ပဲခူးတိုင်းဒေသကြီး အနောက်ပိုင်း၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ်တွင် ပြီးခဲ့သည့် ဒီဇင်ဘာ ၃၁ ရက် ည ၉ နာရီခွဲခန့်က မီးလောင်ခဲ့ပြီး ဆုံးရှုံးမှု ကျပ်သန်း ၁၈၀ဝ ခန့် ရှိခဲ့သည့် အင်းမဈေးကြီးကို ဈေးသူဈေးသားများနှင့် ညှိနှိုင်း၍ ဈေးသစ် ပြန်လည် တည်ဆောက်မည် ဖြစ်ကြောင်း သိရသည်။
“ကျနော်တို့က လုပ်ငန်းစီမံချက် ချထားတာကတော့ အခု လောလောဆယ် ယာယီဈေးပေါ့၊ ဗိုလ်ရုံဝန်းမှာ ယာယီဈေး ဖွင့်ထားပေးတယ်။ အခု ယာယီဈေးကို ပြင်ပြီးသွားပြီ၊ ဒီနေ့ဆိုရင် နေရာချ မဲနှိုက်ဖို့ လုပ်နေပါပြီ။ စည်ပင်ညွှန်မှူးနဲ့ ညှိလိုက်တာ ဈေးအသစ်ပြန် တည်ဆောက်ပြီးတဲ့အခါ ဌာနကနေ အမြတ်ငွေမယူဘူး။ တည်ဆောက်ရေး စရိတ်ပဲ ပျက်စီးတဲ့ ဆိုင်ခန်းရှင်တွေ ကျခံရမှာဖြစ်တယ်” ဟု သဲကုန်းမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဇော်လင်းထိုက်က ပြောသည်။
တိုင်းဒေသကြီး အစိုးရထံမှ ထောက်ပံ့ကြေး ရရှိနိုင်ရန်နှင့် ဆိုင်ခန်းများ ဝယ်ယူသည့်အခါ အရစ်ကျစနစ်ဖြင့် ဝယ်ယူနိုင်ရန် ဘဏ်များဖြင့် ချိတ်ဆက် ဝယ်ယူနိုင်ရေး တင်ပြထားကြောင်း၊ ယာယီဈေး နေရာချပြီးပါက ဈေးသူဈေးသားများ စိတ်ကြိုက် ကော်မတီဖွဲ့၍ ဈေးသစ်ဒီဇိုင်းကို စိတ်ကြိုက်ရွေးချယ် တည်ဆောက်နိုင်ရန် စီစဉ်ပေးထားကြောင်း ဦးဇော်လင်းထိုက်က ဆက်ပြောသည်။
ဒီဇင်ဘာလ ၃၁ ရက် ည ၉ နာရီခွဲခန့်က ရန်ကုန်-ပြည် ကားလမ်းမဘေးရှိ အင်းမဈေးကြီး မီးလောင်မှုဖြစ်ပွားခဲ့ရာ အထည်ဆိုင်များ၊ လူသုံးကုန် ပစ္စည်ဆိုင်များနှင့် စားသုံးကုန် ပစ္စည်းဆိုင်များ အပါအဝင် ဆိုင်ခန်းပေါင်း ၁၀၂ ဆိုင် မီးလောင်မှုကြောင့် ကျပ်သန်းပေါင်း ၁၈၀ဝ ခန့် ပျက်ဆီးဆုံးရှုံးခဲ့ကြောင်း သိရသည်။
ဈေးအလယ်ရှိ ဒေါ်မြင့်သီတာ ပိုင် အဝတ်အထည်နှင့် အလှကုန် ပစ္စည်းဆိုင်မှ မီးစတင် လောင်ကျွမ်းခဲ့ရာ မီးငြိမ်းသတ်ခဲ့သော်လည်း မီးရှိန်မြှင့်လာခဲ့သည့်အတွက် တခြားဆိုင်များသို့ ကူးစက်၍ ဆိုင်ခန်းပေါင်း ၈၆ ဆိုင် မီးလောင် ပျက်ဆီးဆုံးရှုံးခဲ့ရပြီး မီးလောင်ချိန် ၁ နာရီကျော် ကြာမြင့်ပြီးမှ မီးငြိမ်းသတ်နိုင်ခဲ့ကြောင်း သိရှိရသည်။
ပျက်စီးသွားသည့် ဈေးနေရာတွင် ဈေးသစ်ဆောက်လုပ်နိုင်ရန် တိုင်းဒေသကြီးအစိုးရက စီစဉ်လျှက်ရှိပြီး ဈေးသည်များ ဆက်လက် ဈေးရောင်းချနိုင်ရန် တခြားနေရာတွင် ယာယီဈေး ဖွင့်လှစ်ပေးထားကြောင်းနှင့် မီးလောင်ပျက်ဆီးခဲ့သည့် ဈေးဆိုင်ခန်း ပိုင်ရှင်များအား ဈေးသစ်ဆောက်လုပ်ပြီးပါက ကုန်ကျစရိတ် အသက်သာဆုံးနှင့် ဆိုင်ခန်းသစ်များ ပြန်လည် ရရှိနိုင်ရန် စီစဉ်ထားကြောင်း သိရသည်။
“အခုဆို ဈေးဒီဇိုင်းကို ဒိုက်ဦးရယ်၊ ဝေါရယ်၊ ပဲခူးရယ် ဈေးကြီး နမူနာကိုလည်း ယူထားတယ်။ ယာယီဈေး နေရာချပြီးတာနဲ့ ဈေးသူဈေးသားတွေ စိတ်ကြိုက် ဈေးသစ် ပြန်လည် တည်ဆောက်ရေး ကော်မတီဖွဲ့မယ်။ ပြီးတာနဲ့ စည်ပင်သာယာကနေ ဒီဇိုင်း ၃ မျိုး ဒါမှမဟုတ် ၄ မျိုးလောက် တည်ဆောက်ရေး ကော်မတီကို ပို့လိမ့်မယ်။ အဲဒါကို ဈေးသူဈေးသားတွေ ကော်မတီက ကြိုက်ရာကိုရွေး၊ ကြိုက်ပြီးဆိုတာနဲ့ တည်ဆောက်ရေး ကော်မတီကပဲ လုပ်ငန်းတင်ဒါ ခေါ်မယ်။ မူလ ဆိုင်ခန်းရှင်တွေ အားလုံးကိုတော့ ဆုံးရှုံးထားတဲ့ ဆိုင်ခန်းအတိုင်း ပြန်လည်ပေးအပ်နိုင်ဖို့ သူတို့ကိုတော့ ဦးစားပေးပေါ့” ဟု ဦးဇော်လင်းထိုက်က ပြောသည်။
မီးလောင် ပျက်စီးသွားသည့် အင်းမဈေးကြီးမှာ ဆိုင်ခန်းပေါင်း ၂၈၅ ဆိုင်ရှိပြီး ၎င်းဆိုင်ခန်းများအနက် အဝတ်အထည် ဆိုင်ခန်း ၁၉ ဆိုင်၊ ကုန်စုံဆိုင် ၅၉ ဆိုင်နှင့် တခြား ကုန်ပစ္စည်းများ ရောင်းချသည့် ဆိုင်ခန်းပေါင်း ၂၄ ဆိုင် စုစုပေါင်း ဆိုင်ခန်း ၁၀၂ ဆိုင် မီးလောင်ပျက်စီး ဆုံးရှုံးခဲ့ကြောင်း သိရသည်။