ကချင်ပြည်နယ် ဖားကန့်ဒေသမှ မသယ်ယူရသေးသည့် ကျောက်စိမ်းတုံးကြီးကို အစိုးရ၏ မြန်မာ့ ကျောက်မျက်ရတနာ လုပ်ငန်းက မြန်မာကျပ်ငွေ ၇.၂၇ ဘီလီယံ ခန့်တန်သည်ဟု သတ်မှတ်ခဲ့ကြောင်း သိရသည်။
တန်ချိန် ၂၁၀ ရှိသည့် ကျောက်စိမ်းတုံးကို အောက်တိုဘာလ ၁၀ ရက်နေ့က ဖားကန့်မြို့နယ် ဆိတ်မူ ကျေးရွာတွင် သယံဇာတနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန နှင့် ပူးပေါင်းလုပ်ကိုင်နေသည့် ရတနာတောင်တန်း ကုမ္ပဏီ၏ ကျောက် တွင်းတွင် တွေ့ရှိခဲ့ခြင်း ဖြစ်သည်။
အရှည် ၁၉ပေ၊ အကျယ် ၁၅ပေ နှင့် အမြင့် ၁၄ ပေ ရှိသောကျောက်စိမ်းတုံးကြီးက လုံးစွပ်ကျောက်များ ထဲတွင် အကြီး ဆုံး ဖြစ်သည်ဟု မြန်မာ့ကျောက်မျက်ရတနာ လုပ်ငန်းမှ ဒုတိယ ညွှန်ကြားရေးမှူး ဦးမင်းသူကပြောသည်။
“အစိုးရက ဒီကျောက်စိမ်းတုံးရဲ့ တန်ဘိုးကို ကျပ်ငွေ ၇.၂၇ ဘီလီယံ ဝန်းကျင် သတ်မှတ်ထားတယ်။ သူတို့က လုပ်ငန်းရှင် ဆီ ဆီကနေ တွင်းဝခွန် ၂၀ ရာခိုင်နှုန်း ကောက်ခံမှာ ဖြစ်ပါတယ်” ဟု သူကပြောသည်။
သို့သော်လည်း တန်ဘိုးဖြတ်မှုက အပြီးပြတ် မဟုတ်ကြောင်း သူက ရှင်းပြသည်။
“နောက်ပိုင်းမှာ ဒီကျောက်စိမ်းကို နေပြည်တော်ကို ရွှေ့ပြီး ကျနော်တို့ ကြည့်ပါမယ်။ ဖြတ်တောက်ပြီးလို့ ကျောက်မျက် ရတနာပြပွဲမှာ ပြတဲ့အခါကျရင် ဈေးကွက်တန်ဘိုး အမှန်ကို ကျနော်တို့ တွေ့ရမှာပါ။ အဲဒီအချိန်ကျရင် အစိုးရက ကျောက် လုပ်ငန်းရှင်ဆီကနေ နောက်ထပ် အရောင်းခွန် ကောက်ခံမှာ ဖြစ်ပါတယ်” ဟု ဦးမင်းသူက ပြောသည်။
ကနဦးကောက်ခံသည့် အခွန်မှာ မရောင်းချမီ ကောက်ခံသည့် အခွန်ဖြစ်သည်။ ကျောက်စိမ်းတုံးကို ဖြတ်တောက် ရောင်းချ ပြီးသည့် အခါ အစိုးရက အကောက်ခွန် ဦးစီးဌာနမှ တဆင့် နောက်ထပ် အရောင်းခွန် ၂၀ ရာခိုင်နှုန်း၊ ကုန်သွယ်ခွန် ၅ ရာခိုင်နှုန်း နှင့် မြန်မာ့ကျောက်မျက်ရတနာ လုပ်ငန်းမှ ဝန်ဆောင်ခအဖြစ် ၃ ရာခိုင်နှုန်း ကောက်ခံသွားမည်ဟု သိရသည်။
“ကျောက်တူးတဲ့ လုပ်ငန်းတိုင်းက ကျောက်တွေ့ပြီးပြီးချင်း တွင်းဝခွန် ၂၀ ရာခိုင်နှုန်း ပေးဆောင်ရပါတယ်။ ဒါပေမယ့် ဒီတကြိမ်မှာတော့ ကျောက်စိမ်းတုံးက ကြီးလွန်းတဲ့အတွက် ကုမ္ပဏီက အရစ်ကျခွဲပြီး ပေးသွားရလိမ့်မယ်လို့ ကျနော် ထင်ပါတယ်” ဟု ဦးမင်းသူက ပြောသည်။
သို့သော်လည်း ကျောက်စိမ်းတုံးအတွက် အစိုးရက သတ်မှတ်သည့် ဈေးနှုန်းက နည်းပါးလွန်းသည်ဟု ကျောက်စိမ်း လုပ် ငန်းအသိုင်း အဝိုင်းအတွင်းတွင် ဝေဖန်မှုများ ထွက်ပေါ်လာခဲ့သည်။ နိုင်ငံတကာ စောင့်ကြည့် လေ့လာသူ အချို့က အဆို ပါ ကျောက်စိမ်းတုံးက အမေရိကန်ဒေါ်လာ သန်း ၁၇၀ အထိ တန်ကြေးရှိနိုင်သည်ဟု ခန့်မှန်းကြသည်။
မန္တလေး အခြေစိုက် ကျောက်စိမ်း ကုန်သည် တဦးဖြစ်ပြီး မန္တလေး ကျောက်မျက်ကုန်သည် အသင်း၏ အတွင်းရေးမှူး လည်း ဖြစ်သော ဦးအောင်သိန်းက ထိုသို့ ယုံကြည်ထားသူဖြစ်သည်။ သူက ကျောက်စိမ်း နှင့် ကျောက်မျက်တို့၏ တန် ဘိုး အစစ်အမှန်ကို ပထမဆုံးအကြိမ် မြင်ရုံမျှ နှင့် ဆုံးဖြတ်ရန် မဖြစ်နိုင်ကြောင်း ဧရာဝတီသို့ ပြောသည်။ ဖြတ်တောက်ခြင်း နှင့် ကုန်ကြမ်းမှ ကုန်ချောအဖြစ်သို့ ပြောင်းလဲခြင်းတို့ ပြုလုပ်ပြီးမှ သာလျှင် တန်ဘိုး ကိုတိကျစွာ တွက်ချက်နိုင်မည် ဖြစ်သော ကြောင့် ကျောက်စိမ်းတုံး၏ တန်ဘိုးက ပိုမိုမြင့်မားသွားနိုင်သည်ဟု သူက ယူဆသည်။
“ကျောက်စိမ်း ကုန်သည်တယောက်ရဲ့ အမြင်ကနေပြောရရင် ၇ ဘီလီယံ ကျပ်ဆိုတာက နည်းလွန်းပါတယ်။ ကျောက် စိမ်း အရည် အသွေးက တကယ်ကောင်းမယ် ဆိုရင် ၁ ကီလိုရှိတဲ့ ကျောက်စိမ်း လက်ကောက်တခု အတွက် အနည်းဆုံး ဟောင်ကောင် ဒေါ်လာ ၁ သိန်း (အမေရိကန်ဒေါ်လာ ၁၂ ၀၀၀ ခန့်) ရနိုင်တာကို တွေ့နိုင်ပါတယ်” ဟု ဦးအောင်သိန်း ကပြောသည်။
“ဒါကြောင့် ဒီကျောက်စိမ်း တုံးကို ဖြတ်တောက်ပြီးလို့ လက်ဝတ်ရတနာ အဖြစ်ပြောင်းလိုက်မယ်ဆိုရင် သူတို့ ဘယ် လောက် ရနိုင်မလဲ။ အဲဒါက အရမ်းများပါတယ်” ဟု သူကဆိုသည်။
သယံဇာတနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနမှ ညွှန်ကြားရေး မှူးချုပ် ဦးဝင်းထိန်က ၂၀၀၀ ခုနှစ် က ကချင် ပြည်နယ်တွင် တန် ၃၀၀၀ ရှိသည့် ကျောက်စိမ်းတုံး တတုံး တွေ့ခဲ့သော်လည်း ဖော်ထုတ် ခြင်းမရှိခဲ့သည့် အတွက် ယခုတွေ့ ရှိရသည့် ကျောက်စိမ်းတုံးက မြန်မာနိုင်ငံတွင် အကြီးဆုံး ဖြစ်ကြောင်းပြောသည်။
လန်ဒန် အခြေစိုက် NGO တခုဖြစ်သည့် Global Witness က ၂၀၁၅ ခုနှစ် အောက်တိုဘာလ တွင် ထုတ်ပြန်ခဲ့သည့် အစီရင်ခံစာ တစောင်တွင် မြန်မာနိုင်ငံ၏ ကျောက်စိမ်း ကုန်သွယ်ရေး၏ အကျိုးအမြတ် အများစုက စစ်ဘက်မှ အဆင့်မြင့် အရာရှိများနှင့် အဆက်အသွယ်ကောင်းသော ခရိုနီ ကုမ္ပဏီများ ထံသို့ ဆက်လက်ရောက်ရှိနေဆဲဖြစ်ကြောင်း ဖော်ပြထား သည်။
“Jade: Myanmar’s ‘Big State Secret” အမည်ရှိ အစီရင်ခံစာတွင် မြန်မာနိုင်ငံ၏ ကျောက်စိမ်း လုပ်ငန်းကဏ္ဍ၏ တန်ဘိုးက ၂၀၁၄ ခုနှစ် အတွင်းတွင် အမေရိကန်ဒေါ်လာ ၃၁ ဘီလီယံ အထိ မြင့်တက်ခဲ့သည်ဟု ဖော်ပြထားသည်။
သြဂုတ် လအတွင်းတွင် NLD အစိုးရက လက်ရှိ ကျောက်စိမ်းတူးဖော်ရေး လိုင်စင်အားလုံးက ၂၀၁၈ ခုနှစ်တွင် သက်တမ်း ကုန်ဆုံးမည် ဖြစ်ကြောင်း နှင့် ကချင်ပြည်နယ် မှကျောက်စိမ်းထွက်သည့် ဒေသများတွင် သဘာ၀ ပတ်ဝန်းကျင် စီမံခန့်ခွဲမှု ဆိုင်ရာ အစီအစဉ် တခု ပြီးဆုံးပြီးနောက်မှသာ လိုင်စင်အသစ်ချထားရေးကို စဉ်းစားမည် ဖြစ်ကြောင်း ကြေညာခဲ့သည်။