တန်ဖိုးနည်းအိမ်ရာများ အရောင်းအဝယ် ပြုလုပ်ရာ၌ ဝယ်သူဘက်က ပေးဆောင်ရသည့် အိမ်ခြံမြေအခွန်ကို ကင်းလွတ်ခွင့် ပေးသွားမည်ဖြစ်ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းက ပြောဆိုသည်။
ရန်ကုန်မြို့ရှိ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) ၌ ယနေ့တွင် ပြုလုပ်သည့် နိုင်ငံတော် ဒုသမ္မတ (၁) က ဦးဆောင်၍ စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် စီးပွားရေး လုပ်ငန်းရှင်များ တွေ့ဆုံသည့် ဆွေးနွေးပွဲတွင် ဝန်ကြီးဦးကျော်ဝင်းက ပြောဆိုခဲ့ခြင်း ဖြစ်သည်။
အခွန်ကင်းလွတ်ခွင့်ရမည့် တန်ဖိုးနည်းအိမ်ရာဟု ဆိုရာတွင် စတုရန်းပေ ၆၀၀ အောက် တိုက်ခန်းများဖြစ်ပြီး၊ တန်ဖိုးငွေ ပမာဏအားဖြင့် ကျပ်သိန်း ၁၅၀ ဝန်းကျင်ဖြင့် ရောင်းချသည့် တိုက်ခန်းများဖြစ်ကြောင်း မြန်မာနိုင်ငံ ဆောက်လုပ်ရေး လုပ်ငန်းရှင်များ အသင်းဥက္ကဋ္ဌ ဦးသာဌေးက ပြောသည်။
“တန်ဖိုးနည်း အိမ်ရာတွေကို အခွန်ကင်းလွတ်ခွင့်ပေးဖို့ မြန်မာနိုင်ငံ ဆောက်လုပ်ရေးလုပ်ငန်းရှင်းများ အသင်းက စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းကို ဖြေလျော့ပေးဖို့ တောင်းဆိုခဲ့တာ ဖြစ်တယ်”ဟု ဦးသာဌေးက ဆိုသည်။
တန်ဖိုးနည်းအိမ်ရာများ ဝယ်ယူရာတွင် အခွန်ကင်းလွတ် ပြုလုပ်သွားမည် ဖြစ်သော်လည်း အိမ်အရောင်းအဝယ် ပြုလုပ်ရန် စာချုပ်ချုပ်ဆိုရာ၌ ပိုင်ဆိုင်ခွင့်အတွက် ပေးဆောင်ရသည့် တံဆိပ်ခေါင်းအခွန်ကို ဆက်လက် ကောက်ခံသွားမည်ဟု သိရသည်။
လက်ရှိကာလတွင် ဆောက်လုပ်ရေး လုပ်ငန်းများက ပေးဆောင်နေရသည့် အခွန်ပမာဏ များပြားနေပြီး ကျပ်သိန်း ၁,၀၀၀ ခန့် ရှိသည့် တိုက်ခန်းတခန်း ဝယ်ယူရာတွင် ပေးဆောင်ရသည့် အခွန်တန်ဖိုးမှာ တိုက်ခန်းတန်ဖိုး၏ ၃၀ ရာခိုင်နှုန်းအထိ ပေးဆောင်ရသည့်အတွက် ဝန်ထုပ်ဝန်ပိုး ဖြစ်နေကြောင်း ဆောက်လုပ်ရေး လုပ်ငန်းရှင်များက ပြောသည်။
“အိမ်ခြံမြေဈေးကွက် အရောင်းအဝယ် အေးနေတဲ့အချိန်မှာ ဒီလိုအခွန်ကောက်ခံတာတွေက ဝန်ထုတ်ဝန်ပိုး ဖြစ်နေတယ်။ အခွန်ကြောင့် မဝယ်နိုင်ကြတော့ မရောင်းရဘူး။ မရောင်းရတော့ ဆောက်လုပ်ရေး လုပ်ငန်းရှင်တွေလည်း မဆောက်နိုင်တော့ဘူး။ ဆောက်လုပ်ရေး လုပ်ငန်းသုံး ပစ္စည်ရောင်းသူတွေလည်း မရောင်းရတော့ဘူး”ဟု ဦးသာဌေးက ပြောသည်။
တန်ဖိုးနည်း အိမ်ရာများကို မြန်မာနိုင်ငံ ဆောက်လုပ်ရေး လုပ်ငန်းရှင်များအသင်းက ဆောက်လုပ်သွားရန် အစီအစဉ်ရှိကြောင်း၊ ထိုသို့ဆောက်လုပ်မည့် တန်ဖိုးနည်းအိမ်ရာ စီမံကိန်းအတွက် အစိုးရထံမှ မြေတောင်းခံထားပြီး၊ ဘဏ်ချေးငွေဖြင့် တည်ဆောက်ရန် စီစဉ်ထားကြောင်းနှင့် အိမ်ရာများကို တပေပတ်လည်လျှင် ကျပ် ၂၃,၀၀၀ ခန့်ဖြင့် ရောင်ချပေးမည်ဟု သိရသည်။