မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနက အများပိုင်ကုမ္ပဏီများနှင့် အများပိုင်မဟုတ်သော ကုမ္ပဏီများ၏ မှတ်ပုံတင်ကြေးများကို ပြောင်းလဲပြင်ဆင် သတ်မှတ်လိုက်ကြောင်း ယနေ့ ထုတ်ပြန်ကြေညာသည်။
ကြေညာချက်အရ အများပိုင်ကုမ္ပဏီ မှတ်ပုံတင်ကြေးသည် ယခင်က ကျပ် ၁၀ သိန်း ပေးဆောင်ရန် သတ်မှတ်ထားရာမှ ယခုအခါကျပ် ၂၅ သိန်းတိုးမြှင့် ပေးဆောင်ရန် ပြင်ဆင် သတ်မှတ်လိုက်သည်။
အများပိုင်မဟုတ်သော ရိုးရိုးကုမ္ပဏီများ၏ မှတ်ပုံတင်ကြေးသည် ယခင်ကျပ် ၁၀ သိန်း သတ်မှတ်ထားရာမှ ယခု ကျပ် ၅ သိန်းသာ ပေး ဆောင်ရန် ပြင်ဆင်လိုက်သည်ကို တွေ့ရသည်။
ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနက ယခုကဲ့သို့ မှတ်ပုံတင်ကြေး ပြင်ဆင် သတ်မှတ်လိုက်ခြင်းသည် စီးပွားရေး လုပ်ငန်း လုပ်ကိုင်လိုသူများနှင့် အသေးစားနှင့် အလတ်စား(SME) စီးပွားရေးလုပ်ငန်းများက ကုမ္ပဏီအဖြစ် ထူထောင်လာစေလို၍ ဖြစ်ကြောင်း နှင့် အများပိုင်ကုမ္ပဏီများ ဖွဲ့စည်းထူထောင်ရာတွင် အမှန်တကယ် လုပ်ငန်းလုပ်ကိုင်မည့် ကုမ္ပဏီများ ပေါ်ထွန်းစေလိုခြင်းကြောင့်ဟု ပြောဆိုဖော်ပြထားသည်။
အများပိုင်ကုမ္ပဏီများ မှတ်ပုံတင်ကြေးတိုးမြှင့် သတ်မှတ်လိုက်ခြင်းနှင့်ပတ်သက်ပြီး ကုန်သည်ကြီးများနှင့် စက်မှုလက်မှု လုပ်ငန်းရှင် များအသင်း ဒု ဥက္ကဋ္ဌ ဒေါက်တာ မောင်မောင်လေး က“အများပိုင်ကတော့ ရင်းနှီးမြှုပ်နှံမှုများတဲ့အတွက် နိုင်ငံတကာအတိုင်းပဲ သူ တို့ ကို နည်းနည်းလေး တိုးကောက်တဲ့ သဘောလို့ မြင်ပါတယ်။ ဒါ တရားမျှတတယ်လို့ မြင်ပါတယ်။ အများပိုင်ကုမ္ပဏီက အရင်းအနှီးများတဲ့ သဘောမို့ တိုးကောက်တယ်လို့ ထင်ပါတယ်”ဟု ပြောဆိုသည်။
ရိုးရိုးကုမ္ပဏီများကို ကုမ္ပဏီမှတ်ပုံတင်ကြေး လျှော့ချလိုက်ခြင်းနှင့် ပတ်သက်၍ ဒေါက်တာ မောင်မောင်လေး က“ဖြေလျှော့မှုလည်း ပါ တာပေါ့။ အသေးစားနဲ့ အလတ်စား စီးပွားရေး လုပ်ငန်း ဖွဲ့နိုင်အောင်လို့ လုပ်တယ်ပေါ့။ အဓိက ကတော့ ဒီကုမ္ပဏီတွေ ဖွဲ့တာ၊ မဖွဲ့တာက အရေးမကြီးပါဘူး။ ဒီကုမ္ပဏီတွေရဲ့ စတင်လုပ်မယ့် ရင်းနှီးမြှုပ်နှံမှုပေါ့။ SME တွေက စတင်မြှုပ်နှံမယ့် အရင်းအနှီး အတွက် ပိုက်ဆံနည်းတယ်၊ မလုပ်နိုင်ဘူး။ သူတို့ပိုက်ဆံ သိပ်မထည့်နိုင်တဲ့အတွက် သူတို့ ဆက်လက်ကြီး ထွား ဖို့ရာ အရင်းအနှီးလိုပါတယ်”ဟု ပြောသည်။
မြန်မာနိုင်ငံတွင် အသေးစားနှင့် အလတ်စားစီးပွားရေး လုပ်ငန်းများအတွက် အတိုးနှုန်းသက်သာသည့် ချေးငွေလိုအပ်နေကြောင်း စီးပွားရေးလုပ်ငန်းရှင်များနှင့် ပညာရှင်များက ပြောဆိုခဲ့ကြသော်လည်း လက်တွေ့တွင် အတိုးနှုန်းသက်သာသည့် အပေါင်ပစ္စည်း မလိုသော ချေးငွေ မရရှိကြသေးကြောင်း သိရသည်။
လက်ရှိအချိန်တွင် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနသို့ မှတ်ပုံတင်ထားသည့် ကုမ္ပဏီ အရေအတွက်တွင် မြန်မာ ကုမ္ပဏီပေါင်း ၄ သောင်းကျော်ရှိနေပြီး နိုင်ငံခြားကုမ္ပဏီပေါင်း ၄ ထောင်ဝန်းကျင် ရှိနေသည်ဟု ဆိုသည်။
ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနသည် ပြီးခဲ့သည့် လပိုင်းများအတွင်းက မှတ်ပုံတင်ထားပြီး လုပ်ငန်း လုပ်ဆောင် နေကြောင်း အကြောင်းမကြား၊ သက်တမ်းမတိုးသည့် ကုမ္ပဏီပေါင်း ၄ ထောင်ကျော်ကို မှတ်ပုံတင်စာရင်းမှ ပယ်ဖျက်ခဲ့ကြောင်း သိရ သည်။