တရုတ်-မြန်မာ နယ်စပ် မူဆယ် ကုန်သွယ်ရေး လမ်းကြောင်းတွင် “ရေပူ”စစ်ဆေးရေးဂိတ် ပြန်လည်ဖွင့်လှစ်မည့် အစီအစဉ် သည် ကုန်စည် စီးဆင်းမှုကို ပိုမိုနှောင့်နှေးမည် စိုးရိမ်သဖြင့် ဒေသခံ ကုန်သည်များက ကန့်ကွက်နေကြောင်း သိရသည်။
မူဆယ် ဆန်စပါးကုန်စည်ဒိုင် ဒုဥက္ကဌ ဦးချမ်းသာဦးက “ဂိတ်ကိုပြန်ဖွင့်မယ့် ရည်ရွယ်ချက်တွေက ကောင်းပေမယ့် ဖြစ်လာ နိုင်တဲ့ ဆိုးကျိုးတွေကိုလည်း ကြိုတွက်ထားဖို့ လိုအပ်ပါတယ်။ ပြီးတော့ မှောင်ခိုကယ်ရီ သမားအနေနဲ့ကတော့ ဂိတ်တဂိတ် တိုးလာရင် ညှိလို့ရရင် သွားမယ်၊ မရရင် ကွင်းလမ်းကသွားမှာပဲ၊ တကယ်တရားဝင် လုပ်ကိုင်နေတဲ့ ကုန်သည်တွေ အတွက် အချိန်ကြန့်ကြာတာတွေ၊ လမ်းပိတ်ဆို့မှုတွေ၊ ကားခဈေးမြင့်လာတာတွေ စတဲ့ မလိုလားအပ်တဲ့ ဆုံးရှုံးမှုတွေ ဖြစ်လာဖို့များတယ်”ဟု ဧရာဝတီသို့ ပြောသည်။
မူဆယ် – မန္တလေး လမ်းကြော၏ တဝက်တွင် တည်ရှိသည့် ရှမ်းပြည်နယ်မြောက်ပိုင်း သိန်းနီမြို့နယ် ရေပူ စစ်ဆေးရေး ဂိတ် ကို လာမည့် ဇန်နဝါရီ ၁၆ ရက်တွင် ပြန်လည်ဖွင့်လှစ်မည်ဟု ဇန်နဝါရီ ၁၁ ရက်နေ့က မူဆယ်မြို့နယ် အကောက်ခွန် ဦးစီးဌာနက ဒေသခံ ကုန်သည်များအား ကြိုတင်ရှင်းလင်းမှု ပြုလုပ်ခဲ့သည်။
အဆိုပါ ဂိတ်ဖွင့်လှစ်မည့် အစီအစဉ်နှင့် ပတ်သက်၍ မူဆယ်-နမ့်ခမ်း နယ်စပ် ကုန်သွယ်ရေး ကုန်သည်များ အသင်း၏ ညီနောင်အသင်း ၈ သင်းထံမှ သဘောထား မှတ်ချက်များ တောင်းခံထားရာ မူဆယ် ဆန်စပါးကုန်စည်ဒိုင်၊ မူဆယ် ၁၀၅ မိုင် ယာဉ်၊ ယန္တရား တင်သွင်းသူများအသင်း၊ သစ်သီးဝလံ ကုန်စည်ဒိုင်တို့က ကန့်ကွက်သည့် သဘောထားများ လက်ခံရရှိ ထားသည်ဟုလည်း ဆိုသည်။
ညီနောင်အသင်းများ အားလုံးထံမှ သဘောထားမှတ်ချက်များ ရရှိပြီ ဆိုပါက ပြည်ထောင်စု စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီး ဌာန အပါအဝင် သက်ဆိုင်ရာ ပြည်ထောင်စု ဝန်ကြီး ဌာနများသို့ ပေးပို့ရန် စီစဉ်ထားကြောင်း မူဆယ် – နမ့်ခမ်း နယ်စပ် ကုန်သွယ်ရေး ကုန်သည်များအသင်းမှ သိရသည်။
တရားမဝင် ကုန်စည်စီးဆင်းမှု လျော့နည်း စေရေး၊ နိုင်ငံတော် အခွန်ဘဏ္ဍာ တိုးတက်လာရေးအတွက် ပြည်ထောင်စု စီမံကိန်း နှင့် ဘဏ္ဍာရေးဝန်ကြီး ဌာန၏ ညွှန်ကြားချက်ဖြင့် “ရေပူ” စစ်ဆေးရေးဂိတ်ကို ပြန်လည် ဖွင့်လှစ်ခြင်း ဖြစ်ပြီး အကောက်ခွန် ဦးစီးဌာနက ဦးဆောင်ကာ ဌာနဆိုင်ရာ ၁၁ ဖွဲ့နှင့် အထိုင် စစ်ဆေးသွားမည်ဟု မူဆယ်မြို့နယ် အကောက်ခွန် ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးဝင်းဇော်က ဧရာဝတီသို့ ပြောသည်။
“၁၀၅ မိုင်ဇုန်ကို ကွင်းပြီး သွားတဲ့ကားတွေကို အဓိကထားပြီး Spot check အနေနဲ့ စစ်မယ်လို့ အကြမ်းဖျင်း သိထားပါ တယ်။ စာရွက်စာတမ်းပြနိုင်ပြီး တရားဝင်သွားတဲ့ ကားတွေကိုတော့ ဂျုတီ (အခွန်) ဆောင်ထားတာ ဖြစ်တဲ့အတွက် Traffic ဖြစ်လောက်အောင် စစ်မှာမဟုတ်ပါဘူး”ဟုလည်း အကောက်ခွန် ညွှန်ကြားရေးမှူး ဦးဝင်းဇော်က ပြောသည်။
မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်အား ကွင်းသွားသည့် ရှောင်ကွင်းလမ်း ၉ လမ်းရှိပြီး ထိုကွင်းလမ်းများကို အသုံးပြု၍ တရားမဝင် ကုန်စည်သယ်ဆောင်လာသည့် ယာဉ်များကို ရေပူဂိတ်မှ အဓိကထား စစ်ဆေး သွားမည်ဖြစ်ရာ ရန်ကုန် အကောက်ခွန် ရုံးချုပ်မှ ဂိတ်တာဝန်ခံအဖြစ် တာဝန်ယူဆောင်ရွက်မည်ဟု သိရသည်။
“ဒါဟာ ဝန်ကြီးဌာန ၂ခုအားပြိုင်မှုလို့ မြင်တယ်။ ဒီဂိတ်ကို ပြန်ဖွင့်လိုက်ခြင်းက ကောင်းကျိုးထက် ဆိုးကျိုးက ပိုများလာ မယ်။ တရားမဝင် ကုန်စည်စီးဆင်းမှုကို တကယ် ထိန်းချုပ်ချင်ရင် ကယ်ရီတွေသွားနေတဲ့ ရှောင်ကွင်းလမ်းတွေကို ထိန်းချုပ် ရမှာ၊ အစိုးရက ပြည်သူ့အသံကို နားမထောင်ဘဲ ညွှန်ချုပ်၊ ညွှန်မှူးတွေ စကားပဲ နားထောင်နေတဲ့ ပုံစံဖြစ်နေတယ်”ဟု မူဆယ်မြို့နယ် မဲဆန္ဒနယ်၏ ရှမ်းပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းကျော်သိန်းက ဧရာဝတီသို့ ပြောသည်။
ယခင်က ရေပူစစ်ဆေးဂိတ်ကို အမှီပြုကာ အဂတိလိုက်စားမှုများ၊ တရားမဝင် မှောင်ခိုကုန်သွယ်ရေးများ ဆောင်ရွက် နေသည့် အတွက် ဂိတ်ပိတ်ရန် သိန်းနီ မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်က ၂၀၁၁ ခုနှစ်က ပြည်သူ့ လွှတ်တော် ကို တင်ပြခဲ့သည့်အတွက် ၂၀၁၂ ခုနှစ် နှစ်ဆန်းပိုင်းတွင် ယင်းဂိတ်ကို ပိတ်စေခဲ့ခြင်းဖြစ်ကြောင်း မူဆယ် ဒေသခံ ကုန်သည်များထံမှ သိရသည်။
လက်ရှိ မန္တလေး-မူဆယ် လမ်းကြောတွင် ကုန်စည်ပို့ဆောင်ပါက အသွားအပြန် ၁၀ ရက်ခန့်ကြာပြီး ရေပူဂိတ်အား ဖွင့်လှစ် လိုက်မည်ဆိုပါက ယခုထက် ကြာချိန် ၂ ဆ ပိုသွားမည်ဖြစ်၍ အခက်အခဲများစွာရှိလာနိုင်သည်ဟု ကုန်သည်များက ပြော သည်။
နယ်စပ်ကုန်သွယ်ရေး ကဏ္ဍာတွင် မူဆယ်ကုန်သွယ်ရေးစခန်းက ပမာဏ အများဆုံးဖြစ်ပြီး ၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ်တွင် စက်တင်ဘာလအထိ ကုန်သွယ်မှု ပမာဏ စုစုပေါင်း အမေရိကန် ဒေါ်လာ သန်းပေါင်း ၂၅၀၀ ကျော်ရှိကြောင်း စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီး ဌာန ဝက်ဘ်ဆိုက် တွင် ထုတ်ပြန်ထားသည်။