ရန်ကုန်တိုင်းဒေသကြီးအတွင်း အမှန်တကယ်အဆင်မပြေသူများအတွက် နေထိုင်ရန်အိမ်ရာနှင့် အလုပ်အကိုင်များ ဖန်တီးပေးမည်ဖြစ်ပြီး စီးပွားဖြစ် ကျူးကျော်များကို တည်ဆဲဥပဒေများအရ ထိထိရောက်ရောက် အရေးယူဆောင်ရွက် သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားလိုက်သည်။
ရန်ကုန်တိုင်းဒေသကြီး ကျူးကျော်စာရင်းကောက်ယူရေးဆိုင်ရာ ရှင်းလင်းပွဲအခမ်းအနားကို မေ ၂၅ ရက်နေ့ ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့ရုံးတွင် ပြုလုပ်စဉ် ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက အထက်ပါအတိုင်း ပြောဆို လိုက်ခြင်း ဖြစ်သည်။
“ဒီနေရာမှာ ပွင့်ပွင့်လင်းလင်းပဲပြောပါရစေ။ ဒီလူတွေ အမြန်ဆုံးနောက်ဆုတ်ဖို့လိုအပ်ပါလိမ့်မယ်။ နောက်မဆုတ်ရင် တည် ဆဲဥပဒေအရ စတင်အရေးယူမှာဖြစ်ပါတယ်။ ကျနော်တို့ဟာ တကယ့်ကို အခက်အခဲဖြစ်နေတဲ့သူတွေအတွက် နွေးထွေးတဲ့ ကူညီမှုတွေ ရှိနိုင်မှာဖြစ်သလို ဥပဒေကို လက်တလုံးခြား ချိုးဖောက်ပြီး ဥပဒေချိုးဖောက်မှုဟာ အမှန်တရား တခုလို ထူ ထောင် မယ်ဆိုရင်တော့ ကျနော်တို့ရဲ့ နိုင်ငံသစ်မှာရှိနိုင်တော့မှာမဟုတ်ဘူးလို့ ပြောပါရစေ ” ဟု ဝန်ကြီးချုပ်က ပြောသည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ကျူးကျော်နေထိုင်သူများအားလုံးကို “ရန်ကုန်တိုင်းဒေသကြီး ဖွံ့ဖြိုးရေး သုတေသ စီမံ ကိန်း” တရပ်အနေဖြင့် စနစ်တကျ စာရင်းကောက်ယူမည်ဖြစ်ကြောင်း၊ စာရင်းကောက်ယူပြီးနောက် ၎င်းတို့၏နောက် ကြောင်း ရာဇဝင်ကို စုံစမ်းမည်ဖြစ်ပြီး အမှန်တကယ် အခက်အခဲဖြစ်နေသူဆိုပါက ယင်းတို့၏ ဘဝပြန်လည်ထူထောင်ပေး နိုင်ရေး အတွက် ယာယီ Camp တခုကို ရွှေ့ထားကာ နေစရာ၊ အလုပ်အကိုင်များ ရှာဖွေပေးမည်ဖြစ်ကြောင်း ဝန်ကြီးချုပ် က ရှင်းပြသည်။
ယင်းစီမံချက်ကို ၄၅ ရက်အတွင်း ဆောင်ရွက်မည်ဟုသိရသော်လည်း ယင်းစီမံချက်ကို စတင်ဆောင်ရွက်မည့်ကာလနှင့် ပြီးဆုံးမည့်အချိန်ကို ထုတ်ဖော်ပြောကြားခြင်းမရှိသေးပေ။
ယခုပြုလုပ်မည့် စီမံကိန်းတွင် စီးပွားရှာမည့်သူများအတွက် အခွင့်အလမ်းရရှိနိုင်မည်မဟုတ်ဘဲ ယနေ့ဆွေးနွေးပွဲနှင့်အတူ ကျူးကျော်ဆောင်ရွက်နေမှုအားလုံးသည် အပြီးအပြတ်ရပ်ဆိုင်းလိုက်ပြီဖြစ်ကြောင်း၊ အနာဂတ်တွင် ကျူးကျော်သူအားလုံး ကိုလည်း တည်ဆဲဥပဒေအရ ထိရောက်စွာအရေးယူသွားမည်ဖြစ်ကြောင်း ဝန်ကြီးချုပ်က ထပ်လောင်းသတိပေးသည်။
ဝန်ကြီးချုပ်က “ပေးထားတဲ့နေရာတိုင်းအားလုံးဟာ သူဘာမှအလကားရမှာမဟုတ်ပါဘူး။ ဒီမှာသူနေရမယ်။ ဒီကနေ ဘဝကို တိုးတက်အောင်လုပ်ရမယ်။ ပြီးရင် သူ့ဘဝမြင့်မားသွားတဲ့အဆင့်အထိ နိုင်ငံတော်က အဆုံးတာဝန်ယူသွားမှာဖြစ် ပါတယ်။ ဒါပေမယ့် အလုပ်လုပ်ရမှာဖြစ်ပါတယ်။ အလုပ်မလုပ်ဘဲ ဘာမှအလကားမရပါဘူး။ အလုပ်လုပ်ရင် ပိုင်ဆိုင်မှုတွေ ရှိလာမယ်။ အလုပ်အကိုင်အခွင့်အလမ်းရဖို့အတွက် ကျနော်တို့က တာဝန်ယူပြီးရှာဖွေပေးပါမယ်” ဟု ဆိုသည်။
ကျူးကျော်နေထိုင်သူများဆိုရာတွင် အမှန်တကယ်နေထိုင်စရာမရှိ၍ ကျူးကျော်သူများကိုသာဆိုလိုပြီး မြေလုသည့်ကိစ္စများ ကိုတော့ ကျူးကျော်ဟုသတ်မှတ်မည်မဟုတ်ဘဲ ယင်းတို့ကို တည်ဆဲဥပဒေအရ ထိရောက်စွာအရေးယူဆောင် ရွက်သွား မည်ဖြစ်ကြောင်း၊ ကျူးကျော်စာရင်းများကောက်ခံသည့်အချိန်တွင်လည်း အုပ်ချုပ်ရေးပိုင်းအဆင့်ကိုတိုးမြှင့်ထားကာ အခြေအနေများရှုပ်ထွေးအောင်ဖန်တီးလာနိုင်သည့်ကိစ္စများကို ချက်ချင်းအရေးယူဆောင်ရွက်သွားနိုင်ရန် ပြင်ဆင်ထား ကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ကျူးကျော်သူများကို အမှန်တကယ်ကျူးကျော်သူများ၊ ကျူးကျော်အချင်းချင်း ပြန်လည် ငှားရမ်းခြင်း၊ စီးပွားဖြစ်ကျူးကျော်ခြင်း၊ မင်းမဲ့စရိုက်ပုံစံ ကျူးကျော်ခြင်း၊ အသိအမှတ်ပြုကျူးကျော်ခြင်းဟူ၍ အမျိုးအစား ၅ မျိုးခွဲခြားထားပြီး စုစုပေါင်း ကျူးကျော်နေထိုင်သူဦးရေ ၄ သိန်းကျော်ရှိသည်ဟု ခန့်မှန်းထားကြောင်း တိုင်းအစိုးရအဖွဲ့ရုံး ၏ စာရင်းအရ သိရသည်။