မန္တလေးတိုင်းအတွင်း ဆောက်လုပ်နေသည့် မြရည်နန္ဒာ တန်ဖိုးမျှတအိမ်ရာ စီမံကိန်းမှ တိုက်ခန်းများကို လာမည့် ၂၀၁၇ ခုနှစ် ဇန်နဝါရီလ ၄ ရက်တွင် တိုင်းအစိုးရအဖွဲ့ ဝန်ကြီးချုပ်ကိုယ်တိုင် ကြီးကြပ်ပြီး မဲစနစ်ဖြင့် ရွေးချယ်ရောင်းချပေးမည် ဖြစ်ကြောင်း သိရသည်။
ထိုတန်ဖိုးမျှတ အိမ်ရာများ ဝယ်ယူနိုင်ရန်အတွက် လျှောက်လွှာများကို မန္တလေးတိုင်း မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန ညွှန်ကြားရေးမှူးရုံး၌ လျှောက်လွှာ ၁ စောင်လျှင် ကျပ် ၅၀၀ ဖြင့် နိုဝင်ဘာ ၁၀ ရက်မှ ၃၀ ရက်အထိ ရောင်းချပေးခဲ့ရာ လျှောက်လွှာစောင်ရေပေါင်း ၁၃,၃၇၀ ရောင်းချပေးခဲ့ရကြောင်း မန္တလေးတိုင်း မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်ကျော်ဦးက ပြောသည်။
“လျှောက်လွှာတွေကို ရောင်းချပေးရာ အရောင် ၄ ရောင် သတ်မှတ်ပြီး ရောင်းချပေးခဲ့ ပါတယ်။ နည်းလမ်း ၂ သွယ်နဲ့ ဝယ်ယူနိုင်မှာ ဖြစ်တယ်။ အရစ်ကျ ၄ လ ၄ ရစ် အကျေပေးချေ စနစ်၊ ဘဏ်ချေးငွေ အရစ်ကျစနစ်တွေနဲ့ ရောင်းချပေးမှာပါ။ ပွင့်လင်းမြင်သာမှု ရှိစွာနဲ့ မဲနှိုက်ပေးပါမယ်” ဟု ဦးအောင်ကျော်ဦးက ဆိုသည်။
ဝယ်ယူထားသည့် လျှောက်လွှာများ၌ မိမိပေးချဝယ်ယူမည့် အရစ်ကျစနစ်ပုံစံကို ရေးသား၍ မန္တလေးတိုင်း မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန ညွှန်ကြားရေးမှူးရုံးသို့ ဒီဇင်ဘာ ၁ ရက်မှ ၃၁ ရက်အတွင်း ပြန်လည်ပေးပို့ရမည်ဖြစ်ပြီး၊ ပေးပို့လျှောက်ထားလာသည့် လျှောက်လွှာများကို ၂၀၁၇ ဇန်နဝါရီ ၄ ရက်တွင် မဲနှိုက်ပေးမည်ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။
မြရည်နန္ဒာတန်ဖိုးမျှတ အိမ်ရာစီမံကိန်းက ဆောက်လုပ်နေသည့် တိုက်ခန်းများဈေးနှုန်းမှာ မြေညီထပ်တခန်းလျှင် ကျပ် ၂၂၃ သိန်း၊ ပထမထပ် တခန်းလျှင် ကျပ် ၂၀၈ သိန်း၊ ဒုတိယထပ် တခန်းလျှင် ကျပ် ၁၉၃ သိန်း ၊ တတိယထပ် တခန်းလျှင် ကျပ် ၁၇၈ သိန်း၊ စတုတ္ထထပ် တခန်းလျှင် ကျပ် ၁၆၃ သိန်း အသီးသီး သတ်မှတ်ထားကြောင်း သိရသည်။
မန္တလေးခရိုင်၊ ချမ်းမြသာစည်မြို့နယ်၊ မြရည်နန္ဒာရပ်ကွက်တွင် တည်ဆောက်နေသည့် မြရည်နန္ဒာ တန်ဖိုးမျှတ အိမ်ရာစီမံကိန်းမှ တိုက်ခန်းများကို တိုင်းအတွင်း၌ တာဝန်ထမ်းဆောင်ဆဲ နိုင်ငံဝန်ထမ်းများ၊ အငြိမ်းစား ဝန်ထမ်းများ၊ ဝင်ငွေနည်း ပြည်သူများနှင့် ကုမ္ပဏီဝန်ထမ်းများ ဝယ်ယူနေထိုင်နိုင်ရန် ရည်ရွယ်၍ တည်ဆောက်နေခြင်းဖြစ်ကြောင်း ဦးအောင်ကျော်ဦးက ပြောသည်။
မြရည်နန္ဒာတန်ဖိုးမျှတ အိမ်ရာစီမံကိန်းမှ တိုက်ခန်းများကို တိုက်ခန်းတန်ဖိုးအတိုင်း အရစ်ကျ ၄ လ ၄ ရစ် အကြေပေးစနစ်ဖြင့် လည်းကောင်း၊ ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ်ဖြင့် ဆက်သွယ်ပြီး တိုက်ခန်းတန်ဖိုး ၃၀ ရာခိုင်နှုန်း အရင်ပေးသွင်းထားပြီး ကျန်ရှိသည့် ၇၀ ရာခိုင်နှုန်းကို ၄ နှစ်၊ ၆ နှစ်၊ ၈ နှစ် ကာလကြာ အရစ်ကျပေးချေစနစ်တို့ဖြင့် ဝယ်ယူနိုင်ကြောင်း ဦးအောင်ကျော်ဦးက ပြောသည်။
“ဘဏ်ချေးငွေမှာ တိုက်ခန်းတန်ဖိုးရဲ့ ၃၀ရာခိုင်နှုန်းကို သွင်းရမယ်။ ဝယ်ယူသူက မဖြစ်မနေ တန်ဖိုး ၃၀ ရာခိုင်နှုန်း ရှိထားရမှာပါ၊ ပြီးရင် မီးနဲ့သဘာ၀ ဘေးအန္တရာယ် အာမခံအတွက် အာမခံလုပ်ငန်းမှာ သွင်းရမယ်။မီးအာမခံထားပြီးမှ ဝယ်ယူသူရယ်၊ ဘဏ်ရယ်၊ ဌာနရယ် သုံးဦးသုံးဖလှယ် စာချုပ်ချုပ်မယ်။ စာချုပ်ချုပ်ပြီးမှ အခန်းသော့ကို တခါတည်း ပေးအပ်သွားမှာပါ” ဟု ၎င်းက ဆိုသည်။
မြရည်နန္ဒာတန်ဖိုးမျှတ အိမ်ရာစီမံကိန်းကို မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ မြရည်နန္ဒာရပ်ကွက်၊ မြေအကွက်အမှတ် မမ – ၁၆ရှိ မြေဧရိယာ ၇ ဒသမ ၆၇ ဧကပေါ်တွင် ဆောက်လုပ်ရေး ဝန်ကြီးဌာန၊ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနတို့က တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး အခန်း ၁ ခန်းလျှင် ၅၆၇ စတုရန်းပေ၊ ၈ ခန်းတွဲ ၅ ထပ် ပါဝင်သည့် အဆောက်အအုံ ၁၄ လုံး စုစုပေါင်းအခန်း ၅၆၀ ခန်း ပါဝင်ဆောက်လုပ်ထားသည်။
အဆိုပါ တိုက်ခန်းများ ဝယ်ယူမည့် လျှောက်လွှာများကို နိုင်ငံဝန်ထမ်း ၈,၀၀၀ ဦး၊ အငြိမ်းစားဝန်ထမ်း ၂,၂၀၀ ဦး၊ ကုမ္ပဏီဝန်ထမ်း ၁,၅၇၀ ဦး၊ ဝင်ငွေနည်းပြည်သူ ၁,၆၀၀ ဦးတို့က လျှောက်ထားကြာင်း သိရသည်။