မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု နည်းဥပဒေသစ် ထုတ်ပြန်ခြင်းမပြုမီ တင်သွင်းလာသည့် အဆိုပြုလွှာများကို လာမည့်ဒီဇင်ဘာ ၃၁ ရက်အထိ ယခင်ဥပဒေဟောင်းဖြင့် လက်ခံဆောင်ရွက် ခွင့်ပြုပေးမည်ဖြစ်ကြောင်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် (MIC) မှ သိရသည်။
မြန်မာနိုင်ငံ ရင်းနှီးမြုပ်နှံမှုကော်မရှင် (MIC) အတွင်းရေးမှူး ဦးအောင်နိုင်ဦးက “ယခင်တင်ပြထားတဲ့ အဆိုပြုလွှာတွေကို ရင်းနှီးမြှုပ်နှံမှု ဥပဒေဟောင်းနဲ့ ဒီဇင်ဘာ ၃၁ ရက်အထိ နောက်ဆုံးထား လက်ခံဆောာင်ရွက်ပေးမယ်။ လာမယ့်ဇန်နဝါရီလ ၁ ရက်ကစပြီး ဥပဒေသစ်နဲ့ပဲ ကျင့်သုံးသွားမယ်” ဟု ပြောသည်။
၂၀၁၆ – ၂၀၁၇ ဘဏ္ဍာနှစ်တွင် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်က နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုမှ အမေရိကန် ဒေါ်လာ ၆ ဘီလီယံဝင်ရန် မျှော်မှန်းထားသော်လည်း ယနေ့အချိန်ထိ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဝင်ရောက်မှုပမာဏသည် အမေရိကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံသာ ရရှိထားကြောင်း MIC က ထုတ်ပြန်ထားသည်။
ရင်းနှီးမြှုပ်နှံမှု ဥပဒေဟောင်းဖြင့် ဆောင်ရွက်ရာ၌ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်သို့ တင်ပြလာသည့် အဆိုပြုလွှာများသည် တိုင်းဒေသကြီး (သို့) ပြည်နယ်အစိုးရ ထောက်ခံချက်၊ သက်ဆိုင်ရာ ဝန်ကြီးဌာန၏ ထောက်ခံချက်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ပတ်သက်သည့် ဝန်ကြီးဌာန၏ ထောက်ခံချက်များ အပြည့်အစုံ တင်ပြမှုရှိမှသာ ခွင့်ပြုမိန့် ပြန်လည်ထုတ်ပေးနေရသဖြင့် ကြန့်ကြာမှုတချို့ ရှိနေကြောင်း သိရသည်။
လုပ်ငန်းရှင်များဘက်က ဥပဒေပါအတိုင်း ထိုသို့သဘောထားမှတ်ချက်များ တောင်းခံရာ၌ တချို့ဝန်ကြီးဌာနများနှင့် တိုင်းဒေသကြီး ပြည်နယ်အစိုးရများ၏ သဘောထားမှတ်ချက်များသည် အကြောင်းအမျိုးမျိုးကြောင့် ကော်မရှင်သို့ အချိန်မီ မရောက်သည့်အတွက် လုပ်ငန်းကြန့်ကြာမှုတချို့ ဖြစ်ပေါ်ရသည်ဟု ဦးအောင်နိုင်ဦးက ဆိုသည်။
ဦးအောင်နိုင်ဦးက “ကော်မရှင်ရဲ့ အခက်အခဲက တိုင်းဒေသကြီး အစိုးရနဲ့ သက်ဆိုင်ရာ ဝန်ကြီးဌာနတွေရဲ့ သဘောထား ပြန်ကြားချက် မရဘူးဆိုရင် ဆုံးဖြတ်ချက်ချလို့ မရဘူး။ သဘောတူမှန်း၊ မတူမှန်း မရတဲ့အတွက်ကြောင့် ချပေးလို့ မရဘူး။ ဒါကြောင့် ကြန့်ကြာမှုတချို့ ဖြစ်ခဲ့တာရှိတယ်။ ကြန့်ကြာတဲ့ အဓိက ပြဿနာက တိုင်းဒေသကြီးနဲ့ ဝန်ကြီးဌာတွေရဲ့ သဘောထားမှတ်ချက်တွေ အချိန်မီ ပြန်မရောက်တာကြောင့် ကော်မရှင်က ဆုံးဖြတ်ချက် မချနိုင်တဲ့ သဘောပါ” ဟု ပြောသည်။
မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ဥပဒေသစ်ကို ပြီးခဲ့သည့် အောက်တိုဘာလ ၁၈ ရက်တွင် နိုင်ငံတော်သမ္မတက လက်မှတ်ရေးပြီးနောက်ပိုင်း ဥပဒေသစ် စတင်အသက်ဝင်နေပြီ ဖြစ်သော်လည်း နည်းဥပဒေကို ဆက်လက် ရေးဆွဲနေလျက်ရှိကြောင်း သိရသည်။
ထွက်ပေါ်လာမယ့် ရင်းနှီးမြှုပ်နှံမှု နည်းဥပဒေသစ်တွင် ဝန်ကြီးဌာနဘက်က ခွင့်ပြုမည့် လုပ်ငန်း၊ ခွင့်မပြုသည့် လုပ်ငန်း၊ ဖက်စပ်လုပ်ကိုင်ခွင့်ပြုသည့် လုပ်ငန်း စသည့်အချက်များကို မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်နှင့် ညှိနှိုင်းဆောင်ရွက်နေ ကြောင်း သိရသည်။
မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်က ပြည်တွင်းပြည်ပ လုပ်ငန်းများ ခွင့်ပြုပေးရာတွင် စီးပွားရေး တွက်ခြေကိုက်မှု၊ အလုပ်အကိုင်သစ် ဖန်တီးနိုင်မှု၊ အခွန်တိုးတက် ရရှိနိုင်မှု၊ နည်းပညာ လွှဲပြောင်းရရှိမှု၊ တာဝန်ယူမှုရှိသော ရင်းနှီးမြှုပ်နှံမှုနှင့် တည်ဆဲဥပဒေများကို လိုက်နာမှု စသည့် အချက်များကို အခြေခံပြီး စိစစ်ခွင့်ပြုခြင်းဖြစ်သည်ဟု ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာန ( DICA ) မှ သိရှိရသည်။