ပြည်တွင်းဈေးကွက်တွင် အခေါက်ရွှေ ဈေးနှုန်းမှာ ၁ ကျပ်သားလျှင် ၈သိန်း ၄ သောင်းကျော် အထိ ဖြစ်လာပြီး ဝယ်သူ ရှားပါးလျက်ရှိ ကြောင်း ပြည်တွင်းရွှေလုပ်ငန်းရှင်များက ပြောသည်။
ယနေ့နံနက်ပိုင်းတွင် တကျပ်သားလျှင် ၈၄၈၂၀၀ကျပ် ဖြင့် ဈေးဖွင့်ခဲ့ပြီး မွန်းလွဲ ပိုင်းတွင်မူ ၈၄၇၀၀၀ ကျပ်သို့ အနည်းငယ်ကျဆင်းသွားကြောင်း မန္တလေး ရွှေလုပ်ငန်းရှင်များအသင်း အတွင်းရေးမှုး ဦးတင်ထွန်းက ပြောသည်။
ဦးတင်ထွန်းက “အရောင်း အဝယ်က အဝယ်သိပ်မရှိဘူး။အဝယ်ကမရှိဘူးဗျ။ ဒီဈေးကျတော့ သိုလှောင် တဲ့သူ တွေက မဝယ်ကြဘူး။ရှိတာတာ ထုတ်ရောင်းကြတာ။ ထုတ်ရောင်းတာတောင် ၈ သိန်းလောက်က တည်း က ထုတ်ရောင်းကြတာ။ဒါလည်း ကုန်လောက်ပြီ။ မတက်လောက်ဘူးထင်ပြီး ရောင်းကြတာ။ ဒါပေမယ့် ကမ္ဘာ့ရွှေ ဈေး ကလည်း တောက်လျှောက်တက်တာ” ဟုပြောသည်။
အီးယူအဖွဲ့ဝင်အဖြစ်မှ ဗြိတိန်ခွဲထွက်ခဲ့သည့် ဖြစ်စဉ်နှင့်အတူ စတာလင်ပေါင်ဈေးနှုန်းများ ထိုးကျသွားရာမှ ကမ္ဘာ့ရွှေဈေး ဆက်တိုက်မြင့်တက်လာခဲ့ပြီး မြန်မာ့ရွှေဈေးလည်း ထိုအချိန်မှစ၍ တောက်လျှောက် တက် လာခဲ့ခြင်းဖြစ်ကြောင်း၊ မြန်မာ့ရွှေဈေးသည် ၁ကျပ်သား ၇သိန်း ၉ သောင်းကျော်မှ ယခုကဲ့သို့ ၈သိန်း ၄သောင်းကျော်အထိ ဆက်တိုက်တက်လာကြောင်း၊ ယခုဈေးကွက်တွင် ဖြစ်နေသော ရွှေဈေးနှုန်းသည် စံချိန်တင်ဈေးနှုန်းဖြစ်ကြောင်း ဈေးကွက်ကျွမ်းကျင်သူ ရွှေကုန်သည်များက ဆိုကြသည်။
၎င်းက “စံချိန်တင်ဈေးပဲ။ ဒါတခါမှ မဖြစ်ဖူးဘူး၊၈သိန်း ၄ သောင်းကျော်ဆိုတာက။ ၈ သိန်း သောင်းစွန်းလေး ဖြစ်ဖူးပြီး ၇ သိန်း ၂ သောင်းလောက်ထိ ပြန်ရောက်တယ်ပေါ့။ အခု ၈ သိန်း ၄သောင်းကျော်ဆိုတာ ဒီတခါပဲ ရှိသေးတယ်” ဟု ပြောသည်။
ရွှေဈးတက်ခြင်းသည် အဓိကအားဖြင့် ကမ္ဘာ့ရွှေဈေး မြင့်တက်ခြင်းကြောင့်ဖြစ်ပြီး ဈေးနှုန်းမြင့်တက်ခြင်း ကြောင့် ဈေးကွက်တွင် အဝယ်နည်းသွားကြောင်း ဦးထုံရွှေဆိုင်ပိုင်ရှင် ဦးကျော်ဝင်း ကပြောသည်။
၎င်းက “အရောင်းအဝယ်က အေးတယ်။အားလုံးကတော့ ဈေးကွက်မှာ ဈေးတက်တော့ အဝယ်သမားနည်းနည်း နည်းတာပေါ့။ ဈေးကတော့ ကမ္ဘာ့ရွှေဈေးတက်လို့ပေါ့၊ ဗြိတိန်ကိစ္စ ပတ်သတ်တာပေါ့။ ဟိုမှာရွှေဈေးတက်တော့ မြန်မာရွှေဈေးလည်း တက်တာပေါ့။ အဓိက အဲ့ဒါပါပဲ။ အခြား ထူးခြားချက်မရှိပါဘူး” ဟု ပြောသည်။
အမေရိကန်ဒေါ်လာနှင့် မြန်မာငွေ လဲလှယ်နှုန်းထားတွင်မူ ၁ ဒေါ်လာလျှင် မြန်မာငွေကျပ် ၁၁၆၅ ကျပ်ရှိ ကြောင်း ဈေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။