ရန်ကုန်တိုင်းဒေသကြီးအစိုးရက ဆောက်လုပ်ရေးလုပ်ငန်များကို ဆိုင်းငံ့ခဲ့ပြီး ၎င်းတို့၏ မူဝါဒသစ်ကို ဆောက်လုပ်ရေးလုပ်ငန်းရှင်များအား တိကျစွာရှင်းပြခြင်း မရှိသေးသော ကာလအတွင်းတွင် ရန်ကုန်အထပ်မြင့်တိုက်ခန်း အရောင်းအဝယ် ဈေးကွက်သိသာစွာနှေးကွေးသွားသည်ဟု ဆောက်လုပ်ရေးလုပ်ငန်း သတင်းရင်းမြစ်များကပြောသည်။
ရန်ကုန်တိုင်းဒေသကြီး အစိုးရနှင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက မေလတွင် ယခင်အစိုးရလက်ထက် မူအားဖြင့် သဘောတူ ခွင့်ပြုချက်ရခဲ့သော စတင်တည်ဆောက်လျက်ရှိသည့် အထပ်မြင့်အဆောက်အဦး ( ၉ထပ်နှင့်အထက် အဆောက်အဦးဟု သတ်မှတ်သည့် ) ဆောက်လုပ်ရေးလုပ်ငန်း ၈၀ ကျော်ကို ဆိုင်းငံ့ထားခဲ့သည်။
” ရင်းနှီးမြှုပ်နှံသူတွေအတွက် မရေရာတဲ့ကာလမို့ လွန်ခဲ့တဲ့ ၂ လလုံး တိုက်ခန်း အရောင်းအဝယ်ကျတယ်” ဟု နေကမ္ဘာဆောက်လုပ်ရေး၏ မန်နေဂျင်းဒါရိုက်တာ ဦးသန့်ဇင်ဟိန်းကပြောသည်။
ရန်ကုန်တွင် ဝယ်ယူသူများသည် ထုံးစံအားဖြင့် ဆောက်လုပ်ဆဲကာလတွင် အနည်းဆုံး ၂၀ ရာခိုင်နှုန်း ကြိုတင်ငွေပေးသွင်းပြီး ဝယ်ယူသည့် ကြိုပွိုင့်အရောင်းအဝယ်များ ပြုလုပ်လေ့ရှိပြီး ထိုဆောက်လုပ်ရေးလုပ်ငန်း တုန့်ဆိုင်းသွားသောအခါ ဆက်လက်ရင်းနှီးမြှုပ်နှံရန် တွန့်ဆုတ်ကုန်ကြသည်။
” ရိုးရိုးသားသားပြောရရင် ဒီနှစ်ဟာ ကျနော်တို့အတွက် အဆိုးဆုံးနှစ်လို့ ပြောနိုင်ပါတယ်” ဟု ဦးသန့်ဇင်ဟိန်းက ပြောသည်။
ရန်ုကုန်တွင် အထပ်မြင့်အဆောက်အအုံ အခန်းဈေးနှုန်းများသည် အများအားဖြင့် (အမေရိကန်ဒေါ်လာ ၈၅၀၀၀ ကျော်) မြန်မာငွေကျပ်သိန်းတစ်ထောင်နှင့် အထက်ပေါက်ဈေးရှိသော ဈေးမြင့်အဆောက်အအုံများ ဖြစ်ကြသည်။
တိုင်းဒေသကြီးအစိုးရနှင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီတို့သည် ၎င်းတို့၏ မူဝါဒများကို ရှင်းလင်းခြင်း မရှိသေးသည့်ကာလတွင် ဆောက်လုပ်ရေးလုပ်ငန်းများမှာ ဖောက်သည်များ၏ ယုံကြည်မှုဆုံးရှုံးရကာ ဆိုင်းငံ့ကာလအတွင်း ၎င်းတို့၏ ဘဏ်ချေးငွေများကို ပြန်လည်ပေးဆပ်နေရသောကြောင့် အကျိုးအမြတ် ဆုံးရှုံးမည်ဟု မျှော်လင့့်ထားရကြောင်း ပြောဆိုသည်။
” အစိုးရက ကျနော်တို့ကို ဘယ်တော့ပြန်ဆောက်ခွင့်ပေးမယ်ဆိုတာ မသိတော့ ကျနော်တို့မှာ ကျနော်တို့တိုက်ခန်းတွေကို ဈေးလျှော့ပြီးတောင် မရောင်းနိုင်ဘူး ဖြစ်နေတယ်” ဟုဦးသန့်ဇင်ဟိန်းက ပြောသည်။
အမ်ကေတီ ဆောက်လုပ်ရေးကုမ္ပဏီမှ မန်နေဂျင်းဒါရိုက်တာ ဦးမျိုးမြင့်ကလည်း ရန်ကုန်တွင် ဆောက်လုပ်ရေးစီမံကိန်း ၅ ခု ရပ်တန့်ခံခဲ့ရသူဖြစ်ပြီး မရေရာသေးသည့် ကာလကို တွေးကာ အခက်အခဲဆုံးအချိန် ဖြစ်နေကြောင်း ထုတ်ဖော်ပြောဆိုသည်။
“အာဏာပိုင်တွေက လူနေထိုင်ခွင့်မပေးသေးတော့ အဲဒီအဆောက်အအုံတွေက ပြီးပြီးသားတိုက်ခန်းတွေကို ဝယ်ရင်တောင်မှ စွန့်စားရတယ်လို့ ဝယ်လက်တွေက ထင်ကြတယ်” ဟု ဦးမျိုးမြင့်က ပြောသည်။
ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီနှင့် စုံစမ်းစစ်ဆေးရေးအဖွဲ့တို့က ယခုအချိန်တွင် ဆောက်လုပ်ဆဲအ ဆောက်အဦး ၁၂ ခုကို ပြန်လည်သုံးသပ်ပြီး ဖြစ်သော်လည်း ထိုသို့ သုံးသပ်အဖြေထုတ်ထားသည့် အဆောက်အဦးများနှင့် ပတ်သက်ပြီး အငြင်းပွားမှုများ ရှိနေကြောင်း ယင်းတို့က ပြောသည်။
” အစိုးရက ပိုကောင်းတဲ့ မူဝါဒတွေ မချမှတ်မခြင်း အထပ်မြင့်အဆောက်အအုံ ဆောက်လုပ်ရေးပြန်စမှာ မဟုတ်ဘူး” ဟု ဦးမျိုးမြင့်က ပြောသည်။
အလုပ်သမားပြဿနာ၊ ဝယ်ယူသူ မကျေနပ်မှု၊ ဘဏ်ချေးငွေပြန်ဆပ်ရန် နှောင့်နှေးမှု၊ ငွေကြေးစီးဆင်းမှုပြဿနာ နှင့် ဆောက်လုပ်ရေးပစ္စည်း ရောင်းချသူများ အလုပ်မရှိခြင်းတို့အပါအဝင် ဆောက်လုပ်ရေးလုပ်ငန်းများ ရပ်ဆိုင်းခံရအပြီး ဖြစ်ပေါ်လာသော ပြဿနာအများအပြားကို ဆောက်လုပ်ရေးလုပ်ငန်းများက ကိုးကားပြောကြသည်။
ယူနတီ အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းမှ အကြီးတန်းမန်နေဂျာ ဦးဇော်ဇော်က တိုက်ခန်းဈေးများသည် ဆောက်လုပ်ရေးလုပ်ငန်းများ မရပ်တန့်မီအချိန် အတန်ငယ်စောစွာ ပြည်တွင်းလူသိများသော ဆောက်လုပ်ရေးလုပ်ငန်းရှင် Father Land construction ပိုင်ရှင် ဦးကျော်မြင့်အား လိမ်လည်မှုစွပ်စွဲချက်များ ရင်ဆိုင်ရစဉ် ယခင်နှစ်ကတည်းက စတင်အေးစက်လာသည်ဟု ပြောသည်။
” ရောင်းလိုအားက ဝယ်လိုအားထက်များနေလို့ ဈေးက တောက်လျှောက်ကျတယ်။ ၂၀ -၂၅ ရာခိုင်နှုန်း လောက် ကျတယ်” ဟု ဦးဇော်ဇော်က ပြောသည်။
ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၏ အဆိုအရ ယခင် ရန်ကုန်တိုင်းဒေသကြီးအစိုးရနှင့် စည်ပင်သာယာရေး ကော်မတီတို့သည် ၂၀၁၃ ခုနှစ်မှ ယခုနှစ် မတ်လ ၃၁ ရက်အထိ အထပ်မြင့်အဆောက်အဦး ၂၀၄ ခု တည်ဆောက်ရန် ကနဦး ခွင့်ပြုချက်ပေးခဲ့သည်ဟု သိရသည်။