မလေးရှားနိုင်ငံသို့ မြန်မာအလုပ်သမား စေလွှတ်မှု အစီအစဉ်ကို ဒီဇင်ဘာလ ၆ ရက်မှ စတင်ပြီး ခေတ္တရပ်ဆိုင်းထားမည် ဖြစ်ကြောင်း အလုပ်သမားညွှန်ကြားမှု ဦးစီးဌာနက ထုတ်ပြန်ခဲ့သည်။
မောင်တော၌ ဖြစ်ပွားနေသည့် အခြေအနေများနှင့် ပတ်သက်ပြီး ပြီးခဲ့သည့် ဒီဇင်ဘာ ၃ ရက်က မလေးရှားနိုင်ငံ ဝန်ကြီးချုပ်အပါအဝင် နိုင်ငံရေး ပါတီများ၊ ဘာသာရေး အဖွဲ့အစည်းများ၊ NGOs များက ကွာလာလမ်ပူမြို့ရှိ မြန်မာသံရုံးရှေ့၌ ဆန္ဒပြခဲ့မှု အခြေအနေများကြောင့် အလုပ်သမားညွှန်ကြားမှု ဦးစီးဌာနက အထက်ပါကဲ့သို့ ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။
အလုပ်သမားညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးအောင်က “အခုထုတ်တဲ့ ညွှန်ကြားချက်ဟာ နိုင်ငံရေးနဲ့ မဆိုင်ပါဘူး။ မလေးရှားမှာ လက်ရှိဖြစ်ပွားနေတဲ့ အခြေအနေတွေကြောင့် ပြဿနာတခုခု ဖြစ်မှာစိုးလို့ ကိုယ့်ရဲ့ အလုပ်သမားတွေကို ကာကွယ်ပေးလိုတဲ့အတွက် ထုတ်ပြန်လိုက်တာပါ” ဟု ဧရာဝတီကို ပြောသည်။
ပြည်ပအလုပ်အကိုင်ရှာဖွေရေး လိုင်စင်ရအေဂျင်စီများသည် သက်ဆိုင်ရာကော်မတီ၏ ခွင့်ပြုချက်ဖြင့် အလုပ်သမား စေလွှတ်ခဲ့ပါက မလေးရှားနိုင်ငံတွင်း၌ တစုံတရာပြဿနာ ပေါ်ပေါက်လျှင် စေလွှတ်သည့် အလုပ်သမားအေဂျင်စီ၏ စရိတ်ဖြင့်သာ မြန်မာနိုင်ငံသို့ ပြန်လည်ခေါ်ဆောင်ပေးရမည် ဖြစ်ကြောင်းနှင့် ဌာန၏ညွှန်ကြားချက်အတိုင်း တာဝန်ယူမှု မရှိပါက လိုင်စင်ရုပ်သိမ်းသည်အထိ အရေးယူ ဆောင်ရွက်သွားမည်ဟု ထိုကြေညာချက်၌ ဆက်ဖော်ပြထားသည်။
သို့သော် မလေးရှားနိုင်ငံသို့ သွားရောက်ရန် အဆင်သင့်ဖြစ်နေသူများကို ပို့ဆောင်ပေးမည့် အေဂျင်စီများအနေဖြင့် ပညာရေး၊ ကျန်းမာရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံဖြိုးတိုးတက်ရေး ကော်မတီ၏ ခွင့်ပြုချက်ဖြင့် ပို့ဆောင်နိုင်ကြောင်းနှင့် အကယ်၍ အခြေအနေများကို စောင့်ဆိုင်းနိုင်ပါက ကာလတိုတခုအထိ စောင့်ကြည့်စေလိုကြောင်းလည်း ဦးမျိုးအောင်က ပြောသည်။
“တကယ်လို့ အကုန်အဆင်သင့် ဖြစ်နေပြီဆိုရင်တော့ မလေးရှားက အလုပ်ရှင်ဆီကို ဆက်သွယ်ပြီး သူက အာမခံတယ် ဆိုရင်တော့ ပို့လို့ရပါတယ်။ မတားပါဘူး။ ဒါပေမယ့် အေဂျင်စီတွေအနေနဲ့ အကျိုးအပြစ်တွေကို ကြိုတင်စဉ်းစားပြီးမှ လုပ်ပါလို့ ကျနော်တို့က စဉ်းစားခိုင်းတာပါ။ နည်းနည်းနောက်ဆုတ်လို့ ရရင်တော့ ဆုတ်သင့်ပါတယ် ” ဟု ၎င်းက ဆိုသည်။
မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့ရှိ မြန်မာသံရုံးရှေ့၌ ထိုသို့ဆန္ဒပြနေမှုများကြောင့် မလိုလားအပ်သော ကိစ္စရပ်များ မဖြစ်ပေါ်ရန်အတွက် မလေးရှားနိုင်ငံရောက် မြန်မာများအနေဖြင့် သတိထား သွားလာကြရန် မြန်မာသံရုံးက သတိပေးချက် ထုတ်ပြန်ထားသည်။
ထိုအခြေအနေများနှင့် ပတ်သက်ပြီး မလေးရှားနိုင်ငံသို့ အလုပ်သမား ပို့ဆောင်ပေးနေသည့် လူထိပ်မိုး အလုပ်အကိုင် ရှာဖွေရေး အေဂျင်စီ၏ မန်နေဂျင်းဒါရိုက်တာ ဦးကျော်ဇင်က “ မလေးကို အလုပ်သမားတွေ တောက်လျှောက်ပို့နေတာ ကြာပါပြီ။ ဒါပေမယ့် အလုပ်သမားရေးရာပြဿနာ ဆိုတာမျိုး မရှိပါဘူး။ အလုပ်သမား ပြဿနာ မဟုတ်ဘဲ တကယ်လို့ ဟိုမှာနိုင်ငံရေးအရ ပြဿနာတခုခုဖြစ်တဲ့အတွက် ကိုယ့်စရိတ်နဲ့ကိုယ် ပြန်ခေါ်ပါဆိုရင်တော့ အေဂျင်စီတွေအတွက် အများကြီး ထိခိုက်နိုင်တယ်” ဟု ပြောသည်။
မြန်မာနိုင်ငံမှ မလေးရှားနိုင်ငံသို့ မြန်မာအလုပ်သမားစေလွှတ်မှုသည် လစဉ် လူဦးရေ ၃,၀၀၀ ဝန်းကျင် ရှိကြောင်း၊ အလုပ်သမားစေလွှတ်မှု ခေတ္တရပ်ဆိုင်းပါက ထိခိုက်မှုနည်းပါးသော်လည်း အချိန်ကြာကြာ ရပ်ဆိုင်းမည်ဆိုပါက အေဂျင်စီများအပေါ် ထိခိုက်မှု ရှိလာနိုင်သည်ဟု ၎င်းက ဆက်ပြောသည်။
မြန်မာနိုင်ငံ၌ ပြည်ပအလုပ်အကိုင်ရှာဖွေရေး အေဂျင်စီ စုစုပေါင်း ၂၆၀ နီးပါးရှိသည့်အနက် မလေးရှားနိုင်ငံသို့ အလုပ်သမား ပို့ဆောင်ပေးနေသည့် ပြည်ပ အလုပ်အကိုင်ရှာဖွေရေး အေဂျင်စီ စုစုပေါင်း ၁၀၀ ဝန်းကျင် ရှိကြောင်း သိရသည်။ မလေးရှားနိုင်ငံသို့ တရားဝင် စေလွှတ်ထားသည့် အလုပ်သမား စုစုပေါင်း ၂ သိန်း ဝန်းကျင် ရှိကြောင်း အလုပ်သမား ညွှန်ကြားမှု ဦးစီးဌာန မှတ်တမ်းများအရ သိရသည်။
မလေးရှားနိုင်ငံ စီးပွားရေးလုပ်ငန်းရှင်များအဖွဲ့က မလေးရှားနိုင်ငံ၌ လုပ်ကိုင်နေကြသည့် မြန်မာအလုပ်သမားများ မြန်မာနိုင်ငံသို့ ပြန်သွားပါက မလေးရှားနိုင်ငံ၏ စီးပွားရေး ထိခိုက်နိုင်သည်ဟု ကြေညာချက် ထုတ်ပြန်ခဲ့ပြီး မလေးရှား ဝန်ကြီးချုပ်၏ လုပ်ရပ်ကို ဝေဖန်ထားသည်။
ရခိုင်ပြည်နယ်၊ မောင်တောဒေသ၌ ဖြစ်ပွားနေသည့် ပဋိပက္ခများနှင့် ပတ်သက်၍ မလေးရှားနိုင်ငံ ဝန်ကြီးချုပ်ကိုယ်တိုင် ဆန္ဒပြပွဲများ၌ ပါဝင်ပူးပေါင်းခဲ့သည့်အပေါ် မြန်မာအစိုးရက ကန့်ကွက်ခဲ့သည်။