အစိုးရက ဖိတ်ခေါ်ထားသည့် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ – ၂၁ ရာစုပင်လုံ ပထမအကြိမ် အစည်းအဝေးကို သြဂုတ်လ ၃၁ ရက်နေ့တွင် ကျင်းပသွားမည်ဖြစ်ကြောင်း အစိုးရ၏ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်ရုံးက ယနေ့ ညနေပိုင်း တွင် ထုတ်ပြန်လိုက်သည်ကို တွေ့ရသည်။
နေပြည်တော်ရှိ နိုင်ငံတော်သမ္မတ အိမ်တော် အစည်းအဝေးခန်းမတွင် ယနေ့ နံနက်ပိုင်းက ပြုလုပ်ခဲ့သော ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ – ၂၁ ရာစုပင်လုံ ကျင်းပရေး ဗဟိုကော်မတီ အစည်းအဝေးကို ဗဟိုကော်မတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်း စုကြည် တက်ရောက်ခဲ့ပြီး ညီလာခံကျင်းပမည့်ရက်ကို ထုတ်ဖော် ပြောဆိုသွားခြင်း ဖြစ်ကြောင်း သိရသည်။
ဗဟိုကော်မတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် က “ပထမအကြိမ် အစည်းအဝေးကို သြဂုတ်လ ၃၁ ရက်နေ့တွင် စတင် ကျင်းပ သွားမည် ဖြစ်ကြောင်း၊ အစကောင်းမှ အနှောင်းသေချာ ဆိုသလို ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ – ၂၁ ရာစု ပင်လုံ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် နိုင်ငံတော်အစိုးရပိုင်းမှ ဆောင်ရွက်ရမည့် လုပ်ငန်းများကို ညှိနှိုင်း ပူးပေါင်း ဆောင်ရွက်ကြရန် ဖြစ်ကြောင်းဖြင့် ပြောကြားသည်” ဟု ပြောကြောင်း ဖော်ပြထားသည်။
အစည်းအဝေးသို့ ပြည်ထောင်စု ၀န်ကြီးများ၊ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ – ၂၁ ရာစု ပင်လုံ ကျင်းပရေး ဗဟို ကော်မတီ ၀င်များ၊ လုပ်ငန်း ကော်မတီဝင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး အစည်းအဝေး ကျင်းပနိုင်ရေး အတွက် လုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများ၊ လုပ်ငန်း ကော်မတီဝင်များက လုပ်ငန်း ကော်မတီ အလိုက် ဆောင်ရွက်သွားမည့် အစီအစဉ် များကိုလည်းကောင်း ရှင်းလင်း တင်ပြကြသည်ဟု ဆိုသည်။
ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ – ၂၁ ရာစုပင်လုံ ကျင်းပရေး ဗဟိုကော်မတီကို သြဂုတ်လ ၃ ရက်နေ့တွင် နိုင်ငံတော် သမ္မတရုံး၏ အမိန့်ကြော်ငြာစာ အမှတ်(၅၇/၂၀၁၆) ဖြင့် ဖွဲ့စည်းခဲ့ပြီး ဥက္ကဋ္ဌ အဖြစ် ဒေါ်အောင်ဆန်းစုကြည်၊ ဒုဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ၊ ဗဟိုကော်မတီဝင်များ အဖြစ် ပြည်ထောင်စု ဝန်ကြီးများနှင့် ဒု ဝန်ကြီးများ၊ အတွင်းရေးမှူး အဖြစ် ဒု ဝန်ကြီး ဦးခင်မောင်တင်၊ တွဲဖက်အတွင်းရေးမှူးများ အဖြစ် ဒု ဗိုလ်ချုပ်ကြီး(ငြိမ်း) ဦးခင်ဇော်ဦးနှင့် ပြည်ထောင်စု အစိုးရအဖွဲ့ရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်သန်းသင်း တို့ ပါဝင်ဖွဲ့စည်းထားကြောင်း သိရသည်။
နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့ မွန်းလွဲပိုင်းတွင်လည်း တပ်မတော် ကာကွယ်ရေး ဦးစီး ချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် နေပြည်တော်ရှိ သမ္မတရုံး ဧည့်ခန်းမ၌ တွေ့ဆုံခဲ့ပြီး ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ – ၂၁ ရာစုပင်လုံ ကျင်းပရေးဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်ပြီး ဆွေးနွေးခဲ့ကြောင်းလည်း နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်ရုံးက ထုတ်ပြန်ထားသည်။
ထို့အပြင် တပ်ချုပ်နှင့် ဒေါ်အောင်ဆန်းစုကြည် တို့သည် ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် မြောက်ပိုင်း ဒေသများ ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး၊ အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ပြည်တွင်း ငြိမ်းချမ်းရေး၊ တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ် အေးချမ်းရေး ကိစ္စများကိုလည်း ဆွေးနွေးခဲ့ကြသည်ဟု ဆိုသည်။
အဆိုပါတွေ့ဆုံပွဲသို့ ဒု တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၊ ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဒု ဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ပြည်ထောင်စုဝန်ကြီး ဒု ဗိုလ်ချုပ်ကြီး ရဲအောင်၊ ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦး၊ ငြိမ်းချမ်းရေး ကော်မရှင် ဥက္ကဋ္ဌ ဒေါက်တာ တင်မျိုးဝင်း၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)မှ ဒု ဗိုလ်ချုပ်ကြီး မြထွန်းဦး နှင့် စစ်ဥပဒေချုပ် ဒု ဗိုလ်ချုပ်ကြီး စိုးထွဋ် တို့ တက်ရောက်ကြကြောင်း သိရသည်။