ရန်ကုန်စတော့ဈေးကွက်တွင် စာရင်းဝင်ရောင်းချနေသော FMI ကုမ္ပဏီနှင့် မြန်မာ သီလဝါအထူးစီးပွားရေးဇုန် အများပိုင် ကုမ္ပဏီ (MTSH)တို့၏ ရှယ်ယာဈေးနှုန်းများ ကျဆင်းလာလျက်ရှိကြောင်း သိရသည်။
ရန်ကုန်စတော့ရှယ်ယာဈေးကွက်တွင် စတော့ရှယ်ယာများရောင်းချခြင်းကို ၂၀၁၆ ခုနှစ် မတ်လတွင် စတင် ရောင်း ချခဲ့ပြီး စတင်ရောင်းချခဲ့ချိန်က လူစိတ်ဝင်စားမှုများ များပြားပြီး စတော့ရှယ်ယာဈေးနှုန်းများ အမြင့်ပိုင်း တွင်ရှိခဲ့ကြောင်း၊ သို့ရာတွင် နောက်ပိုင်းတွင် စတော့ ဈေးနှုန်းများမှာ တဖြည်းဖြည်းကျဆင်း နေလျှက်ရှိပြီး ပြီးခဲ့သည့် ၂၁ ရက်နေ့က ရှယ်ယာတစုလျှင် ၂၅၅၀၀ ကျပ်ဖြင့် အရောင်းပိတ်ခဲ့သော FMI ကုမ္ပဏီ၏ ရှယ်ယာ များသည် ယခု ၂၈ ရက်နေ့အရောက်တွင် တစုလျှင် ၂၀၅၀၀ ကျပ်အထိ ထိုးကျ၍ အရောင်းအဝယ် ဖြစ်သွားခဲ့ ကြောင်း သိရှိရသည်။
လူကြိုက်များသော မြန်မာသီလဝါ ကုမ္ပဏီ၏ ရှယ်ယာများသည် ဇွန်လ ၂၁ ရက်နေ့တွင် တစုလျှင် ၅၃၀၀၀ ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပြီး ယခုအခါ တစုလျှင် ၄၇၀၀၀ ကျပ်သာ ဈေးရှိကြောင်း သိရှိရသည်။
THURA SWISS ကုမ္ပဏီ အမှုဆောင်အရာရှိချုပ် ဒေါက်တာအောင်သူရက “စတော့အိတ်ချိန်း စကာစဆိုတော့ ဈေးနှုန်း အတက်အကျတွေက ဒီလိုပဲ ဖြစ်တက်ပါတယ်။ရောင်းတဲ့ဝယ်တဲ့သူ နည်းသေးတဲ့ ကာလမှာ တ ယောက် ယောက်က အရောင်းအဝယ် ပိုလိုက်ရင်လည်း ဈေးတက်တာ ကျတာ ဖြစ်တတ်တယ်။ ဒီမှာက အရောင်း အဝယ် လုပ်တဲ့ ပမာဏက အရမ်းနည်းသေးတယ်လို့ ပြောလို့ရပါတယ်” ဟု ပြောသည်။
စတော့ ရှယ်ယာရောင်းသူနှင့် ဝယ်သူကြား ဝန်ဆောင်မှုပေးရသော ကုမ္ပဏီများတွင် စတော့ အရောင်း အဝယ် လုပ်ရန် စာရင်းဖွင့်သည့် သူဦးရေမှာ နည်းသေးသည့်အတွက် ဈေးနှုန်းအတက်အကျသည် ဈေးကွက်အပေါ် သက် ရောက်မှု နည်းပါးကြောင်း မြန်မာ့ငွေချေးသက်သေခံလက်မှတ်များ လဲလှယ် ရောင်းဝယ်ရေး ကုမ္ဗဏီ (MSEC) ၏ အကြံပေး ဦးတင်မြင့်က ပြောသည်။
“ဝန်ဆောင်မှုကုမ္ပဏီတခုမှာ Account ဖွင့်တာက လူ ၂ထောင်လောက်ပဲ ရှိတယ်ထား၊ အဲ့ဒီထဲက စတော့မှာ တကယ် အရောင်းအဝယ် ကစားတဲ့သူက ဆယ်ဂဏန်းပေါ့၊ နိုင်ငံနဲ့ ယှဉ်လိုက်ရင် အရမ်းကို နည်းနေပါသေး တယ်၊အခုလို ဈေးအတက်အကျတွေက သိပ်အများကြီး အကျိုးသက်ရောက်မှု ဖြစ်တယ်ပြောလို့ မရပါဘူး” ဟု ဦးတင်မြင့်က ပြောသည်။
စတော့ရှယ်ယာ ဈေးနှုန်းများမှာ အမြင့်ဈေးများအထိလည်း ရောက်ခဲ့ဖူးသည် ဖြစ်ရာ ထိုအမြင့်ဈေးများနှင့် ဝယ်ထားမိပြီး လက်ရှိ နစ်နာနေသူများလည်း ရှိကြောင်း သိရသည်။
FMI ရှယ်ယာများသည် တစုလျှင် ၄၂၀၀၀ ကျပ်အထိ အမြင့်ဆုံး ရောက်ရှိခဲ့ဖူးပြီး မြန်မာသီလဝါ ကုမ္ပဏီ၏ ရှယ်ယာ များသည်လည်း တစုလျှင် ၇၀၀၀၀ ကျပ်အထိ ရောက်ရှိခဲ့ဖူးပြီး တက်ဈေးနှင့် ဝယ်ယူထားသူများမှာ ဆုံးရှုံးမှုများ ကြုံတွေ့နေရပြီဖြစ်သည်။
ဦးတင်မြင့်က “ ဈေးနှုန်းအမြင့်နဲ့ ဝယ်မိပြီး ပိုက်မိနေတဲ့ သူတွေလည်း ရှိတာပေါ့။ တချို့လည်း ငွေလိုသူက ဈေး အကျနဲ့ ပြန်ရောင်းတာ မျိုးလည်း ရှိမယ်” ဟု ပြောသည်။
ရှယ်ယာဈေးနှုန်းများ ကျဆင်းလာသော်လည်း အရောင်းအဝယ် ဖြစ်သည့် ပမာဏမှာ ယခင် ဈေးအမြင့် ဖြစ်ခဲ့သည့် ရက်များထက် ပိုမိုများပြားလာကြောင်း၊ လက်ရှိအချိန်တွင် FMI ကုမ္ပဏီသည် ၎င်းတို့၏ ဘဏ် ဖြစ်သော ရိုးမဘဏ်ကို ဆက်လက်တိုးချဲ့သွားမည်ဟု ပြောဆိုထားပြီး ၎င်းတို့ ဖက်စပ်ပါဝင်သော Star City ကြယ်စင်အိမ်ယာစီမံကိန်းမှ FMI ၏ အမြတ်ဝေစု ၃ ဒသမ ၃ ဘီလီယံကျပ် ရရှိခဲ့ကြောင်း တရားဝင် သတင်း ထုတ်ပြန်ချက်များအရ သိရှိရသည်။
မြန်မာသီလဝါအထူးစီးပွားရေးဇုန် အများပိုင်ကုမ္ပဏီ MTSH သည် သီလဝါ အထူးစီးပွားရေးဇုန် အကောင် အထည် ဖော်ရေးတွင် ပါဝင်သည့် ကုမ္ပဏီဖြစ်ပြီး အများပိုင်ကုမ္ပဏီ စတင် တည်ထောင်စဉ်က ရှယ်ယာတစု ၁ သောင်းဖြင့်စတင်ရာမှ ယခု၎င်းတို့၏ ရှယ်ယာနှုန်းမှာ ၄၇၀၀၀ ကျပ်အထိ ရောက်ရှိနေပြီ ဖြစ်ကြောင်း၊ စတော့ အိတ်ချိန်း တွင် စတင်ဝင်ရောက်သည့် ရက်က ၎င်းတို့၏ ရှယ်ယာများကို တစုတန်ဖိုး ၄၀၀၀၀ ကျပ်ဖြင့် ဖွင့်ခဲ့ ကြောင်း သိရှိရသည်။