၂၀၁၆ နှစ်ကုန်ပိုင်းမှ ပြန်လည်လှုပ်ရှားလာသည့် မန္တလေးအိမ်ခြံမြေ ဈေးကွက်အတွင်း ကျပ်သိန်းသောင်းဂဏန်း တန်ဖိုးရှိ မြို့တွင်းပိုင်း မြေကွက်များ အရောင်းအဝယ်ဖြစ်လာကြောင်း မန်းအိမ်ခြံမြေ ဈေးကွက်မှ သိရသည်။
ထိုသို့ ကျပ်သိန်းသောင်းဂဏန်း တန်ဖိုးရှိ မြေကွက်များကို ယခင်ကကဲ့သို့ တရုတ်စီပွားရေး လုပ်ငန်းရှင်များက အမည်ခံဖြင့် ဝယ်ယူခြင်း မဟုတ်ဘဲ မန္တလေးမြို့ အနီးဝန်းကျင်ဒေသများက မြို့လယ်တွင် နေထိုင်၍ လုပ်ငန်းလုပ်ကိုင်ရန်အတွက် ဝယ်ယူလာခြင်း ဖြစ်သည်ဟု မန္တလေးမြို့အခြေစိုက် အိမ်ခြံမြေအကျိုးဆောင် ဦးဌေးဌေးက ပြောသည်။
“အရင်လတွေထက် ဒီလပိုင်းထဲမှာ မြေကွက်တွေ မေးမြန်းစုံစမ်းတာ များလာတယ်။ သောင်းဂဏန်းပိုင်း မြေကွက်တချို့ အရောင်းအဝယ် ပြန်ဖြစ်လာတယ်။ ဒီမြေကွက်တွေကို ဝယ်ယူသူတွေက အမှန်တကယ် နေထိုင်မယ့်သူတွေ ဝယ်ယူတာ များတယ်” ဟု ဦးဌေးဌေးက ဆိုသည်။
မန်းအိမ်ခြံမြေဈေးကွက် အရောင်းအဝယ် ပြန်လည်လှုပ်ရှားလာသကဲ့သို့ အငှားဈေးကွက်၌ ငှားရမ်းသူ ပိုများလာပြီး၊ မြို့တွင်းပိုင်း အချက်အချာကျသည့် နေရာများ၌ ငှားရမ်းလိုမှု ပိုမြင့်တက်နေကြောင်းနှင့် ငှားရမ်းမှု အများဆုံးမှာ စီးပွားရေး လုပ်ငန်းများ လုပ်ကိုင်နိုင်ရန် မြေနေရာအကျယ်အဝန်း လုံလောက်စွာရှိသည့် နေရာများဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။
မန်းအိမ်ခြံမြေ အငှားဈေးကွက်၌ လူနေထိုင်မှုနှင့် ဆိုင်ခန်းဖွင့်လှစ်ရန် ကောင်းမွန်သည့် ၇၃ လမ်းမတန်း ( လမ်း ၃၀ မှ မန္တလေး တက္ကသိုလ်အနီးဝန်းကျင် ရပ်ကွက်များ၊ ဆေးတက္ကသိုလ် အနီးဝန်းကျင် ရပ်ကွက်များ၊ မင်္ဂလာမန္တလေး စီမံကိန်း အနီးဝန်းကျင် ရပ်ကွက်များ၊ ၆၂ လမ်းမတန်း (၄၂ လမ်းမှ လမ်း ၃၀)၊ ၃၅ လမ်းမတန်း ( ၆၂ လမ်းမှ ၇၈ လမ်း)၊ လမ်း ၃၀ (၈၄ လမ်းမှ ၆၂လမ်း)၊ ဘူတာကြီးအနီး တိုက်ခန်းများတွင် ငှားရမ်းလိုမှု အများဆုံးဖြစ်သည် အိမ်ခြံမြေလုပ်ငန်း လုပ်ကိုင်သူတချို့က ပြောသည်။
အငှားဈေးကွက်သည် လူနေထိုင်မှု လိုအပ်ချက်ထက် ဆိုင်ကြီးများ ဖွင့်လှစ်ရန်နှင့် ရုံးခန်းများ ဖွင့်လှစ်ကြရန်အတွက် ရင်းနှီးမြှုပ်နှံသူ အသစ်များ ဝင်ရောက်လာသလို ရုံးခန်းဖွင့်လှစ်ရန် ငှားရမ်းသူများတွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံကြသူများလည်း ပါဝင်လာကြောင်း ၎င်းတို့က ဆိုသည်။
အလားတူ ပုသိမ်ကြီးမြို့နယ်နှင့် အမရပူရမြို့နယ် အရှေ့ခြမ်းရှိ ကျပ်သိန်း ၅၀ မှ ကျပ်သိန်း တစ်ထောင်အောက် မြေကွက်များလည်း အရောင်းအဝယ် ဖြစ်နေကြောင်းနှင့် ယခုကဲ့သို့ မန်းအိမ်ခြံမြေဈေးကွက် ပြန်လည်လှုပ်ခတ်စ ပြုလာပြီ ဖြစ်သဖြင့် မကြာမီကာလအတွင်း မန်းအိမ်ခြံမြေဈေးကွက် ပြန်လည်ကောင်းမွန်လာနိုင်သည်ဟု အိမ်ခြံမြေ အကျိုးဆောင်များက ပြောသည်။
ဝါရင့်အိမ်ခြံမြေ အကျိုးဆောင် ဦးထွန်းနိုင်က “အရင်က မန္တလေးမြေကွက်တွေကို အများဆုံး ဝယ်ယူကြတာက တရုတ်ဝယ်လက်တွေ များတယ်။ အခုနောက်ပိုင်း သူတို့လည်း မဝယ်ကြတော့ဘူး။ တချို့ဆိုရင် မြတ်မယ်အထင်နဲ့ မြေကွက်တွေ အများကြီး ကိုင်ထားကြတော့ အခုအချိန်မှာ မြေမျိုနေကြတဲ့ အဖြစ်မျိုး ရင်ဆိုင်နေရတယ်” ဟု ဆိုသည်။
အိမ်ခြံမြေဈေးနှုန်းများသည် မန္တလေးမြို့သစ်ပိုင်းရှိ လမ်းမတန်း မြေကွက်များသည် ကျပ်သိန်း ၂ ထောင်အထက် ပေါက်ဈေးရှိပြီၤး ကြားကွက်များမှာ သိန်း ၅၀၀ ခန့်၊ (ဆ) ရပ်ကွက် ကြားကွက်များသည် ကျပ်သိန်း ၂ ထောင်ခန့်၊ ထန်းကိုးပင်အနီး အကွက်များတွင် ကျပ်သိန်း ၁,၂၀၀ မှ ၃,၀၀၀ ခန့်၊ ပြည်ကြီးတံခွန်မြို့နယ်၊ ချမ်းမြသာစည်မြို့နယ် အရှေ့ခြမ်းနှင့် ပုသိမ်ကြီးမြို့နယ်များတွင် ကျပ်သိန်း ၁ ထောင်မှ ကျပ်သိန်း ၅၀၀ ခန့်၊ မြရည်နန္ဒာ မြို့သစ်အပိုင်းနှင့် (၅၀၊ ၅၁၊ ၅၂ လမ်း) လမ်း အပိုင်းများရှိ လမ်းမတန်းမြေကွက်များသည် ကျပ်သိန်း ၁၀၀၀ အထက် ဈေးပေါက်လျက် ရှိသည်ဟု အိမ်ခြံမြေ ရောင်းဝယ်သူများထံမှ သိရသည်။