ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်းတွင် မြန်မာ့ ငွေချေးသက်သေခံလက်မှတ်များ ကြီးကြပ်ရေး ကော်မရှင် (SECM)က ၎င်းတို့၏ ခွင့်ပြုချက် မရှိဘဲ အများပိုင်ကုမ္ပဏီများသည် ယင်းတို့၏ရှယ်ယာများကို ရောင်းချပါက အရေးယူ ဆောင်ရွက် သွားမည် ဖြစ်ကြောင်း ယင်းကုမ္ပဏီများကို သတိပေးခဲ့သည်ဟု ကော်မရှင်အဖွဲ့ဝင်တစ်ဦးက ပြောသည်။
ရင်းနှီးမြှုပ်နှံသူများကို အကာအကွယ်ပေးရန်အတွက် ကုမ္ပဏီများက ငွေချေး သက်သေခံလက်မှတ် လဲလှယ် ရောင်းဝယ်ရေး ဥပဒေ (Securities Exchange Law) နှင့် အညီဖြစ်စေရန် SECM ကဆောင်ရွက်သွားမည် ဖြစ်ပြီး ဥပဒေနှင့် မလျှော် ညီပါက အရေးယူသွားမည်ဟုလည်း ပြောသည်။
“ကုမ္ပဏီ အချို့က သူတို့မှာ ရှယ်ယာတေ ွရောင်းဖို့ ရှိတယ်လို့ မကြာသေးခင်က မီဒီယာတွေကနေ ကြေညာခဲ့တာတွေ ရှိပါတယ်။ ဒါပေမယ့် တကယ်လို့ သူတို့မှာ SECM ရဲ့ ခွင့်ပြုချက် ဥပဒေအရ ယူထားတာ မရှိဘူးဆိုရင် ဥပဒေအရ အရေး ယူခံရနိုင်ပါတယ်” ဟု ကော်မရှင် အဖွဲ့ဝင် ဒေါ်တင်မေဦးက ပြောသည်။
ဥပဒေအရ အများပိုင်ကုမ္ပဏီများ(ပုဂ္ဂလိက ရှယ်ယာဝင်များက ဖက်စပ်ဖွဲ့စည်းထားသည့် ကုမ္ပဏီများ) သည် ရှယ်ယာများ ကို ရောင်းချခြင်းမပြုမီ SECM သို့ လုပ်ငန်းလမ်းညွှန်ရှင်းတမ်း (prospectus) တစောင်တင်သွင်းရန် လိုအပ်သည်။ တင်သွင်းပြီး နောက်ပိုင်းတွင် အတည်ပြုချက်ထုတ်ပေး လုပ်ငန်းစဉ်က ရက်ပေါင်း ၆၀ ခန့် ကြာမြင့်မည် ဖြစ်သည်ဟု ကော်မရှင်၏ အဆိုအရသိရသည်။
ငွေချေး သက်သေခံလက်မှတ် လဲလှယ် ရောင်းဝယ်ရေး ဥပဒေ ပုဒ်မ ၆၆ အရ ဥပဒေကို ချိုးဖောက်သည့် အများပိုင် ကုမ္ပဏီများသည် ထောင်ဒဏ် ၁ နှစ် သို့မဟုတ် ဒဏ်ငွေ ကျခံရနိုင်သည်။ ဥပဒေကို ၂၀၁၃ ခုနှစ်က လွှတ်တော်တွင် အတည်ပြုပေးခဲ့သော်လည်း အချို့ကုမ္ပဏီများမှာ ယခုအချိန်အထိ ဥပဒေနှင့် ပတ်သက်၍ အသေးစိတ်များကို မသိရှိကြ သေးပါ။
“ဒါကြောင့် ကျမတို့က ဥပဒေတွေကို ထပ်မံ ကြေညာပေးပြီး ဒီကုမ္ပဏီတွေ သိစေဖို့ ကနဦး ရည်ရွယ်တာ ဖြစ်ပါတယ်။ တချို့ကုမ္ပဏီတွေက အစိုးရပိုင် သတင်းစာမှာ ရှယ်ယာတွေကို ကြော်ငြာကြတယ်။ သူတို့ကို ရပ်ဖို့ ကျမတို့ ပြောခဲ့ပါတယ်။ တကယ်လို့ ဆက်လုပ်မယ် ဆိုရင် သူတို့ကို အရေးယူလို့ရပါတယ်” ဟု သူက ပြောသည်။
ယခုအချိန် အထိ ငွေချေး သက်သေခံလက်မှတ် လဲလှယ် ရောင်းဝယ် ရေး ဥပဒေ အရ တရားစွဲဆိုခြင်းခံရသည့် အများပိုင် ကုမ္ပဏီ မရှိသေးပါ။
“ဒီကိစ္စနဲ့ ပတ်သက်လို့ ဒါက ဒုတိယအကြိမ် သတိပေးချက် ထုတ်ပြန်တာဖြစ်ပါတယ်။ မကြာခင် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီ များ မှတ်ပုံတင်ရေးဌာန(DICA) ရဲ့ ဝက်ဘ်ဆိုက်မှာလည်း ကျမတို့ ကြေညာသွားပါမယ်” ဟု ဒေါ်တင်မေဦးက ပြောသည်။
DICA ၏ အဆိုအရ မြန်မာနိုင်ငံတွင် အများပိုင်ကုမ္ပဏီအဖြစ် မှတ်ပုံတင်ထားသော စီးပွားရေးလုပ်ငန်း ၂၀၀ ကျော်ရှိသည် ဟု သိရသည်။ မတ်လအတွင်းက ဖွင့်လှစ်ခဲ့သော မြန်မာနိုင်ငံ၏ စတော့ အိတ်ချိန်းတွင် ယခုနှစ်အတွင်း ကုမ္ပဏီ ၆ ခုသာ ၎င်းတို့၏ ရှယ်ယာများကို စာရင်းသွင်းခဲ့သည်။
ရန်ကုန် စတော့အိတ်ချိန်း (YSX) မှ အကြီးတန်း အရာရှိတဦးဖြစ်သော ဦးသက်ထွန်းဦးက ငွေချေး သက်သေခံလက်မှတ် လဲလှယ် ရောင်းဝယ်ရေး ဥပဒေ နှင့် ပတ်သက်၍ ကုမ္ပဏီ အများအပြားက ကောင်းစွာ နားလည်ခြင်း မရှိကြကြောင်း ပြောသည်။
“စီးပွားရေး လုပ်ငန်းတွေအနေနဲ့ ဥပဒေကို လိုက်နာဖို့ လိုအပ်ပါတယ်။ နောက်ပိုင်းမှာ စာရင်းတင်သွင်း လာ မယ့် ကုမ္ပဏီ မှန်သမျှကို(YSX) က စစ်ဆေးသွားပါမယ်။”
ရှယ်ယာများကို တရားမဝင် သို့မဟုတ် ပွင့်လင်းမြင်သာမှု မရှိသည့် နည်းလမ်းများဖြင့် (လူမှုကွန်ရက် ဝက်ဆိုက်များ မှ တဆင့် ရောင်းချခြင်း အပါအဝင်)ရောင်းချခြင်းများကို SECM က အရေးယူသွားမည် ဖြစ်ကြောင်း အစိုးရပိုင် Global New Light of Myanmar သတင်းစာတွင်လည်းယခုနှစ်ဆန်းပိုင်းကပင် သတိပေးထားသည်ကို တွေ့ရသည်။