ရန်ကုန်မြို့တွင်း သယ်ယူပို့ဆောင်ရေး လုပ်ငန်းများကို နှစ်ပေါင်များစွာ ထိန်းချုပ်လုပ်ကိုင်ခဲ့သည့် မော်တော်ယာဉ် လုပ်ငန်းပေါင်းစုံ ထိန်းသိမ်းရေးကော်မတီ ( မထသ ) ၏ ပိုင်ဆိုင်မှုများကို လွှဲပြောင်းယူရန် ရန်ကုန်တိုင်း အစိုးရအဖွဲ့က စိစစ်နေကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီး မထသ (မြို့တွင်း) ဌာနမှူး ဦးမောင်မောင်လွင်က “ ပိုင်ဆိုင်မှုတွေကို တိုင်းဒေသကြီးက ဆက်ထိန်းသိမ်းဖို့အတွက် စိစစ်တဲ့ပုံစံနဲ့ စစ်နေတာပါ။ ကာလတန်ဖိုး ကျပ်သိန်းပေါင်း ၂၂ ဘီလီယံ ရှိမယ်။ ဒီအတွက် တိုင်းဒေသကြီး အစိုးရက စာရင်းရှင်းလင်းပေးဖို့ လုပ်နေပါတယ်” ဟု ပြောသည်။
မော်တော်ယာဉ်လုပ်ငန်းပေါင်းစုံ ထိန်းသိမ်းရေးကော်မတီ ( မထသ ) သည် ၁၉၆၂ ခုနှစ်၌ စတင်ပေါ်ပေါက်ခဲ့ပြီး ယနေ့အထိ မထသအဖွဲ့ပိုင် အဆောက်အအုံနှင့် ယာဉ်ရပ်နားသည့် နေရာများကိုပါ ထည့်ပေါင်းပါက စုစုပေါင်းပိုင်ဆိုင်မှု ၂၇ ခု ရှိကြောင်း သိရသည်။
ထိုအဆောက်အအုံများနှင့် ယာဉ်ရပ်နားသည့်နေရာ စုစုပေါင်း ၂၇ ခု၏ ပိုင်ဆိုင်မှုတန်ဖိုးကို ယနေ့ကာလတန်ဖိုးနှင့် တွက်ချက်ပါက ကျပ်သန်းပေါင်း ၂၂ ဘီလီယံ တန်ဖိုးရှိကြောင်း ဦးမောင်မောင်လွင်က ပြောသည်။
ဦးမောင်မောင်လွင်က “ နိုင်ငံတော်အစိုးရက နေရာချပေးခဲ့တဲ့အပေါ်မှာ အိုးအိမ်ကို ငွေကြေးသွင်းပြီး လုပ်ခဲ့တယ်။ တဖြည်းဖြည်း ခေတ်ကာလ ပြောင်းလာတဲ့အခါမှာ ဒီအဆောက်အအုံတန်ဖိုး အရမ်းကြီးထွားလာတာပါ”ဟု ပြောသည်။
မော်တော်ယာဉ် လုပ်ငန်းပေါင်းစုံ ထိန်းသိမ်းရေးကော်မတီသည် ရန်ကုန်တိုင်းဒေသကြီး ကွပ်ကဲမှုအောက်တွင် လုပ်ကိုင်နေ သည့် အဖွဲ့တခုဖြစ်ပြီး၊ ယာဉ်လိုင်းများ တနေ့တာပြေးဆွဲမှုမှ ရရှိသည့်ဝင်ငွေပေါ်တွင် ၂ ရာခိုင်နှုန်း၊ ယာဉ်လုပ်သား ယာဉ်ပိုင်ရှင်များထံမှ ၁ ရာခိုင်နှုန်း၊ စုစုပေါင်း ၃ ရာခိုင်နှုန်းကောက်ယူ၍ ရပ်တည်ထားသည့် အဖွဲ့အစည်းတခု ဖြစ်သည်။
ယခုအခါ မကြာမီရက်ပိုင်းအတွင်း မထသကို ဖျက်သိမ်းပြီး ရန်ကုန်မြို့၏ အများပြည်သူ သယ်ယူပို့ဆောင်ရေး အများပိုင်ကုမ္ပဏီ ( YUPT) အဖြစ် အသွင်ပြောင်းလဲ လုပ်ကိုင်သွားမည် ဖြစ်သည်။