မြန်မာနိုင်ငံသို့ ကမ္ဘာလှည့်ခရီးသည်ဝင်ရောက်မှု လျှော့နည်းနေသော်လည်း ဟိုတယ်နှင့် ဧည့်ဂေဟာများတွင် ဝန်ဆောင်မှု လိုအပ်ချက်အရ ဝန်ထမ်းခန့်ထားမှု မြင့်တက်နေကြောင်း work.com.mm ၏ လစဉ်ထုတ်ပြန်သည့် စစ်တမ်း၌ ဖော်ပြထား သည်။
လက်ရှိတွင် ပြည်တွင်းသို့ နိုင်ငံခြားခရီးသွားဧည့်သည် ဝင်ရောက်မှုမှာ ယခင်နှစ်နှင့် အလားတူကာလနှင့် နှိုင်းယှဉ်ပါက ၁၁ ရာခိုင်နှုန်း လျော့နည်းနေကြောင်း ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။
ဝန်ထမ်းခန့်အပ်မှု အမြင့်ဆုံးဖြစ်နေရခြင်းနှင့် ပတ်သတ်၍ Amara Group Operations Manager မလီလီကြူက “ ၂၀၁၃ ခုနှစ်နောက်ပိုင်း ကစပြီး ပြည်တွင်းကလည်း ခရီးထွက်များလာတယ်။ ဟိုတယ်အသစ်တွေ အများကြီး ပေါ်တယ်။ ဝန်ထမ်း လိုအပ်ချက်တွေလည်း များလာတယ်။ နောက်တခုက ဒီမှာ ဟိုတယ်သင်တန်းကျောင်းတွေ က များများစားစား မရှိတဲ့ အတွက် ဟိုတယ်မှာလုပ်တဲ့ဝန်ထမ်းတွေက လုပ်ရင်းသင်၊ သင်ရင်းလုပ်ဆိုတာမျိုးတွေ များလာ တာကြောင့်ပါ” ဟု ပြောသည်။
၎င်းကဆက်ပြီး “လုပ်ကိုင်ရင်းနဲ့ ကျွမ်းကျင်လာပြီဆိုရင် သူတို့တွေက နိုင်ငံတကာက ဟိုတယ်တွေမှာ အလုပ်လုပ်ဖို့ အတွက်ကို အများစုက စိတ်ဝင်စားပြီး ပြောင်းရွှေ့လုပ်ကိုင်သွားကြတဲ့အတွက် ပြည်တွင်းမှာ ရှိတဲ့ ဟိုတယ်တွေရဲ့ ဝန်ထမ်း လိုအပ်ချက်က ခုလို ဧည့်အဝင်နည်းနေသေးတယ်ဆိုတဲ့အချိန်မှာတောင် မြင့်တက်လာတာဖြစ်ပါတယ်”ဟု ပြောသည်။
work.com.mm စစ်တမ်းပါ အချက်အလက်များအရ ဝန်ထမ်းခန့်အပ်မှု အများဆုံးလုပ်ငန်းအမျိုးအစားများတွင် အမြင့်ဆုံး နေရာ မှာ ဖြန့်ချီရေးနှင့် ထောက်ပံ့ပို့ဆောင်ရေးလုပ်ငန်း (Distribution/Logistic) က ရပ်တည်လျှက်ရှိပြီး ဒုတိယ နေရာတွင် သွင်းကုန်/ထုတ်ကုန်နှင့် ကူးသန်းရောင်းဝယ်ရေးလုပ်ငန်းက တည်ရှိနေကြောင်း သိရသည်။
ထို့အပြင် ကွန်ပျူတာနှင့် နည်းပညာ စပ်ဆက်လုပ်ငန်း များက နံပါတ် (၃)နေရာတွင် ရပ်တည်လျှက်ရှိပြီး ဆက်သွယ်ရေး နည်းပညာဝန်ဆောင်မှု လုပ်ငန်းကမူ ယခုလ စစ်တမ်းအရ နံပါတ် (၄) နေရာတွင် တည်လျှက်ရှိနေသည်။