ရန်ကုန်တိုင်းဒေသကြီး မော်တော်ယာဉ်လိုင်းပေါင်းစုံ ထိန်းသိမ်းရေးကြီးကြပ်မှုကော်မတီ ( မထသ ) လက်အောက်တွင် ပြေးဆွဲနေသည့် ခရီးသည်တင် ယာဉ်လိုင်းများအနေဖြင့် လာမယ့် ၁၅ ရက်နေ့ မှ စတင်ကာ စနစ်သစ်၊ ပုံစံသစ် ဖြင့် စတင်ပြေးဆွဲမည် ဖြစ်ကြောင်း သိရသည်။
ပြောင်းလဲကျင့်သုံးမည့် စနစ်သစ်တွင် ယာဉ်များကို အေ ၊ဘီ ၊စီ ၊ဒီ အုပ်စုခွဲခြားထားကြောင်း၊ အေအုပ်စုမှာ အလုံးစုံ ပြည့်စုံ သည့် အနေအထားရှိသော ယာဉ်အမျိုးအစားဖြစ်ပြီး၊ ဘီအုပ်စုမှာ ၂၀၀၃ မော်ဒယ်အထက်ယာဉ် အမျိုးအစား၊ စီအုပ်စုမှာ ၂၀၀၃ မော်ဒယ်အောက် အမျိုးအစား၊ ဒီအုပ်စုမှာ ၁၉၉၆ မော်ဒယ်အထက်ယာဉ်အမျိုးအစား ဖြစ်သည်။
ပြေးဆွဲမည့်လမ်းကြောင်းတွင် အဓိကလမ်းကြောင်း ၄၂ လိုင်း၊ လိုင်းတို ၁၂ လိုင်း၊ မြို့တွင်း ၃ လိုင်း ပြေးဆွဲရန် လမ်းကြောင်း သတ်မှတ်ထားကြောင်း သိရသည်။
“အုပ်စုတွေအကုန်လုံးက လမ်းကြောင်းပေါ်မှာ ပြေးဆွဲနေမှာပဲ။ ခရီးသည်က ရွေးချယ်စီးခွင့် ရတယ်။ အဲဒီတော့ ကားမှာ အဲယားကွန်းတို့ ပါတဲ့ကားဆို အေ အဆင့်ကားပေါ့၊ အခုစနစ်မှာ ၁၉၉၆ မော်ဒယ်တွေလည်း ပြေးဆွဲနေဦးမှာပါ။ အဲကွန်း မပါဘူး။ စပယ်ယာတွေကလည်း ပြေးဆွဲတဲ့ပုံစံ ပြောင်းထားတဲ့အတွက် ဝန်ဆောင်မှုပေးဖို့ ရှိနေဦးမှာပါ” ဟု ရန်ကုန် မြောက်ပိုင်း တိုက်ကြီးသား အများနှင့် သက်ဆိုင်သော ကုမ္ပဏီ လီမီတက်မှ ဒါရိုက်တာ၊ တွဲဖက်အတွင်းရေးမှူး ဦးစိုးမြင့်ကြည့်က ပြောသည်။
သူက “လက်ရှိပြေးဆွဲနေတဲ့ မထသယာဉ်လိုင်းတွေကို စတင် ဖျက်သိမ်းဖို့ တရားဝင် ကြေငြာသွားမယ်လို့ အစည်း အဝေးမှာ ပြောထားတယ်။ မထသဆိုင်းဘုတ်ကို ခွာရမယ်။ ရန်ကုန်တိုင်းအများပိုင် သယ်ယူပို့ဆောင်ရေး အတိုကောက် စာလုံး ကို တပ်ရမယ်။ စတေကာအောက်မှာ ခရီးစဉ် အစနဲ့ အဆုံးကို ရေးပေးရမယ်။ မှတ်တိုင်တွေကိုလည်း တင်ဒါ ခေါ်ရဦးမယ်၊ ပိုက်ဆံပုံးထည့်ဖို့တွေ ဆွေးနွေးနေတယ်” ဟု ရှင်းပြသည်။
ရန်ကုန်တိုင်း သယ်ယူပို့ဆောင်ရေး အာဏာပိုင် အဖွဲ့အစည်း အနေဖြင့် မထသ လက်အောက်ရှိ ယာဉ်လိုင်းများကို အများပိုင်စနစ်ပြောင်းလဲရန် ရည်မှန်းထားသော်လည်း လက်ရှိ ပြေးဆွဲမည့် ပုံစံသစ်မှာ အများပိုင်စနစ်ပုံစံ မဟုတ်သေးဘဲ ၎င်းစနစ်ကို ဦးတည်သွားမည့် ပုံစံဖြင့် စတင်မည်ဖြစ်ကြောင်း သိရသည်။
အများပိုင်စနစ် ပြောင်းလဲမည်ဟု စီစဉ်နေကြသော်လည်း ခရီးသည်တင်ကား အများစုမှ ယာဉ်မောင်းနှင့် ယာဉ် နောက်လိုက် တို့၏ စည်းမျဉ်းစည်းကမ်း လိုက်နာမှု အားနည်းခြင်း၊ ခရီးသည်များအပေါ် ရိုင်းပြစွာဆက်ဆံခြင်း၊ လုံခြုံမှု မရှိခြင်း၊ ခရီးစဉ် ပြီးဆုံးအောင် ပြေးဆွဲမှု မရှိခြင်း၊ အပြိုင်အဆိုင် မောင်းနှင်ခြင်း၊ ယာဉ်ကြောပိတ်ခြင်း စသည့် ပြဿနာများ ရှိနေရာ လက်ရှိ ကျင့်သုံးနေသည့် စနစ်သည် အဆင်ပြေမှု မရှိနိုင်ကြောင်း ဝေဖန်မှုများရှိနေသည်။
ရန်ကုန်တိုင်း သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှု အာဏာပိုင်အဖွဲ့အစည်းမှ အတွင်းရေးမှူး ဒေါက်တာမောင်အောင်က “လောလောဆယ်မှာ လက်ရှိပြေးဆွဲနေတဲ့ကားတွေပဲကို စနစ်သစ်နဲ့ စတင်ဖို့လုပ်နေပြီ၊ ကားစနစ်အသစ်မှာ ကားသစ်တွေနဲ့ ပြေးဆွဲဖို့ လုပ်ထားပေမယ့် ကားအမှာတွေက မရသေးဘူး၊ နောက်ပိုင်းက ယာဉ်သစ်တွေ အစားထိုးမယ်။ အခုက အဟောင်းနဲ့ တွဲပြီးလုပ်မယ်” ဟု ပြောသည်။
မြို့တော်အင်္ဂါရပ်နှင့် မညီသောယာဉ်များအတွက်လည်း ပြေးဆွဲချိန် အချိန်ကာလတခု သတ်မှတ်သွားမည်ဖြစ်ပြီး သတ်မှတ်ချိန်ကာလ နောက်ပိုင်းတွင် ယာဉ်သစ်များ လဲလှယ်ရမည်ဖြစ်ကြောင်း၊ အများပိုင် ကုမ္ပဏီများ ရေရှည် ရပ်တည်နိုင်ရေးအတွက် အစိုးရပိုင်းမှ ရှယ်ယာထည့်ဝင်ရန် ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့မှ အတွင်းရေးမှူး ဒေါက်တာမောင်အောင်က ပြောသည်။
အများပိုင်စနစ် ဆောင်ရွက်ရာတွင် အများပိုင်ကုမ္ပဏီ အဖြစ် မှတ်ပုံတင်ခြင်း၊ အသင်းအဖွဲ့ စည်းမျဉ်းစည်းကမ်း၊ ရှယ်ယာ ခေါ်ယူခြင်း စသည့် လုပ်ထုံးလုပ်နည်းများ အဆင့်ဆင့် ဆောင်ရွက်ရန် အချိန်လိုအပ်မည် ဖြစ်ကြောင်း၊ လက်ရှိတွင် အများပိုင်သယ်ယူပို့ဆောင်ရေးကုမ္ပဏီ ၈ ခု တည်ထောင်ထားကာ မထသ၏ ကြီးကြပ်မှု အောက်တွင် ယာဉ်လိုင်းပေါင်း ၇၀၀၀ ကျော် ရှိကြောင်း၊ ပြေးဆွဲနိုင်သည့် အစီးရေမှာ ၄၀၀၀ ခန့်ရှိကြောင်း သိရသည်။