အမေရိကန် သမ္မတအဖြစ် ရွေးကောက်ခံထားရသူ ဒေါ်နယ်ထရန့်သည် ဂျပန်ကားကုမ္ပဏီ တိုယိုတာကို မက္ကဆီကိုတွင် မထုတ်လုပ်ပဲ အမေရိကန်ပြည်ထောင်စုတွင် ထုတ်လုပ်ရန် ဖိအားပေးနေသည်။
တိုယိုတာ ကားထုတ်လုပ်သူသည် ကားများကို အမေရိကန်နိုင်ငံတွင် မထုတ်လုပ်ဘဲ မက္ကဆီကိုရှိ စက်ရုံသစ်တွင် ထုတ်လုပ်ရန် အစီအစဉ်ကို ဆက်လက်လုပ်ဆောင်ပါက ထိုကားများကို အမေရိကန်သို့ တင်ပို့ သောအခါ နယ်စပ်တွင် အခွန် အကြီးအကျယ်ဆောင်ရမည်ဟု သူ၏ တွစ်တာစာမျက်နှာတွင် ကြာသာပတေးနေ့က ရေးသားခဲ့သည်။
ထိုခြိမ်းခြောက်မှုမှာ အမေရိကန် ကားကုမ္ပဏီ Ford Motor Co. နှင့် General Motors Co ကို ပစ်မှတ်ထားသော ခြိမ်းခြောက်မှုမျိုး ဖြစ်သည်။ မက္ကဆီကိုတွင် ထုတ်လုပ်သော ကားငယ်များကို အခွန် ၃၅ ရာခိုင်နှုန်း ဆောင်ရမည်ဟု Ford ကုမ္ပဏီ ကို အကြိမ်ကြိမ်ခြိမ်းခြောက်ခဲ့ပြီး နယ်စပ်မှ ကားတင်သွင်းသောကြောင့် GM ကို ယခုအပတ် အတွင်းက အပြစ်တင်ခဲ့သည်။ ကားလုပ်ငန်းပြင်ပမှ အခြားသော ကုမ္ပဏီများကိုလည်း သူက အလားတူ ခြိမ်း ခြောက်ခဲ့သည်။
ကားထုတ်လုပ်သူ အားလုံးနီးပါးတို့သည်ကားငယ်များကို လုပ်အားခသက်သာသော မက္ကဆီကိုတွင် ထုတ်လုပ်ကြသည်။ ဝယ်ယူသူများကလည်း ကားငယ်များကို အနိမ့်ဈေးသာပေးကြသဖြင့် လုပ်အားခမြင့်မားသော အမေရိကတွင် မထုတ်လုပ်လိုကြပေ။ တိုယိုတာသည် စက်ရုံသစ်ကို ၂၀၁၅ ဧပြီလတွင် ကြေညာခဲ့ပြီး အလုပ်အကိုင် ၂၀၀၀ ဖန်တီးပေးမည်ဟု ပြောခဲ့သည်။
ထရန့်၏ အခွန်ခြိမ်းခြောက်မှုကို တိုယိုတာက တိုက်ရိုက်တုန့်ပြန်ခြင်း မရှိခဲ့ပေ။ သို့သော် ကြာသာပတေးနေ့က ထုတ်ပြန်သောကြေညာချက်တွင်မူ မက္ကဆီကိုစက်ရုံကြောင့် အမေရိကန်ပြည်ထောင်စုတွင် ထုတ်လုပ်မှုနှင့် အလုပ်အကိုင်လျှော့ကျသွားမည်မဟုတ်ဟု ပြောကြားခဲ့သည်။ တိုယိုတာသည် အမေရိကန်ပြည်ထောင်စုရှိ ထုတ်လုပ်ရေးစက်ရုံ ၁၀ ခု၊ အရောင်းစင်တာ ၁၅၀၀ နှင့် အလုပ်အကိုင် ၁၃၆၀၀၀ ရှိသော လုပ်ငန်းများတွင် ဒေါ်လာ ၂၁.၉ ဘီလီယမ် ရင်းနှီးမြှုပ်နှံထားသည်။
လတ်တလောတွင် ၎င်း၏ ထုတ်လုပ်ရေးအစီအစဉ်တွင် အပြောင်းအလဲများပြုလုပ်ရန် စဉ်းစားနေသည်ဟု တိုယိုတာ၏ ဥက္ကဌ Akio Toyoda က ကြာသာပတေးနေ့က မယုတ်မလွန် တုန့်ပြန်သည်။ ထရန့်အစိုးရတက်လာခြင်းကို စီးပွားရေးအခွင့်အလမ်းတခုအဖြစ် မြင်လိုသည်ဟုလည်း သူကပြောသည်။
ဟွန်ဒါကလည်း မက္ကဆီရှိ ထုတ်လုပ်မှု အစီအစဉ်များ အပြောင်းအလဲ မရှိသေးဟုပြောသည်။ Ford ကမူ မက္ကဆီကိုတွင် ဒေါ်လာ ၁.၆ ဘီလီယံ ကုန်ကျမည့် ကားအသေးစားစက်ရုံ တည်ဆောက်မည့် အစီအစဉ်ကို ဖျက်သိမ်းလိုက်ကြောင်းနှင့် ထိုငွေ၏ တစိတ်တပိုင်းကို ဒက်ထရိုက်မြို့အနီးတွင် လျှပ်စစ်ကားနှင့် မောင်းသူမဲ့ကား တည်ဆောက်သည့်စက်ရုံတွင် ရင်းနှီးမြှုပ်နှံမည်ဖြစ်ကြောင်း ကြေညာသည်။