“Blue Strike 2016” အမည်ပေးထားတဲ့ ထိုင်း – တရုတ် ရေတပ် ပူးတွဲစစ်ရေးလေ့ကျင့်မှုပြုလုပ်ဖို့ တရုတ်ရေတပ်မှ ကမ်းတက်ရေယာဉ် Changbaishan(Hull No.989) ဟာ မရိန်းတပ်သား ၂၂၆ ဦးနဲ့အတူ ပြီးခဲ့တဲ့ ကြာသာပတေးနေ့က ထိုင်းနိုင်ငံ Sattahip ဆိပ်ကမ်း ကို ရောက်ရှိလာခဲ့ပါတယ်။
မေလ ၁၉ရက်နေ့မှ စတင်ကာ ဇွန်လ ၁၀ ရက်နေ့အထိ ပြုလုပ်မယ့် စစ်ရေးလေ့ကျင့်မှုမှာ ကုန်းရေ နှစ်ထွေသွား သံချပ်ကာယာဉ် ၉ စီး၊ လေကြောင်းရန် ကာကွယ်ရေး ဒုံးကျည်များ၊ တင့်ကားဖျက် ဒုံးကျည်များ၊ လက်နက်ကြီးနှင့် အပေါ့စား လက်နက်များအသုံးပြုမည်ဖြစ်ပြီး အကြမ်းဖက်မှုတိုက်ဖျက် ရေးနှင့် ဓာတုလက်နက်ကာကွယ်ရေးအတွက်ပါ လေ့ကျင့်မယ်လို့ သိရပါတယ်။
“ဒါဟာ Blue Strike 2010 နဲ့ Blue Strike 2012 တို့ရဲ့ နောက်ဆက်တွဲ ပူးတွဲစစ်ရေးလေ့ကျင့်မှု ဖြစ်ပြီး၊ စစ်ရေး လေ့ကျင့်မှုရဲ့ ရည်ရွယ်ချက်က နှစ်နိုင်ငံအကြား ဆက်ဆံရေးကို တိုးမြှင့်ဖို့၊ နှစ်နိုင်ငံ တပ်မတော် အကြား စစ်ရေး ဆိုင်ရာ ဖလှယ်မှု နက်နက်ရှိုင်းရှိုင်း ပြုလုပ်ဖို့၊ ပုံမှန်မဟုတ်တဲ့ လုံခြုံရေး ဆိုင်ရာခြိမ်းခြောက် စိန်ခေါ်မှုတွေကို ၂နိုင်ငံ ရေတပ်မတော်အကြား ပူးတွဲတုံ့ပြန်ဖို့ ဖြစ်တယ်လို့ တရုတ်ရေတပ်မှ အရာရှိ Zeng Shenghai က ဆိုပါတယ်။
စစ်ရေးလေ့ကျင့်မှုကို ပင်လယ်ပြင်မှာသာမက ကုန်းတွင်းမှာ လေ့ကျင့်သွားမှာဖြစ်ပြီး၊ မြို့ပြအကြမ်း ဖက်မှု တိုက်ဖျက်ရေး၊ သံချပ်ကာ တိုက်ခိုက်ရေး နည်းဗျူဟာ၊ ဓာတုလက်နက်ဖြင့် ခြိမ်းခြောက်တိုက် ခိုက်ခြင်းနှင့် ပတ်သက်ပြီး ထောက်လှမ်းခြင်း၊ ပေါက်ကွဲစေတတ်သည့် လက်နက်များ ဖယ်ရှားခြင်း စစ်ဆင်ရေး၊ စစ်မြေပြင်၌ ကူညီကယ်ဆယ်ရေး၊ ရဟတ်ယာဉ်သုံးကယ်ဆယ်ရေး စသည့် တို့ကို လေ့ကျင့်သွားမယ်လို့ သိရပါတယ်။
ဒါအပြင် လေကြောင်းရန်ကာကွယ်ရေး၊ ပင်လယ်ဓားပြရန် ကာကွယ်ရေး၊ သဘာ၀ ဘေးအန္တရာယ် ကာကွယ်ရေးနဲ့ ပြန်လည်နေရာချထားရေးတို့နဲ့ ပတ်သက်ပြီး ၂နိုင်ငံရေတပ် အကြား ဆွေးနွေးပွဲများ ပြုလုပ်သွားမယ်လို့ သိရပါတယ်။
ထိုင်းနိုင်ငံဟာ တရုတ်နိုင်ငံနဲ့ စစ်ရေးအရ ပိုမိုနီးကပ်စွာ ဆက်ဆံလာနေသလို၊ အမေရိကန် စစ်လက် နက်ပစ္စည်းများနေရာမှာ ရုရှား၊ တရုတ်စတဲ့လက်နက်များနဲ့ အစားထိုးလာတာကို တွေ့ရပါတယ်။
မကြာသေးမီက ထိုင်းဘုရင့်တပ်မတော်အတွက် တရုတ် NORINCO ကုမ္ပဏီလုပ် VT-4 ပင်မတိုက် ခိုက်ရေး တင့်ကား ၁၀၀ ခန့်ဝယ်ယူဖို့ လက်မှတ်ရေးထိုးခဲ့သလို၊ တရုတ်ကာကွယ်ရေးဝန်ကြီးဌာနနဲ့ ထိုင်း ကာကွယ်ရေးနဲ့ နည်းပညာဌာနတို့ ပူးတွဲကာ ထုတ်လုပ်ထားတဲ့ ပဲ့ထိန်းစနစ်သုံး DTI -1 ဘက်စုံသုံး လောင်ချာတွေကို ယခုနှစ် ဖေဖေါ်ဝါရီလအတွင်းမှာပဲ ထိုင်းဘုရင့်တပ်မတော်မှာ တပ်ဆင် အသုံးပြုခဲ့ပါတယ်။
ထိုင်းနိုင်ငံက တရုတ်၊ ရုရှားစတဲ့နိုင်ငံတွေနဲ့ အနီးကပ် စစ်ရေးဆက်ဆံမှုတွေ ပြုလုပ်လာနေချိန်မှာ မဟာမိတ်ဟောင်း အမေရိကန်က ယနေ့မှာပဲ ဗီယက်နမ်နိုင်ငံအပေါ်မှာ ထားရှိတဲ့ လက်နက်ရောင်းချမှု ပိတ်ပင်ထားမှုကို လုံးလုံးလျားလျား ပယ်ဖျက်လိုက်ပြီဖြစ်သလို၊ မနေ့ကလည်း အမေရိကန်နိုင်ငံခြား ရေးဝန်ကြီး ဂျွန်ကယ်ရီရဲ့ မြန်မာနိုင်ငံ ခရီးစဉ်မှာ နှစ်နိုင်ငံ စစ်တပ်အကြား ဆက်ဆံရေးတိုးမြှင့်ဖို့ ဆွေး နွေးခဲ့တယ်လို့ သိရပါတယ်။