုမ္ပဏီ (MTSH) ၏ ရှယ်ယာများမှာ ရောင်းလိုအားထက် ဝယ်လိုအား ပမာဏမှာ အဆပေါင်း ရာကျော် များပြားနေကြောင်း ယနေ့ စတော့အရောင်း အဝယ် စာရင်းများအရ သိရသည်။
MTSH ကုမ္ပဏီသည် စတော့ဈေးကွက်တွင် ၎င်း၏ ရှယ်ယာများကို တစုလျှင် ၄ သောင်းဖြင့် ယနေ့ မနက်ပိုင်း က ဖွင့်လှစ်ခဲ့ပြီး တနေ့တာ အမြင့်ဆုံးဈေး ၅ သောင်း၊ အနိမ့်ဆုံးဈေးကို ၃ သောင်းကျပ် သတ်မှတ်ခဲ့ရာ မနက် ဈေးကွက်ပိတ်ချိန်တွင် ရရာဈေးဖြင့် ဝယ်ယူလိုသည့် ရှယ်ယာ အစု ၅၉၀၀၀၀ ကျော်ရှိခဲ့ပြီး ရောင်းချလိုသည့် ရှယ်ယာအစုမှာ ၅၃၀၀ ကျော်သာ ရှိခဲ့သည်။
ယင်းစာရင်းအရ အမြင့်ဆုံး ပေါက်ဈေး ၅ သောင်းကျပ်ဖြင့် ရှယ်ယာ ရောင်းချလိုသည့် အစုမှာ သိသာစွာ နည်းပါးနေပြီး ဝယ်ယူလိုသည့် ရှယ်ယာ အစု က အဆ ရာကျော် များပြားနေခြင်းဖြစ်ကြောင်း သိရသည်။
ယခုကဲ့သို့ ရှယ်ယာ အရောင်းဘက်မှ နည်းနေသေးသည်နှင့် ပတ်သက်၍ MTSH အများပိုင်ကုမ္ပဏီ ဥက္ကဋ္ဌ ဦးဝင်းအောင်က “ ဒါရိုးရိုးလေးပါပဲ။ လက်ရှိပိုင်ဆိုင်ထားတဲ့ ရှယ်ယာရှင်တွေကလည်း ဒီထက် ပိုပြီး ရှယ်ယာ ဈေးနှုန်းတက်နိုင်တယ်ဆိုတဲ့ မျှော်လင့်ချက် ရှိမယ် ထင်ပါတယ်။ ဒါကြောင့်လည်း ရှယ်ယာတွေက အရောင်း နည်းနေသေးတာပါ” ဟု ပြောသည်။
MTSH အများပိုင် ကုမ္ပဏီထက် အချိန်စော၍ စတေ့ာအိတ်ချိန်းတွင် ရှယ်ယာများ ရောင်းဝယ်ခွင့် ရခဲ့သော FMI ကုမ္ပဏီသည် ၎င်းတို့ စတင်ဈေးဖွင့် ရောင်းချခဲ့သော မတ်လ ၂၅ ရက်နေ့ နံနက်ခင်း စတော့ဈေးကွက် ရှယ်ယာများ၏ ရောင်းလိုအားနှင့် ဝယ်လိုအားမှာ အဆ ရာကျော် ကွာဟမှုမရှိခဲ့ကြောင်း သိရသည်။
FMI ကုမ္ပဏီ၏ ရှယ်ယာ စတင်ရောင်းချခဲ့သည့် မနက် ဈေးကွက်ပိတ်ချိန် ရှယ်ယာ ဝယ်လိုအားမှာ ၈ သောင်းကျော်ရှိပြီး ရောင်းလိုအား ၄ သောင်းကျော် ဖြစ်ခဲ့သည်။
FMI ရှယ်ယာများကို ၁ စုလျှင် ၂၆၀၀၀ ကျပ်ဖြင့် စတင်ရောင်းချသည့်နေ့က ဈေးဖွင့်ခဲ့ရာ ယနေ့ ဈေးကွက်တွင် ၁ စုလျှင် ၃၁၅၀၀ ကျပ်ဖြင့် အရောင်းအဝယ် ဖြစ်နေသည်။ ၎င်း၏ ရှယ်ယာဈေးနှုန်းများမှာ အတက်အကျ ဖြစ်လျှက်ရှိပြီး အမြင့်ဆုံးဈေး တစုလျှင် ၄၂၀၀၀ အထိ ရှိခဲ့ပြီး အနိမ့်ဆုံးဈေး ၂၆၀၀၀ ကျပ်အောက်ထိ ရောက်ခဲ့သည်။
ယနေ့ အဖွင့်ဈေး ၂၆၅၀၀ ကျပ်ဖြင့် စခဲ့သော်လည်း ၃၁၅၀၀ ကျပ်ဖြင့် ရှယ်ယာဈေးပြန်လည်မြင့်ကာ အရောင်းအဝယ် ဖြစ်ခဲ့ခြင်းလည်း ဖြစ်သည်။
စတော့အိတ်ချိန်းတွင် မြန်မာသီလဝါ အများပိုင်ကုမ္ပဏီ ဝင်ရောက်လာခြင်းနှင့် ပတ်သက်၍ ကနဦး ရောင်းချခွင့် ရခဲ့သော FMI ရှယ်ယာများ အလားအလာနှင့် ပတ်သက်၍ FMI ဥက္ကဋ္ဌ ဦးသိမ်းဝေက “ပိုကောင်းတာပေါ့။ လူပိုများလာတာပေါ့။ ဈေးက ပိုစည်လာတာပေါ့။ ဈေးကွက်ပေါ်မှာမူတည်ပါတယ်။ အတက်အကျတော့ ရှိမှာပေါ့။ ဒါပေမယ့် ဈေးပိုစည်လာတာ ကျိန်းသေကောင်းပါတယ်။ ဈေးကျမသွားနိုင်ဘူးလို့ ယုံပါတယ်” ဟု ပြောသည်။
မြန်မာ သီလဝါ အထူးစီးပွားရေးဇုန်ဟိုလ်ဒင်း အများပိုင်ကုမ္ပဏီ MTSH ၏ ရှယ်ယာများ မှာ ညနေပိုင်း စတော့ ဈေးကွက် အရောင်းထပ်ဖွင့်ချိန်တွင် ရှယ်ယာအရောင်းပမာဏ တိုးလာပြီး တနေ့တာ ဈေးပိတ်ချိန်တွင် စုစုပေါင်း ရှယ်ယာ ၁၀၁၅၇ ကို မနက်ပိုင်း က အမြင့်ဆုံးဈေး ကျပ် ၅ သောင်းဖြင့် အရောင်းအဝယ် ပိတ်ခဲ့ကြောင်း သိရသည်။
FMI ကုမ္ပဏီက ယနေ့ အတွက် တနေ့တာ ရှယ်ယာအစုပေါင်း ၁၉၇၅၃ ကို နံနက်ခင်းပိတ်ဈေး ၃၁၅၀၀ ကျပ်ဖြင့် အရောင်းအဝယ် ဖြစ်သွားခဲ့သည်ဟု သိရသည်။
မြန်မာ သီလဝါအထူးစီးပွားရေးဇုန် အများပိုင်ဟိုလ်ဒင်း ကုမ္ပဏီ MTSH သည် သီလဝါ အထူးစီးပွားရေးဇုန်ကို အကောင်အထည်ဖော် လုပ်ကိုင်နေသည့် ကုမ္ပဏီဖြစ်သည်။ သီလဝါ အထူးစီးပွားရေးဇုန်ကို Myanmar Japan Thilawa Development Co.Ltd အဖြစ် မြန်မာ- ဂျပန် ဖက်စပ်ကုမ္ပဏီ ဖွဲ့စည်း လုပ်ကိုင်ခဲ့ခြင်းဖြစ်ပြီး မြန်မာဘက်ကမှ ၅၁ ရာခိုင်နှုန်း၊ ဂျပန်ဘက်ကမှ ၄၉ ရာခိုင်နှုန်း ပါဝင်သည်။
မြန်မာဘက်မှ ၅၁ ရာခိုင်နှုန်းအတွက် မြန်မာသီလဝါ အထူးစီးပွားရေးဇုန်ဟိုလ်ဒင်း အများပိုင်ကုမ္ပဏီက ၄၁ ရာခိုင်နှုန်း ထည့်ဝင်ပြီး အစိုးရက ၁၀ ရာခိုင်နှုန်းဖြင့် လုပ်ဆောင်နေခြင်းဖြစ်သည်။