ပဲနှမ်းအရောင်းအဝယ်များ ပြုလုပ်လျက်ရှိသည့် မန္တလေး ကုန်စည်ဒိုင်တွင် ပဲနှမ်းကြိုရောင်းကြိုဝယ် ပြုလုပ်ပါက ကုန်တန်ဖိုး ၏ ၁၀ ရာခိုင်နှုန်း Deposit (စပေါ်ငွေ) တင်ရမည့် စနစ်သစ်ကို လာမည့် စက်တင်ဘာလတွင် စတင်ကျင့်သုံးမည် ဖြစ်ကြောင်း သိရသည်။
“ကြိုရောင်းကြိုဝယ်ကြောင့် ငွေကြေးဆုံးရှုံးမှုတွေ များတယ်။ ဒါကြောင့် လာမယ့်ရာသီမှာ စပေါ်ငွေ ၁၀ ရာခိုင်နှုန်း စနစ် ကျင့်သုံးဖို့ အလုပ်အမှုဆောင် အဖွဲ့တွေက ဆုံးဖြတ်လိုက်တယ်”ဟု မန္တလေးကုန်စည်ဒိုင် ပြန်ကြားရေးအဖွဲ့ ဥက္ကဋ္ဌ ဦးချွန်က ပြောသည်။
ပဲနှမ်းကြိုရောင်းကြိုဝယ် ကိစ္စများကြောင့် ယခုနှစ်အပါအဝင် ပြီးခဲ့သည့် ၄ နှစ်အတွင်း မန္တလေးကုန်စည်ဒိုင်တွင် အလွဲသုံးစား ပြုမှု ငွေကြေးပမာဏ စုစုပေါင်းငွေ ကျပ် သိန်းပေါင်း ၃ သောင်းခန့်ရှိခဲ့ကြောင်း မန္တလေးကုန်စည်ဒိုင် အသင်းဝင် များက ပြောဆိုသည်။
ထိုသို့သော ငွေကြေးအရှုပ်အရှင်း ကိစ္စရပ်များ ကြိုတင်ကာကွယ်နိုင်ရန်နှင့် ကုန်သည်များ လုပ်ငန်းအာမခံချက် ရှိစေရန် အတွက် စပေါ်ငွေ ၁၀ ရာခိုင်နှုန်း ကြိုပေးသည့်စနစ်ကို လာမည့် စက်တင်ဘာလတွင် စတင်ကျင့်သုံးမည်ဟု ဦးချွန်က ပြောသည်။
စနစ်သစ်တွင် ပဲနှမ်းကုန်သည်က ဝယ်ယူမည့် ကုန်စည်၏ တန်ဖိုး ၁၀ ရာခိုင်နှုန်းကို ဘဏ်တွင် စပေါ်ငွေ ထားရှိပြီး ငွေသွင်း သည့်နေ့မှ တလအတွင်း ကုန်သိမ်းရမည့်စနစ် ဖြစ်ကြောင်းလည်း ၎င်းက ဆက်ပြောသည်။
နှစ်စဉ်ပဲအသစ်ပေါ်သည့် ရာသီချိန်မတိုင်မီ ပွဲစားကုန်သည်များကြား စာချုပ်သဘောမျိုး မဟုတ်ဘဲ လေဖြင့် (နှုတ်ပြောဖြင့်) အရောင်း အဝယ် ပြုလုပ်ကြလေ့ရှိပြီး ဈေးအတက်အကျ ကွာဟသွားသည့်အချိန်တွင် အရောင်းအဝယ်ပျက်ကာ ငွေအလွဲသုံးစား မှုများ ဖြစ်ပေါ်စေခဲ့သည့်အတွက် ယခုစနစ်သစ်ကို ကျင့်သုံးရခြင်းဖြစ်သည်ဟု ဦးချွန်က ပြောဆိုသည်။
ပဲနှမ်းငွေကြေးအလွဲသုံးစားမှုတွင် နစ်နာခဲ့ရသူတဦးဖြစ်သည့် မန္တလေးကုန်စည်ဒိုင်အသင်းဝင် ဦးကျော်လာ ကလည်းကျင့်သုံးမည့် စနစ်သစ်နှင့် ပတ်သက်ပြီး “တကယ်တမ်း အရောင်းအဝယ်သမားတွေအတွက် ၁၀ ရာခိုင်နှုန်းဆိုတာ ပေးသင့် ပါတယ်။ ဒိုင်အနေနဲ့ ဖိဖိစီးစီး လုပ်ပေးမယ်ဆိုရင် ဒီစနစ်က အောင်မြင်မှာပါ။ အောင်မြင်ဖို့လည်း မျှော်လင့်ပါတယ်။ ဒါမှ အလုပ် လုပ်ရတာ အာမခံချက်ရှိလာမှာ”ဟု ပြောသည်။
စပေါ်ငွေတင်ရမည့် စနစ်သစ်ကို ပဲအသစ်ပေါ်ချိန်၌ ကျင့်သုံးနိုင်ရန် သင့်လျှော်သည့် စည်းမျဉ်းစည်းကမ်းများ ရေးဆွဲခြင်း၊ စပေါ်ငွေ အပ်နှံနိုင်မည့် ပုဂ္ဂလိကဘဏ်များနှင့် ညှိနှိုင်းခြင်းများ ပြုလုပ်နေကြောင်း ဦးချွန်က ပြောပြသည်။
တိုင်းနှင့် ပြည်နယ်အလိုက် ဖွင့်လှစ်ထားသည့် ကုန်စည်ဒိုင်ပေါင်း ၅၅ ခုရှိရာ စပေါ်ငွေ ၁၀ ရာခိုင်နှုန်း ကြိုပေးစနစ်အားလက်ရှိတွင် ရန်ကုန်၊ မကွေး၊ ပခုက္ကူ ကုန်စည်ဒိုင်တွင်သာ ကျင်သုံးလျက်ရှိကြောင်း ကုန်သွယ်မှု မြှင့်တင်ရေးနှင့် စားသုံးသူ ရေးရာ ဦးစီးဌာနမှ သိရသည်။
စပေါ်ငွေ ၁၀ ရာခိုင်နှုန်း ကြိုပေးသည့် စနစ်ကို ၂၀၁၅ ခုနှစ်မှ စတင်ကျင့်သုံးခဲ့သည့် ရန်ကုန် ဘုရင့်နောင် ကုန်စည်ဒိုင် အသင်းဝင် တဦးက “ဒီစနစ်က အစပိုင်းမှာ အခက်အခဲရှိပေမယ့် အခုတော့ တော်တော် အဆင်ပြေတယ်။ ဒါပေမယ့် စည်းမျဉ်း တအားတင်းကျပ်ရင် ကုန်သည်တွေက ဒိုင်အပြင် သွားလုပ်တဲ့သဘောတော့ ရှိတတ်တယ်”ဟု ပြောပြသည်။
မန္တလေးကုန်စည်ဒိုင်သည် တရုတ်နိုင်ငံသို့ ပဲနှမ်း အဓိကတင်ပို့နေသည့် အထက်မြန်မာပြည် ဈေးကွက်တခုဖြစ်ပြီး ကုန်စည်ဒိုင်တွင် အသင်းဝင်အဖြစ် မှတ်ပုံတင်ပြီး အရောင်းအဝယ် ပြုလုပ်နေသည့် ကုန်သည်ပေါင်း ၅၀၀၀ ကျော်ရှိကြောင်း သိရသည်။