အောက်တိုဘာလ ပထမပတ်အတွင်း ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်အတွင်း တူးဖော်ရရှိသည့် တန် ၂၁၀ ရှိ ကျောက်စိမ်းတုံးကြီးကို ကုမ္ပဏီ၏ လုပ်ကွက်အတွင်း ခွဲခြမ်းစိတ်ဖြာပြီး သယ်ဆောင်သွားမည်ဟု သတင်း ရရှိသည်။
အဆိုပါ ကျောက်စိမ်းတုံးကြီးမှာ အောက်တိုဘာလ ပထမပတ်က အစိုးရနှင့် ရတနာ တောင်တန်း ကုမ္ပဏီတို့၏ အကျိုးတူ လုပ်ကွက် ဖြစ်သည့် မက်လင်ချောင်လုပ်ကွက် (၂) မှ တူးဖော်ရရှိခြင်း ဖြစ်ပြီး ကျောက်စိမ်း အရည်အသွေးမှာလည်း ဒုတိယအဆင့် ကောင်းမွန်သည့် အနေအထားတွင် ရှိကြောင်း အစိုးရ၏ သတင်း နှင့် ပြန်ကြားရေးက ထုတ်ပြန်ထားသည်။
ကချင်ပြည်နယ်၊ သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနမှ ဝန်ကြီး ဦး H လအောင် က “ကျောက်စိမ်းရိုင်းတုံးကြီးကို သယ်ယူပို့ဆောင်ဖို့ အခက်အခဲရှိတာကြောင့် လုပ်ကွက်အတွင်း ထားရှိပြီး ကုမ္ပဏီက ဖြတ်တောက် သယ်ဆောင်ဖို့ ဆောင်ရွက်နေတယ်လို့ ကျနော့်ဆီ တင်ပြလာပါတယ်” ဟု ဧရာဝတီကို ပြောသည်။
ကျောက်စိမ်းတုံးကြီးကို ဖြတ်တောက်မည် ဆိုပါက လချီ ကြာမြင့်မည်ဖြစ်ပြီး လက်ရှိတွင် လုပ်ကွက်အတွင်းတွင်သာ ထားရှိထားသဖြင့် တပ်မတော်၊ တပ်ဖွဲ့ဝင်များက လုံခြုံရေး အနီးကပ် ယူထားပေးသည်ဟု သိရသည်။
အဆိုပါ ကျောက်စိမ်းတုံးကြီးမှ ပဲ့ထွက်လာသည့် ကျောက်စိမ်းတုံး ၅ တုံးကို ဖားကန့် မြို့နယ်ရှိ ကျောက်စိမ်း တူးဖော်ရေးဌာနကို ယာယီအပ်နှံထားသည်ဟုလည်း သိရသည်။
ကျောက်စိမ်းတုံးများမှာ အသားအဆီပိတ် ဖြစ်ပြီး ကျောက်စိမ်းသားအတွင်း ယမ်းညှပ်ပြီး ကျောက်သား ကင်းစင်ကာ အလင်းပေါက်အား အသင့်အတင့်ရှိကြောင်း၊ ကွမ်းသွေးနှင့် အဖြူခံအချို့ ရောနေပြီး ကျောက်စိမ်းအရိုင်းများ ဖြစ်ကြောင်း ဦး H လအောင်က ဆိုသည်။
ပဲ့ထွက်လာသည့် ကျောက်စိမ်းတုံး ၅ တုံး အနက် ၃ တုံးမှာ ကျပ်သိန်း ၆၁၁,ဝ၀ဝ,ဝ၀ဝ၊ ကျပ်သိန်း ၂၃၃,၁၂၅,ဝ၀ဝ နှင့် ကျပ်သိန်း ၂၃၇၆ အသီးသီးတို့ တန်ပြီး ကျန် ၂ တုံးမှာ ဈေးနှုန်း သတ်မှတ်ထားခြင်း မရှိသေးကြောင်း သိရသည်။
ပဲ့ထွက်လာသည့် ကျောက်စိမ်းတုံး ၅ တုံးအပါအဝင် မူရင်း ကျောက်စိမ်းတုံးတို့ စုစုပေါင်း ၆ တုံးကို သတ်မှတ် တန်ဖိုး ကျပ်သိန်းပေါင်း ၇,၂၇၈,၃၅၀,ဝ၀ဝ ကျပ် သတ်မှတ်ထားပြီး ရတနာခွန် အဖြစ် ကျပ်သိန်းပေါင်း ၁,၄၅၅,၆၇၀,ဝ၀ဝ ကျပ်ကို အစိုးရထံ ပေးဆောင်မည်ဖြစ်ကြောင်းလည်း ဦး H လအောင် ထံမှ သိရသည်။
ရတနာတောင်တန်း ကုမ္ပဏီက ရှာဖွေတွေ့ရှိထားသည့် တန် ၂၁၀ ရှိကျောက်စိမ်းတုံးကြီးမှာ အရှည် ၁၉ ပေ၊ အမြင့် ၁၄ ပေနှင့် အကျယ် ၁၅ ပေ ရှိကြောင်း သယံဇာတ နှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန (ပြည်ထောင်စုအဆင့်) ညွှန်ကြားရေးမှူး ချုပ် ဦးဝင်းထိန်က ဧရာဝတီကို ပြောဆိုထားသည်။
ကျောက်စိမ်းတုံးကြီးမှာ အစိုးရနှင့် အကျိုးတူ လုပ်ကွက်မှ တူးဖော်ရရှိသဖြင့် အစိုးရဘက်က ၄၀ ရာခိုင်နှုန်း၊ ကုမ္ပဏီဘက်က ၆၀ ရာခိုင်နှုန်း အကျိုးအမြတ် ရရှိမည် ဖြစ်သည်။
ဖားကန့်မြို့နယ်၊ ပြည်နယ်လွှတ်တော် အမတ် ဦးဒါရှီလဆိုင်းက ယခု တူးဖော်ရရှိသည့် ကျောက်စိမ်းတုံးကြီးမှာ ရွှေ့ပြောင်းရန် ခက်ခဲလွန်းပြီး ခွဲခြမ်းစိတ်ဖြာလိုက်ပါက ကျောက်စိမ်း အတွင်းသားကို မမြင်ရသဖြင့် တန်ဖိုး အပြောင်းအလဲ ဖြစ်သွားမည်ကို စိုးရိမ်ရသဖြင့် အစိုးရက သေချာ ကြီးကြပ် စီစဉ်သင့်ကြောင်း ပြောသည်။
ထို့အပြင် အစိုးရက ယခုကဲ့သို့ ကြီးမားသည့် ကျောက်စိမ်းတုံးကြီးကို ပြပွဲတွင် ပြသခြင်း (သို့မဟုတ်) ကချင် ပြည်နယ် အတွင်းရှိ အစိုးရ ရုံးများတွင် ထားပြီး ယဉ်ကျေးမှု အမွေအနှစ်တခုအဖြစ် ထိန်းသိမ်းထား သင့်သည်ဟုလည်း ဦးဒါရှီလဆိုင်းက အကြံပြုပြောဆိုသည်။
ဦး H လအောင်ကမူ လက်ရှိတွင် ကျောက်စိမ်းတုံးကြီး ထွက်ရှိထားသည့်အပေါ်တွင် ပြည်ထောင်စု အစိုးရနှင့် ကုမ္ပဏီကြားတွင်သာ အကျိုးရလဒ်ရှိသဖြင့် ပြည်နယ်အတွက် ရန်ပုံငွေ ရရှိရန်လည်း တင်ပြတောင်းဆို သွားမည်ဟု ပြောသည်။
ကျောက်စိမ်း လုပ်ကွက်များအတွင်းမှ ကျောက်စိမ်းတုံး ထွက်ရှိမှုများနှင့် ပတ်သက်၍ ပြည်နယ်အတွက် ရန်ပုံငွေ ပေးရန် ဥပဒေများ၊ လုပ်ထုံးလုပ်နည်းများ မရှိသော်လည်း ပြည်နယ်ဖွံ့ဖြိုးရေးအတွက် တောင်းဆို မည်ဟု ဦး H လအောင်က ပြောသည်။
လွှတ်တော်တွင်း ပြောဆိုချက်အရ ၂၀၁၅ ခုနှစ်အတွင်း သတ္တုတွင်းဝန်ကြီးဌာနက ဖားကန့်မြို့နယ်တွင် ကုမ္ပဏီ ၆၂၇ ခု ကို လုပ်ကွက်ပေါင်း ၇,၇၁၄ ကွက်၊ ကုမ္ပဏီ ၂၃၀ ကို အစိုးရနှင့် အကျိုးတူလုပ်ကွက် ၃၁၁ ကွက် ချထားပေးခဲ့ပြီး ကျောက်စိမ်းတူးဖော်ခွင့် ပြုထားသည်ဟု သိရသည်။
ဖားကန့်မြို့နယ်တွင် ကျောက်စိမ်းတူးဖော်ရေး ကုမ္ပဏီများက ကျောက်စိမ်းများကို စက်ယန္တရားကြီးများဖြင့် အလွန်အကျွံ တူးဖော်နေသဖြင့် သဘာဝပတ်ဝန်းကျင် ပျက်စီးခြင်း၊ ရွာများ ရွှေ့ပြောင်းပေးရခြင်းများ၊ မြေပြိုခြင်းများ၊ စက်ယန္တရားများကြောင့် လူသေဆုံးမှုများ မကြာခဏ ဖြစ်ပွားနေခြင်းတို့ကြောင့် ဒေသခံများက ဆန္ဒပြမှုများ မကြာခဏဖြစ်ပွားနေသည့်အပြင် လုပ်ငန်းများ ပွင့်လင်းမြင်သာမှုရှိရန် နိုင်ငံရေး အသိုင်းအဝိုင်းများကြားတွင် ဝေဖန်ပြောဆိုမှုများ ရှိနေသည်။