ရန်ကုန်မြို့၊ အင်းလျားကန် အနီးရှိ အများပြည်သူအတွက်ဖြစ်သော မြကျွန်းသာပန်းခြံထဲမှ ဆောက်လုပ်ရေး စီမံကိန်းများကို အောက်တိုဘာလ ၁၀ ရက် နေ့တွင် ရပ်ဆိုင်းလိုက်ကြောင်း မြို့တော်စည်ပင်မှ တာဝန်ရှိသူတဦးက ပြောသည်။ စုံစမ်းစစ်ဆေးမှုများ ဆက်လက် ပြုလုပ်သွားမည် ဟုလည်း သိရသည်။
အဆိုပါ စီမံကိန်းများသည် အများပြည်သူများ အပန်းဖြေ အနားယူရန် ရည်ရွယ်ထားသည့် မြေနေရာကို အလွဲသုံးစား ပြုလုပ်ခြင်း ဖြစ်သည့်အတွက် ပြည်သူများ၊ မီဒီယာများ နှင့် မြို့ပြစီမံကိန်း ရေးဆွဲသူများ၏ ဝေဖန်ပြစ်တင်မှုနှင့် ရင်ဆိုင်ခဲ့ရသည်။ ထို့အပြင် ယခင်အစိုးရက ပုဂ္ဂလိက လုပ်ငန်းရှင်များကို အလွန်အကျွံ မျက်နှာသာပေးသည့် အနေဖြင့် လုပ်ကိုင်ခွင့် ချထားပေးခဲ့သည့်အသွင် ဖြစ်နေသဖြင့် ဝေဖန်စောင့်ကြည့်ခံခဲ့ရသည်။
၄၅ ဧကကျော် ကျယ်ဝန်းသည့် မြကျွန်းသာ ပန်းခြံအတွင်းတွင် ကုမ္ပဏီ ၈ ခုက ဆောင်ရွက်နေသည့် ဆောက်လုပ်ရေးများ တွင် ၃ ထပ်ခွဲအထိ အမြင့်ရှိသော အဆောက်အဦးများ တည်ဆောက်နေပြီး ရှော့ပင်းမောလ်များ၊ အခကြေးငွေဖြင့် ကစားရသည့် ရုံများ၊ ကျန်းမာရေး ကလပ်တခု နှင့် ကစားကွင်းတို့ ပါဝင်သည်။ အင်းလျားကန်၏ အရှေ့ဘက်မှ မြကျွန်းသာ ပန်းခြံသည် ကမ္ဘာအေး ဘုရားလမ်းပေါ်ရှိ Sedona ဟိုတယ်၊ Myanmar Plaza ရှော့ပင်းမော တို့နှင့်လည်း နီးကပ်သော နေရာ ဖြစ်သည်။
စီမံကိန်းများသည် ယခင် အစိုးရလက်လက်ထက် ၂၀၁၃ ခုနှစ်တွင် ရန်ကုန်မြို့တော် စည်ပင်သာယာရေး အာဏာပိုင်အဖွဲ့ အစည်းဖြစ်သည့် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ (YCDC) ထံမှ ခွင့်ပြုချက်ရရှိခဲ့ခြင်း ဖြစ်သည်။
ယခုအခါ ဆောက်လုပ်ရေး လုပ်ငန်းရှင်များ အနေဖြင့် အောက်တိုဘာလ ၁၁ ရက်နေ့တွင် ဖွဲ့စည်းလိုက်သည့် ပြန်လည် သုံးသပ် စစ်ဆေးရေး ကော်မတီတခု၏ ခွင့်ပြုချက်ကို စောင့်ဆိုင်းရတော့မည် ဖြစ်ပြီး ကတိပြုထားသည့် စာချုပ်ပါ သဘောတူညီချက်များ နှင့် YCDC ၏ လုပ်ထုံးလုပ်နည်းများကို လိုက်နာဆောင်ရွက်ခြင်း ရှိ၊ မရှိကို အဆိုပါ ကော်မတီက စုံစမ်းစစ်ဆေးသွားမည်ဟု မြို့တော်စည်ပင် အတွင်းရေးမှူး ဒေါ်လှိုင်မော်ဦးက ဧရာဝတီသို့ ပြောသည်။
“ဝေဖန်မှုတွေ ရှိနေလို့ ကျမတို့ ရပ်ဆိုင်းထားလိုက်ပါတယ်။ ကျမတို့ ခွင့်ပြုချက်ရမှ စီမံကိန်းတွေ ပြန်စလို့ ရပါမယ်” ဟု ပြန်လည် သုံးသပ် စစ်ဆေးရေး ကော်မတီ၏ ခေါင်းဆောင် ဒေါ်လှိုင်မော်ဦးက ပြောသည်။ ထိုအဖွဲ့တွင် YCDC ၏ ဌာနမှူးများ နှင့် ဥပဒေအကြံပေးတို့ ပါဝင်သည်။
ဧရာဝတီမှ ကြည့်ရှုခွင့်ရသည့် ကုမ္ပဏီတခုနှင့် YCDC ၏ ကန်ထရိုက် စာချုပ်တခုတွင် မြေကို ကုမ္ပဏီသို့ ၄၅ နှစ် လုပ်ပိုင်ခွင့်ပေးထားပြီး (နောက်ပိုင်းတွင် ၅ နှစ်တကြိမ်ဖြင့် ၃ ကြိမ်အထိ သက်တမ်းတိုးခွင့် ရှိသည်) မြေငှားရမ်းခမှာ တဧက အတွက် ၁ လလျှင် ကျပ် ငွေ ၁၀ သိန်း ဖြစ်သည်။ အဆိုပါစျေးနှုန်းသည် ထိုနေရာတဝိုက်အတွက် စျေးကွက် ပေါက်စျေးထက် အလွန် နည်းပါးနေပြီး ဧက တဝက်ခန့် ရှိသော မြေအတွက် ငှားရန်းခ လက်ရှိ နှုန်းထားမှာ ကျပ်ငွေ သိန်း ၅၀ ဖြစ်သည် ဟု အိမ်ခြံမြေ အကျိုးဆောင် လုပ်ငန်းများ၏ အဆိုအရ သိရသည်။
ပြီးခဲ့သည့် ဇွန်လအတွင်းတွင် မြကျွန်းသာ ကိစ္စသည် ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော်သို့ ရောက်ရှိခဲ့ပြီး YCDC နှင့် ပုဂ္ဂလိက ကုမ္ပဏီများ ပူးပေါင်း၍ အများပြည်သူပိုင် မြေနေရာများကို ရှော့ပင်းမောများ၊ အထပ်မြင့် ကွန်ဒိုများ နှင့် စီးပွားရေး အဆောက်အဦးများ ဆောက်လုပ်ခြင်းကို အဆုံးသတ်ရန် အဆိုတင်သွင်း ခြင်းခံခဲ့ရသည်။ အဆိုကို တိုင်းဒေသကြီး လွှတ်တော်က အတည်ပြုခဲ့ပြီး ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးကလည်း ပြဿနာကို ဖြေရှင်းရန် နှင့် အနာဂတ်တွင် အများပြည်သူနှင့် ဆိုင်သည့် မြေများ ကျူးကျော် အသုံးချခြင်းကို တားဆီးကာကွယ်သွားရန် ကတိပြုခဲ့သည်။
(ဧရာဝတီ အင်္ဂလိပ်ပိုင်းတွင် ဖော်ပြခဲ့သော ကျော်ဖြိုးသာ ၏ Construction Projects by Rangoon’s Inya Lake Suspended ကို ဘာသာပြန်ဆိုသည်။)