မန္တလေး အိမ်ခြံမြေဈေးကွက်တွင် အရောင်းအဝယ် အလွန်ကျဆင်းပြီး အေးစက် ငြိမ်သက်လျက်ရှိရာ ယင်းသို့ ဈေးကွက် ကျဆင်း ခြင်းကြောင့် ဆောက်လုပ်ရေး လုပ်ငန်းများ အထိနာနေကြောင်း မန္တလေးအခြေစိုက် အိမ်ခြံမြေအကျိုးဆောင်လုပ် ငန်းများထံမှသိရှိရသည်။
မန္တလေး အိမ်ခြံမြေဈေးကွက်အတွင်း အရောင်းအဝယ် အေးစက်နေသည်မှာ ကြာမြင့်နေပြီဖြစ်ပြီး ဈေးကွက်ကို အမှီပြုနေ သည့် ဆောက်လုပ်ရေး လုပ်ငန်းရှင်များနှင့် ကန်ထရိုက် လုပ်ငန်းရှင်များ လုပ်ငန်း မဆက်နိုင်ဖြစ်နေကြောင်း၊ အိမ်ခြံမြေ အရောင်းအဝယ် အေးစက်နေမှုကြောင့် ၎င်းနှင့် ဆက်စပ်နေသည့် ရင်းနှီးမြုပ်နှံမှုများ အပါအဝင် စီးပွားရေး လုပ်ငန်းများပါ ထိခိုက်မှုရှိလာကြောင်း၊ အစိုးရ၏ မူဝါဒကို အိမ်ခြံမြေဈေး လုပ်ငန်းရှင်များနှင့် ဆောက်လုပ်ရေးလုပ်ငန်းရှင်များက စောင့် ကြည့် နေကြကြောင်း သိရှိရသည်။
ချမ်းအေးသာစံမြို့နယ်မှ အိမ်ခြံမြေ အကျိုးတော်ဆောင် ဒေါ်ညိုညိုသင်းက “အိမ်ခြံမြေ ဈေးကွက်က အကျဘက်ကို ဦး တည် လာတယ်လို့ ပြောလို့ ရနိုင်ပါတယ်။ လက်ရှိ အိမ်ခြံမြေဈေးကွက်ကတော့ ရပ်တန့်သလောက် နီးနီးကို ဖြစ် နေတယ်။ ဒါကို ရောင်းနေ ဝယ်နေတဲ့သူတွေ အားလုံး ခံစားနေရတယ်။ ဒါတွေကို ဖြေရှင်းပေးနိုင်တာကတော့ အစိုးရရဲ့ မူဝါဒပိုင်း တွေပဲလို့ မြင်ပါတယ်”ဟု ပြောသည်။
မန္တလေးမြို့၏ မြို့ပြဖွံ့ဖြိုးတိုးတက်မှု အားကောင်းလာမှုကြောင့် ဒေသခံများနှင့် နှီးနွယ်ကာ နယ်မြို့များမှ လာရောက် နေထိုင် သူများပြားလာခြင်းကြောင့် အိမ်ခြံမြေ ငှားရမ်းခဈေးနှုန်းများလည်း မြင့်တက်မှု ရှိလာကြောင်း၊ အနာဂတ် အလား အလာတွင် အရောင်းအဝယ်များ ပိုမိုဖြစ်လာနိုင်သော်လည်း ဈေးနှုန်းများ အကျဘက်သို့ ဦးတည်လာနိုင်ကြောင်း အိမ်ခြံမြေ အကျိုးဆောင်များက သုံးသပ်သည်။
အစိုးရက အခြေခံ လူတန်းစားနှင့် လူလတ်တန်းစားများ အတွက် အိမ်ရာ စီမံကိန်းများ မူဝါဒ ချမှတ် အကောင် အထည်ဖော်မှုများ ရှိနေခြင်းကြောင့် မြို့သစ် စီမံကိန်းများ ထပ်မံပေါ်ပေါက်လာနိုင်ဖွယ်ရှိရာ အရောင်း အဝယ်များ ပိုမိုဖြစ်လာနိုင်သည်ဟု အိမ်ခြံမြေ အကျိုးတော် ဆောင်အသင်းမှ တာဝန်ရှိသူတစ်ဦးက သုံးသပ် သည်။
“အခုချိန်က အိမ်ခြံမြေကလည်း အေးတယ်။ အခြားဈေးကွက်တွေကလည်း အေးနေတယ်၊ အစိုးရသစ်က မြန်မာနိုင်ငံရဲ့ စီးပွားရေးကို ဘယ်လို မူဝါဒ ချမှတ်ပြီး ကျင့်သုံးမလဲ ဆိုတာ အခုချိန်ထိ မသိရသေးဘူး။ မြန်မာနိုင်ငံရဲ့ စီးပွားရေး တစိတ် တပိုင်း ဖြစ်တဲ့ အိမ်ခြံမြေအပေါ်မှာရော ဘယ်လိုမူဝါဒတွေ ရေးဆွဲမှာလဲ။ အဲဒါကို စောင့်ကြည့်ပြီးမှ အိမ်ခြံမြေ ဈေးကွက်ရဲ့ အနာဂတ် အလားအလာကို တိတိကျကျ ခန့်မှန်းနိုင်မှာဖြစ်ပါတယ်”ဟု မန္တလေးအခြေစိုက် အိမ်ခြံမြေ လုပ်ငန်းရှင် တဦးက ပြောသည်။
မန္တလေးမြို့ရှိ အခြေကျပြီးဖြစ်သည့် မြို့သစ်ရပ်ကွက်ကြီးများနှင့် ဆက်စပ်နေသော နေရာများမှာ အနာဂတ်အတွက် အလား အလာကောင်းမွန်နိုင်ကြောင်း ၊ မြို့သစ်ရပ်ကွက်ကြီးများ၏ အရှေ့မှအနောက်ဖြစ်သည့် ၅၈ လမ်းမှ ၇၃ လမ်းအထိ၊ တောင် နှင့် မြောက် သိပ္ပံလမ်းမှ မန္တလေး- ပြင်ဦးလွင်လမ်း အတွင်းရှိ နေရာများတွင် မြို့ပြဖွံ့ဖြိုးမှု အားကောင်း လာသည်နှင့် အမျှ တည်ဆောက်ရေး လုပ်ငန်းများလည်း အားကောင်းလာနိုင်သည်ဟု သုံးသပ်မှုများရှိနေကြောင်း၊ လတ်တလော သိန်း ၂၀၀ တန် မြေကွက်များသာ အမှန်တကယ် နေထိုင်သူများက ဝယ်ယူမှု ရှိကြောင်း သိရှိရသည်။
“ပြီးခဲ့တဲ့ တနှစ်လုံး အိမ်ခြံမြေဈေးကွက်က ငုတ်တုတ်မေ့နေရတယ်လို့ ပြောချင်ပါတယ်။ ဧပြီ၊ မေလအတွင်းမှာ အ ရောင်း အဝယ် ပြန်ဖြစ်လာတယ်လို့ ပြောလို့ရတယ်။ ဒါပေမယ့် မဖြစ်မနေ အသုံးလိုလို့ ချရောင်းတဲ့ အကွက်လေးတွေ၊ အခြား ဘက် မှာ ရင်းနှီးမြှုပ်နှံချင်လို့ ငွေဖော်တဲ့အနေနဲ့ ရောင်းတဲ့အကွက်လေးတွေပဲ အလုပ်ဖြစ်တာ များတယ်။ မဖြစ်နိုင် တဲ့ ဈေး ကို ခေါ်နေတဲ့ အကွက်တွေကတော့ အော်ကျန်နေရာတွေ ဖြစ်နေတုန်းပါပဲ”ဟု ချမ်းမြသာစည်မြို့နယ်၊ အောင်ပင်လယ် ရပ်ကွက် မှ အိမ်ခြံမြေအကျိုးတော်ဆောင် ဦးဌေးဌေးက ပြောသည်။
အစိုးရက မြေဈေးနှုန်းကျဆင်းစေရန် ရည်ရွယ်သော စံနှုန်း သတ်မှတ်ချက် ထုတ်ပြန်မှုများ၊ အခွန်နှုန်း ထား ထုတ်ပြန် ချက် များ၊ အခွန်ပြောင်းလဲ သတ်မှတ်များက အိမ်ခြံမြေ ဈေးနှုန်း အပေါ်တွင် သက်ရောက်မှုများစွာ ရှိစေမည် မဟုတ်ဘဲ ဈေးကွက်၏ ဝယ်လိုအားနှင့် ရောင်းလိုအားကသာ အိမ်ခြံမြေဈေးနှုန်းကို သတ်မှတ်ဖြစ်ပေါ်စေနိုင်ကြောင်း အိမ်ခြံမြေ လုပ်ငန်း အကျိုးဆောင်များက ဆိုသည်။
မန္တလေးတွင် ၂၀၁၄ ခုနှစ်မှ အခွန်အကောက် ဥပဒေ ပုဒ်မ ၂၆ အရ စည်းကြပ်မှုမှ ကင်းလွတ်နေသော ဝင်ငွေအပေါ် ၁ ကျပ်မှ သိန်း ၅၀ဝ အထိ ၃ ရာခိုင်နှုန်း၊ သိန်း ၅၀ဝ မှ သိန်း ၁၅၀ဝ အထိ ၁၀ ရာခိုင်နှုန်း၊ သိန်း ၁၅၀ဝ မှ သိန်း ၃၀ဝ၀ အထိ ၂၀ ရာခိုင်နှုန်း၊ သိန်း ၃၀ဝ၀ အထက် ၃၀ ရာခိုင်နှုန်း ပြောင်းလဲကောက်ခံနေကြောင်း၊ ငှားရမ်းမှုများနှင့် ပတ်သက်၍ ကျပ် သိန်း ၂၀ အထိသာ အခွန်ကင်းလွတ်ခွင့် ပေးထားပြီး သိန်း ၂၀ ကျော်မှစပြီး သိန်း ၅၀ အထိ ၅ ရာခိုင် နှုန်း၊ သိန်း ၅၀ မှ သိန်း ၁၀ဝ အထိ ၁၀ ရာခိုင်နှုန်း၊ သိန်း ၁၀ဝ မှ သိန်း၂၀ဝ အထိ ၁၅ ရာခိုင်နှုန်း၊ သိန်း ၃၀ဝ အထက် ၂၅ ရာခိုင်နှုန်း သတ်မှတ် ကောက်ခံလျက်ရှိကြောင်း သိရှိရသည်။
အိမ်ခြံမြေဈေးကွက်တွင် အရောင်းအဝယ် အေးစက်လာမှုများကြောင့် ကျပ်သိန်းသောင်းဂဏန်းတန်ဖိုးရှိ မြေကွက်များနှင့် လုံးချင်းအိမ်များကို နှစ်ရှည်အငှားစနစ်၊ နှစ်ပြတ်အငှားစနစ်၊ အရောင်းနှင့် အငှားစနစ်များဖြင့် ပြောင်းလဲ ငှားရမ်းမှုများ ရှိနေ ကြောင်း သိရှိရသည်။
အိမ်ခြံမြေ ငှားရမ်းမှုတွင်လည်း အပြိုင်အဆိုင် ငှားရမ်းမှု များကြောင့် ဈေးနှုန်းများ မြင့်တက်လာပြီး တလလျှင် ကျပ် ၅ သောင်းနှုန်းမှ ကျပ် ၃ သိန်းခန့် အိမ်ရာ ငှားရမ်းမှု ပို၍ များကြောင်း၊ ဈေး ဆိုင် ခန်းနှင့် လူနေထိုင်မှုပြုလုပ်နိုင်သည့် မြို့တွင်းပိုင်း ငှားရမ်းမှု ဈေးနှုန်းများမှာ ကျပ် ၂ သိန်းမှ ကျပ် ၁၂ သိန်းခန့် အထိ ရှိရာ စီးပွားရေးလုပ်ကိုင်သူများ ငှားရမ်းမှု ပို၍ များပြားလာကြောင်း သိရှိရသည်။
မန္တလေးတွင် မြို့တွင်းပိုင်းရှိ လမ်းမတန်း မြေကွက်များမှာ ကျပ်သိန်း ၃၀၀၀ နှင့် အထက် ပေါက်ဈေးရှိနေပြီး အရောင်း အဝယ် အလွန်နည်း ပါးကြောင်း၊ ရပ်ကွက်များ အတွင်းပိုင်းရှိ အိမ်ခြံမြေဈေးများမှာ ကျပ်သိန်း ၁၀၀၀ အထက်ရှိကာ ရောင်းလိုအား သာရှိပြီး ဝယ်လိုအား နည်းပါးကြောင်း သိရှိရသည်။