မော်တော်ယာဉ် လုပ်ငန်းပေါင်းစုံ ထိန်းသိမ်းရေး ကြီးကြပ်မှု ဗဟိုကော်မတီ(မထသ) ကို ဖျက်သိမ်းပြီး Yangon Transport Authority အာဏာပိုင် အဖွဲ့အစည်း ထူထောင်၍ ရန်ကုန်မြို့တွင်း ခရီးသည် သယ်ယူပို့ဆောင်ရေး လုပ်ငန်းများ ဆောင်ရွက် သွားမည် ဟု သိရသည်။
ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ရန်ကုန်မြို့တော် သယ်ယူပို့ဆောင်ရေး အကြံပေး ဒေါက်တာ မောင်အောင်က “မထသကို ဖျက်သိမ်းဖို့ ဝန်ကြီးချုပ်ကလည်း ပြောပြီးဖြစ်ပါတယ်။ သုံးလအတွင်း ဖျက်သိမ်းမှာပါ။ ချက်ချင်းတော့ မဖျက် သေးဘူး။ မထသ ရဲ့အောက်မှာ လိုင်းတွေများတယ်။ နေ့စဉ်ပြဿနာတွေက ပိုင်ဆိုင်မှု ပြဿနာပါ။ တဦးချင်းပိုင်တာ များ တယ်။ လက်ရှိ စနစ်ကိုပြင်မှာ၊ မထသ ရဲ့စီမံခန့်ခွဲမှုက တော်တော်များများ ဖြေရှင်းလို့ မရတဲ့အတွက် စနစ်ကို အရင်ပြင်မှာ။ ပြင်တဲ့ နေရာမှာ ပိုင်ဆိုင်မှု စနစ်ကို တဦးချင်းပိုင်တာ မဟုတ်ဘဲ အများပိုင်အဖြစ် တိုးချဲ့သွားမယ်”ဟု ပြောသည်။
အသစ်ပြန်လည်ဖွဲ့စည်းမည့် Yangon Transport Authority အဖွဲ့အစည်းတွင် ရန်ကုန်တိုင်း ဝန်ကြီးချုပ်၊ နယ်စပ်ရေးရာနှင့် လုံခြုံရေးဝန်ကြီး၊ ပို့ဆောင်ရေးဝန်ကြီး၊ တိုင်းအုပ်ချုပ်ရေးမှူးနှင့် ကျွမ်းကျင်ပညာရှင်များ ပါဝင်မည် ဖြစ်ကြောင်း ၎င်းက ဆို သည်။
“အစားထိုးဝင်လာမယ့် Yangon Transport Authority အဖွဲ့က ရန်ကုန်မြို့ရဲ့ သယ်ယူပို့ဆောင်ရေးကို အများစု ဖြေရှင်း ပေးမယ်။ နောက်တပတ်ဆိုရင် ဒီအဖွဲ့က ဖြစ်လာတော့မယ်။ ဥပဒေက ရေးဆွဲနေတုန်း။ ဥပဒေပြဌာန်းပြီးမှ မထသ ကို ဖျက်မှာပါ”ဟု ဒေါက်တာ မောင်အောင်က ပြောသည်။
အများပိုင်စနစ် ကျင့်သုံးရာတွင် မော်တော်ယာဉ်လိုင်းများတွင် စပယ်ယာ ထားရှိမည်မဟုတ်ဘဲ E-Ticket စနစ်ကို အသုံးပြု သွားမည်ဖြစ်ကြောင်း၊ အသုံးပြုမည့်ကားစနစ်သည် Brand New ၂၀၀၆ မော်ဒယ်၊ အဲကွန်း တပ်ဆင်နိုင်ပြီး လုံခြုံမှု ရှိသည့် မော်တော်ယာဉ်များကို အစားထိုး ပြေးဆွဲမည်ဖြစ်ကြောင်းလည်း ၎င်းက ဆက်ပြောသည်။
ရန်ကုန်မြို့၏ လက်ရှိ သယ်ယူပို့ဆောင်ရေးတွင် ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်တို့က စည်းကမ်းလိုက်နာမှု အားနည်း ခြင်း၊ ခရီးသည်များအပေါ် ရိုင်းပြစွာ ဆက်ဆံခြင်း၊ ခရီးစဉ်ဆုံးအောင် ပြေးဆွဲမှု မရှိခြင်း၊ အပြိုင် လုမောင်းခြင်းတို့ကြောင့် ယာဉ်ကြော ပိတ်ခြင်း စသည့် နေ့စဉ်ကြုံတွေ့နေရသည့် ပြဿနာများကို လက်ရှိ ကျင့်သုံးနေသည့်စနစ်ဖြင့် ဖြေရှင်းနိုင်ခြင်း မရှိသည့် အတွက် ယခုစနစ်ကို ပြောင်းလဲရခြင်း ဖြစ်သည်ဟု မထသ (ဗဟို) ဥက္ကဋ္ဌ ဦးလှအောင် ကလည်း ပြောဆိုသည်။
“ရန်ကုန် ဘတ်စ်ကား အများပိုင်ကုမ္ပဏီ ဖွဲ့တုန်းကလည်း အမျိုးမျိုးဝေဖန်မှုတွေ ရှိခဲ့တယ်။ အဲဒီတုန်းက အစိုးရကနေ ထည့်ဝင် ငွေက ကျပ် ၁၀ ဘီလီယံ ထည့်ဝင်ထူထောင်တယ်။ ပုဂ္ဂလိက ကနေ ရှယ်ယာတွေလည်း ခေါ်ခဲ့တယ်။ အခုက ကိုယ့်မှာ ရှိတဲ့ကားတွေကို ထူထောင်ရမှာ။ ကွဲလွဲမှုတွေရှိတဲ့အတွက် ယာဉ်ပိုင်ရှင်တွေလည်း အခက်အခဲတော့ ရှိလိမ့်မယ်” ဟုလည်း ဦးလှအောင်က ပြောသည်။
သုံးလအတွင်း အကောင်အထည်ဖော်သွားမည့် ယခုအစီအစဉ်၌ တဦးချင်းပိုင်စနစ်မှ အများပိုင်စနစ်သို့ ပြောင်းပေးခြင်း အပါအဝင် လက်ရှိပြေးဆွဲနေသည့် ယာဉ်အိုယာဉ်ဟောင်းများအတွက် ကားဟောင်းအပ်နှံခြင်း၊ နယ်ပြောင်းရွှေ့ခြင်း၊ ကား အသစ်ဝယ်ယူနိုင်ရန် ဘဏ်များဖြင့်ချိတ်ဆက်၍ အရစ်ကျစနစ်ဖြင့် ဝယ်ယူနိုင်ရန် စီစဉ်ပေးခြင်းတို့ ပါဝင်မည် ဖြစ်ကြောင်း ဒေါက်တာမောင်အောင်က ပြောသည်။
ထိုအစီအစဉ်နှင့်ပတ်သက်ပြီး မ.ထ.သ ၅၁ ယာဉ်လိုင်းပိုင်ရှင် တဦးဖြစ်သူ ဦးလှမြင့်က “၅၁ ယာဉ်လိုင်းထဲမှာ ကား ၃ စီး ထည့်ထားတယ်။ ကားက မိုးမလုံ။ ပြတင်းပေါက်တွေက မှန်တင်ချ မရ ဖြစ်နေတယ်။ ဒါတွေလဲလှယ်ဖို့ ငွေအရင်းအနှီး မတတ်နိုင်တဲ့ ယာဉ်ပိုင်ရှင်တွေကို အစိုးရက ကူညီပေးရမယ်။ နောက်ပြီး ဒီစနစ်မှာ ပါဝင်မယ့် မူတွေကိုလည်း တခုချင်း ချပြသင့်တယ်”ဟု ပြောဆိုသည်။
မ.ထ.သ ၂၂၆ ယာဉ်လိုင်းမှ ယာဉ်မောင်း ဦးစိုင်းက “ယာဉ်မောင်းကိုတော့ လစာနဲ့ ပြန်ခန့် မယ်လည်း ကြားတယ်။ စပယ်ယာတွေတော့ လက်မှတ်အရောင်း ပြန်ခန့်မယ် ဆိုလားပဲ။ ကားတွေကိုလည်း ပိုင်ရှင်ဆီကနေ ပုတ်ပြတ် ပြန်ငှားမယ် လို့ ကြားရတာပဲ”ဟု ပြောသည်။
လာမည့်စက်တင်ဘာတွင် စနစ်သစ်ဖြင့်ပြေးဆွဲရန် စီစဉ်ထားပြီး ယာဉ်လမ်းကြောင်းပုံစံမှာ မြို့ပြင်မှပြေးဆွဲနေသည့် ကား များ ကို မြို့တွင်းသို့ ဝင်ရောက်ခွင့်မပြုဘဲ မြို့အဝင်အထိသာ ပြေးဆွဲစေပြီးနောက် မြို့တွင်းသို့ လွန်းပျံယာဉ် (Suttle Bus) များဖြင့် ခရီးသည်များကို ပို့ဆောင်ပေးရန် စီစဉ်ထားခြင်းဖြစ်ကြောင်းနှင့် ခရီးသည်များအနေဖြင့် ယာဉ်စီးခကို စတင် စီးနင်းစဉ်၌သာ ပေးဆောင်ရမည်ဖြစ်ပြီး မြို့တွင်းသို့ စီနင်းရာတွင် ထမ်မံပေးဆောင်းစရာ မလိုတော့သည့် စနစ်ဖြစ်သည်ဟု ဒေါက်တာ မောင်အောင်က ပြောပြသည်။
ထိုအပြင် ရန်ကုန်မြို့အတွင်းသို့ သွားလာလွယ်ကူ မြန်ဆန်စေရန်အတွက် လှိုင်မြစ်ကြောင်းနှင့် ငမိုးရိပ်ချောင်း တလျှောက် တွင်လည်း အမြန်ရေယာဉ်များဖြင့် ရေကြောင်းခရီးစဉ် သယ်ယူပို့ဆောင်ပေးနိုင်ရန် Water Taxi စနစ်ကိုလည်း တပြိုင် တည်း ဆောင်ရွက်သွားမည်ဟု ၎င်း ဆက်ပြောသည်။