လာမည့် ၁၀ နှစ်ကာလတွင် ပြည်တွင်း အထည်ချုပ်လုပ်ငန်းမှ ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၁၀ ဘီလီယံအထိ မျှော်မှန်းထားကြောင်း မြန်မာနိုင်ငံ အထည်ချုပ် လုပ်ငန်းရှင်များ အသင်းမှ ဥက္ကဋ္ဌ ဦးမြင့်စိုးက ပြောသည်။
၂၀၂၅ ခုနှစ်တွင် ပြည်တွင်း အထည်ချုပ်လုပ်ငန်း စက်ရုံပေါင်း ၁၅၀၀ လည်ပတ်နိုင်သော အလုပ်သမားပေါင်း ၁၀ သိန်း ခန့်ကို ခန့်ထားပြီး ပို့ကုန်တန်ဖိုး ဒေါ်လာ ၁၀ ဘီလီယံအထိ ရရှိရန် ရည်မှန်းထားသည်ဟု ဆိုသည်။
“၂၀၂၅ ခုနှစ်မှာ စက်ရုံပေါင်း ၁၅၀၀ကို ရင်းနှီးမြှုပ်နှံပြီး လည်ပတ်ချင်ပါတယ်။ ကျနော်တို့နဲ့ ပူးပေါင်းလုပ်ဆောင်နေတဲ့ အလုပ်သမားတွေကိုလည်း ၁၀ သိန်း ခန့်ထားချင်ပါတယ်။ ၂၀၂၅ မှာ ၁၀ ဘီလီယံရဖို့ ရင်းနှီးမြှုပ်နှံမှု များရမယ်။ များ ရင် ပြည်ပပို့ကုန်တွေ ကလည်း တက်လာမယ်။ များဖို့အတွက် ခုနက လက်ခစားကနေ FOB စနစ်ကို ပြောင်းရမယ်”ဟု ဦးမြင့်စိုးက ပြောဆိုသည်။
၂၀၀၇ ခုနှစ်မှ ၂၀၁၆ ခုနှစ်ထိ အထည်ချုပ် လုပ်ငန်းသည် အတက်ဘက်သို့သာ ဦးတည်ခဲ့ပြီး ပြည်တွင်းတွင် လည်ပတ် နေသည့် စက်ရုံပေါင်း ၄၀၀ နီးပါးရှိကာ အလုပ်ခန့်ထားနိုင်သည့် အလုပ်သမား စုစုပေါင်း ၃ သိန်းခွဲကျော်ရှိကြောင်း လည်း သိရသည်။
ဇွန် ၁၃ ရက်နေ့ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI)တွင် ပြုလုပ်ခဲ့ သည့် စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းနှင့် လုပ်ငန်းရှင်များ တွေ့ဆုံပွဲတွင် ဦးမြင့်စိုးက တင်ပြသွား ခြင်းဖြစ်သည်။
ပြည်တွင်းရှိ အထည်ချုပ် လုပ်ငန်းများသည် ယနေ့ချိန်အထိ လက်ခစားစနစ်ဖြင့်သာ လုပ်ကိုင်နေရသည့် အခြေအနေ ဖြစ် ပြီး ၉၀ ရာခိုင်နှုန်းအထိ ပြည်ပမှ တင်သွင်းလာသည့် သွင်းကုန်များအပေါ်တွင်သာ ပြည်တွင်း လုပ်ငန်းရှင်များက မှီခိုနေရသည့်အတွက် အလုပ်အကိုင် အခွင့်အလမ်း ပိုများလာနိုင်ရန် CMP စနစ်မှ FOB စနစ်ကို သွားရမည် ဖြစ်သည်ဟု ဆိုသည်။
“အဲဒီစနစ် ဆောာင်ရွက်တဲ့ အခါမှာလည်း လုပ်သာကိုင်သာဖြစ်တဲ့ ပြန်လည်တင်ပို့မှာ ဖြစ်တဲ့အတွက် အခွန်ကို ကင်းလွှတ် ခွင့်ပြုဖို့ ဆောင်ရွက်မှုနဲ့အတူ ဖွံ့ဖြိုးတိုးတက်အောင ်လုပ်ဖို့ အများကြီး ဆတိုးတက်အောင် လုပ်ရမယ်”ဟု ဥက္ကဋ္ဌ ဦးမြင့်စိုးက ပြောသည်။
FOB (Freight of Board ) စနစ်သို့ ပြောင်းလဲရမည ်ဆိုသည်မှာ အထည်ချုပ် လုပ်ငန်းများကို လက်ခစားစနစ် (CMP) မှ ကိုယ်ပိုင် အမှတ်တံဆိပ်ဖြင့် ထုတ်လုပ်သည့် စနစ် (FOB) ဖြင့် ပြည်ပနိုင်ငံများသို့ ထုတ်လုပ်ခြင်းဖြစ်သည်။
FOB စနစ်သို့ကူးပြောင်းရန် လိုအပ်ချက်များမှာ FOB စနစ် ပြည့်ဝစွာ လုပ်ကိုင်နိုင်ရန် အထည်ချုပ်လုပ်ငန်း Supply Change အတွက် လိုအပ်သောပစ္စည်းများ၊ ထုတ်လုပ်သော လုပ်ငန်းများ ထူထောင်ရင်းနှီးမြှုပ်နှံနိုင်ရန် EPZ (Export Processing Zone ) အကောင်အထည် ဖော်နိုင်ရန ်လိုအပ်ကြောင်းကိုလည်း ဥက္ကဋ္ဌ ဦးမြင့်စိုးက ပြောသည်။
“ကျနော်တို့က အပ်ချည်လည်း အင်ပို့(Inport) ၊ ပိတ်ဆိုလည်း အင်ပို့၊ တံဆိပ်ဆိုလည်း အင်ပို့ လုပ်ရတယ် အကုန်လုံး အင်ပို့ လုပ်နေရတယ်။ သူများကို မှီခိုနေရတာချည်းပဲ ဖြစ်နေတယ်။ သူများအပေါ်မှာ ကိုယ်က ၉၀ ရာခိုင်နှုန်း လောက် မှီခိုပြီးတော့မှ ကိုယ်က လူနဲ့စက်ပဲ စိုက်တဲ့စနစ်ကနေပြီးတော့ ကိုယ်ဘာသာရပ်တည်နိုင်တဲ့ ထုတ်လုပ်မှု လုပ်ငန်း ဖြစ်ဖို့ FOB စနစ်ကို ပြောင်းလဲရမယ်”ဟု ဥက္ကဋ္ဌ က ပြောသည်။
ထိုပြင် ၎င်းက ဆက်လက်ပြီး“ဒီပိတ်တွေကိုပြောင်းလဲပြီးတော့ ဒီမှာထုတ်မယ်ဆိုရင် EPZ လိုအပ်မှာဖြစ်တယ်။ ကျနော် တို့ နိုင်ငံမှာ EPZ မရှိသေးပါဘူး။ ရိုးရိုး စက်မှုဇုန်များသာ ရှိပြီးတော့ အထူးစီးပွားရေးဇုန် အနေနဲ့ သုံးခုရှိနေပြီးတော့ EPZ ကို အကောင်အထည် ဖော်ပြီးတော့ ဒေသတွေမှာရှိတဲ့နေရာတွေမှာ EPZ တွေ အကောင်အထည်ဖော်ချင် ပါတယ်”ဟုလည်း ပြောဆိုသည်။
FOB စနစ်တွင် ပြည်ပမှ တင်သွင်းလာသည့် ကုန်ကြမ်းများကို အခွန် ကင်းလွတ်ခွင့် ပေးရန်၊ အခွန် ကင်းလွတ်ခွင့်ဖြင့် တင်သွင်းလာသည့် ကုန်ကြမ်းများကို အကောက်ခွန် ဦးစီးဌာနက ထိန်းချုပ်ထားရန်၊ ပြည်ပမှ ဝယ်ယူမည့် ကုန်ကြမ်း များ ကို အကြွေးဝယ် စနစ် (L/C) ဖြင့်ဝယ်ယူနိုင်ရန်နှင့် ပြည်ပရှိ ဘဏ်များနှင့် မြန်မာနိုင်ငံမှ ဘဏ်များ ချိတ်ဆက်ထား ရန် လိုအပ်ကြောင်း တို့ကိုပါ ထည့်သွင်း ရေးဆွဲထားကြောင်း သိရသည်။
၂၀၁၄ ခုနှစ်အတွင်း မြန်မာ့အထည်ချုပ် တင်ပို့မှု စုစုပေါင်း၏ ၃၈ ဒသမ ၆၉ ရာခိုင်နှုန်းကို ဂျပန်နိုင်ငံကမှာယူပြီး ကိုရီးယား နိုင်ငံက ၂၉ ဒသမ ၉၄ ရာခိုင်နှုန်းဖြင့် ဒုတိယ နေရာလိုက်ခဲ့ကြောင်း၊ ဂျာမနီနိုင်ငံက ၅ ဒသမ ၉၄ ရာခိုင် နှုန်း ဖြင့် တတိယ အများဆုံး မှာယူသည့်နိုင်ငံ ဖြစ်ခဲ့ကြောင်း မြန်မာနိုင်ငံအထည်ချုပ် လုပ်ငန်းရှင်များ အသင်းက ပြော သည်။
မြန်မာနိုင်ငံ၏ အထည်ချုပ်တင်ပို့မှု ပမာဏသည် လက်ရှိတွင် မြင့်တက်လျက်ရှိပြီး အထည်ချုပ် ပို့ကုန်တန်ဖိုးသည် ၂၀၁၄ ခုနှစ် တွင် အမေရိကန် ဒေါ်လာ ၁ ဒသမ ၄ ဘီလီယံသာ ရှိခဲ့ရာမှ ပြီးခဲ့သည့် ၂၀၁၅ ခုနှစ်တွင် ၁ ဒသမ ၆၅ ဘီလီယံ အထိ ရှိလာကြောင်း မြန်မာနိုင်ငံ အထည်ချုပ် လုပ်ငန်းရှင်များ အသင်းထံမှ သိရသည်။