စီးပွားရေး ပိတ်ဆို့မှုများ အဆုံးသတ်သွားသည့် အချိန်တွင် ရင်းနှီးမြှုပ်နှံမှုများ တဟုန်ထိုးမြင့်တက်လာခြင်း နှင့် လုပ်ခလစာ နည်းသည့် အလုပ်သမားပေါများခြင်းတို့က မြန်မာနိုင်ငံ၏ ထွန်းကားလာခါစ ကုန်ထုတ်လုပ်ငန်း ကဏ္ဍ အကြီးအကျယ် တိုး တက်လာရေးအတွက် ရည်ရွယ်ထားသလိုပင်။
၂ နှစ်ပင် မကြာသည့် အချိန်အတွင်းတွင် ဂျပန်နိုင်ငံမှ အဝတ်အထည်လုပ်ငန်းတခု ဖြစ်သည့် Honeys က မြန်မာနိုင်ငံရှိ သူတို့၏ ဒုတိယမြောက် စက်ရုံမှ ထုတ်လုပ်ရေးလိုင်းကို ၅ လိုင်းမှ ၃၄ လိုင်းအထိ တိုးမြှင့်ခဲ့သည်။ ဂျပန်နိုင်ငံသို့ ပို့ဆောင် မည့် ရှပ်အကျၤ ီများ နှင့် ဂျာကင်များ ထုတ်လုပ်သည့် ရန်ကုန် စက်ရုံမှ အလုပ်သမား အင်အားကလည်း ၎င်းတို့ လုပ်ငန်း စတင်ခဲ့သည့် ၂၀၁၅ ခုနှစ် နွေဦးတွင် ၃၀၀ ခန့် သာ ရှိရာမှ ၂၆၀၀ ခန့်အထိတိုးတက်လာခဲ့သည်။
ထို့ပြင် လုပ်သားအင်အားစု အတွင်းမှ ကျွမ်းကျင်မှု အဆင့် အတန်းကလည်း သိသိသာသာတိုးတက်လာခဲ့သည်။ “ စက်ရုံ မှာ ကုန်ပစ္စည်းအသစ်တခု စတင်တဲ့ အခါတိုင်း ထုတ်လုပ်မှုကျသွားတာကို တွေ့ရတတ်ပါတယ်။ အခုဆိုရင်တော့ ကျနော် တို့ အနေနဲ့ ကျွမ်းကျင်မှုလိုအပ်ချက် မြင့်မားတဲ့ ကုတ်အရှည်လိုမျိုးတွေ ကိုတောင်မှ ကိုင်တွယ်နိုင်ပါပြီ” ဟု ကု မ္ပဏီ၏ မြန်မာနိုင်ငံဆိုင်ရာ ဌာန အကြီးအကဲ Takeshi Iguchi ကပြောသည်။
၂၀၀၀ ခုနှစ်များ၏ အစောပိုင်းတွင် Honeys ကုမ္ပဏီက ကုန်ပစ္စည်းထုတ်လုပ်ရေး အတွက် တရုတ်နိုင်ငံကို အကြီးအကျယ် မှီခို အားထားခဲ့သည်။ သို့သော်လည်း တရုတ်နိုင်ငံတွင် လုပ်ခလစာနှုန်းထားများ မြင့်တက်လာသည့် အချိန်တွင် ကုမ္ပဏီက ထုတ်လုပ်ရေး လုပ်ငန်းများကို တရုတ်နိုင်ငံထက် လုပ်ခလစာ ၄ ဆ နည်းသည့် မြန်မာနိုင်ငံသို့ ရွှေ့ပြောင်းရန် ဆုံးဖြတ်ခဲ့ သည်။
၂၀၁၂ ခုနှစ်တွင် Honeys က မြန်မာနိုင်ငံတွင် ထုတ်လုပ်ရေး ပထမဆုံးစတင်သည့် ဂျပန် ကုန်ထုတ်လုပ်ငန်း ဖြစ်လာခဲ့ သည်။ ယခုအခါတွင် သူတို့က မြန်မာနိုင်ငံတွင် စက်ရုံ ၂ ခုလည်ပတ်နေပြီး တနေ့လျှင် အဝတ်အထည် ၁၈၀၀၀ ခန့် ထုတ် လုပ်နေပြီး ထိုပမာဏ မှာ ကုမ္ပဏီ၏ ပြည်တွင်းဈေးကွက် တွင်ရောင်းချမှု၏ ၂၀ ရာခိုင်နှုန်းမှ ၃၀ ရာခိုင်နှုန်းအတွင်း ဖြစ်သည်။ ယခုအခါတွင် မြန်မာနိုင်ငံ ၌ တတိယမြောက် စက်ရုံ တည်ဆောက်ရန် Honeys က စဉ်းစားနေပါသည်။
ယခုအခါ မြန်မာနိုင်ငံမှ လုပ်အားခ နှုန်းထားများကလည်း စတင်၍ မြင့်တက်လာနေသည်ကို မြင်တွေ့နေရသည်။ မြန်မာနိုင်ငံအတွက် အနိမ့်ဆုံး လုပ်ခ လစာ ဥပဒေကို ၂၀၁၅ ခုနှစ်တွင် ပထမဆုံး စတင်နိုင်ခဲ့သည်။
သို့သော်လည်း လက်ရှိအချိန်၌ မြန်မာနိုင်ငံ၏ အထည်ချုပ်လုပ်ငန်း ကဏ္ဍမှ လုပ်ခလစာများသည် ကျပ် ၂၀၀၀၀၀ ခန့်သာ ရှိနေပြီး ဘင်္ဂလားဒေ့ရှ် သို့မဟုတ် ဗီယက်နမ် ထက်နည်းသည်ဟု Takeshi Iguchi ၏ အဆိုအရသိရသည်။
ယခုအခါ နိုင်ငံခြား အဝတ်အထည်လုပ်ငန်းများက လုပ်ခလစာဈေးသက်သာသည့် နေရာများသို့ ဦးတည်နေကြသည်။ ပြည်တွင်းလုပ်ငန်းရှင်များရော ပြည်ပလုပ်ငန်းရှင်များပါ ပါဝင်ကြသည့် မြန်မာနိုင်ငံ အထည်ချုပ် လုပ်ငန်းရှင်များအသင်း (MGMA) တွင် ၂၀၁၅ ခုနှစ်အထိ အဖွဲ့ဝင် ၁၀၀ ဝန်းကျင်သာရှိရာမှ ယခုအခါ ၄၀၀ ခန့် အထိရှိလာသည်။
စီးပွားရေး ပိတ်ဆို့မှု များ ရုပ်သိမ်းလိုက်ခြင်းကြောင့် MGMA အဖွဲ့ဝင်များ ယခုကဲ့သို့ များပြားလာခြင်း ဖြစ်ပါသည်။
အဝတ်အထည်တင်ပို့မှုများအတွက် အကြီးဆုံး ဈေးကွက်ဖြစ်သော အမေရိကန်နိုင်ငံက မြန်မာနိုင်ငံမှ သွင်းကုန်များ အား လုံးကို ၂၀၀၃ ခုနှစ်တွင် ပိတ်ပင်ခဲ့သည်။ ဥရောပနိုင်ငံ အများအပြားကလည်း စစ်အစိုးရအပေါ် ဒဏ်ခတ် အရေးယူမှုများ ပြု လုပ်ခဲ့ပြီး ကုန်သွယ်ရေးအထူးအခွင့်အရေးရ နိုင်ငံ အဖြစ်မှလည်း ပယ်ဖျက်ခဲ့ကြသည်။
ထို့ကြောင့် တောင်ကိုရီးယား နှင့် ဂျပန်နိုင်ငံသည်သာ မြန်မာပို့ကုန်များအတွက် အဓိက ဈေးကွက်များ အဖြစ် ကာလကြာ ရှည်စွာ ရှိနေခဲ့ရသည်။
ဆယ်စုနှစ် တခုကြာသည့် အခါ ဥရောပက မြန်မာနိုင်ငံတွင် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးများ စတင်လာသည်ကို တုန့် ပြန် သည့် အနေဖြင့် မြန်မာနိုင်ငံကို ကုန်သွယ်ရေး အထူးအခွင့်အရေးရ နိုင်ငံ အဆင့်အတန်း ပြန်လည် ပေးအပ်ခဲ့သည်။ အမေရိကန် အစိုးရကလည်း မြန်မာနိုင်ငံ အပေါ်တွင် ချမှတ်ထားသည့် အရေးယူ ပိတ်ဆို့မှုများကို ၂၀၁၆ ခုနှစ် အောက် တို ဘာလတွင် အပြည့်အဝ ရုပ်သိမ်းပေးခဲ့သည်။
ထို့ကြောင့် တရုတ်နှင့် တောင်ကိုရီးယားမှ ကန်ထရိုက်စနစ်ဖြင့် အဝတ်အထည်ထုတ်လုပ်သူများ မြန်မာနိုင်ငံတွင် အလော တကြီးဖြင့် လုပ်ငန်းတိုးချဲ့မှုများ ရှိလာသည်။ Hennes & Mauritz နှင့် အခြားသော နာမည်ကြီး အမှတ်တံဆိပ်များလည်း ဒေသခံ ကန်ထရိုက်(အထည်ချုပ်လုပ်ငန်းများ)များ ရှာဖွေရန် အတွက် မြန်မာနိုင်ငံ အထည်ချုပ် လုပ်ငန်းရှင်များအသင်း (MGMA) သို့ စတင်ရောက်ရှိလာခဲ့သည်။
၂၀၁၅ ဘဏ္ဍာရေးနှစ်တွင် မြန်မာနိုင်ငံ၏ ပို့ကုန်တွင် အထည်ချုပ်လုပ်ငန်းမှ ထွက်ကုန်များ၏ ပါဝင်မှုက အမေရိကန် ဒေါ် လာ သန်း ၉၀၀ ခန့်အထိရှိခဲ့သည်။ အဆိုပါ ပမာဏသည် ဗီယက်နမ်မှ အထည်ချုပ်ပို့ကုန်များ၏ ၁၃ ပုံ ၁ပုံ၊ ကမ္ဘောဒီးယား ၏ ၆ပုံ ၁ပုံသာ ရှိသည်။ သို့သော်လည်း မြန်မာနိုင်ငံက အဝတ်အထည်ထုတ်လုပ်မှု၏ အချက်အချာနေရာသစ်တခု ဖြစ်လာ နိုင်သော အရည်အချင်းများ အားလုံး ရှိနေပါသည်။
နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အစိုးရသစ်က အလုပ်အကိုင်နေရာများ တိုးချဲ့ နိုင် ရန်နှင့် ရေနံနှင့် သဘာဝဓာတ်ငွေ့ ဝင်ငွေ အပေါ်မှီခိုနေရခြင်းကို လျှော့ချနိုင်ရန် အတွက် ပို့ကုန် ဦးစားပေးသည့် ကုန်ထုတ် လုပ်ရေး လုပ်ငန်းများ တိုးချဲ့ နိုင်ရန် ရည်ရွယ်ထားသည်။
ကုန်ကျစရိတ်တွင် အားသာချက်ရှိပြီး နိုင်ငံတကာ ပြိုင်ဘက်များနှင့် အလွယ်တကူ ယှဉ်ပြိုင်နိုင်သည့် အထည်ချုပ်လုပ်ငန်း ကဏ္ဍက ပထမဆုံး တိုးတက်လာရန် ရှိနေသည်။
သို့သော်လည်း မြန်မာနိုင်ငံအတွက် အရေးတကြီးလိုအပ်နေသည်မှာ ပြည်ပမှ နည်းပညာရရှိပြီး အလုပ်အကိုင်များလည်း ဖန်တီးပေးနိုင်မည့် စက်မှုလုပ်ငန်းများ၏ နယ်ပယ်ကို တိုးချဲ့ရေး ဖြစ်သည် ဟု ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦး စီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးက ပြောသည်။
အားတက်စရာ အရိပ်အယောင် အချို့လည်း ရှိနေပါသည်။ ဒေသတွင်း အကြီးစားလျှပ်စစ်ပစ္စည်း ထုတ်လုပ်ရေး လုပ်ငန်း ကြီး တခု ဖြစ်သည့် Asia General Electric Holding (AGEH) သည် အစိုးရ၏ အခြေခံ အဆောက်အဦး ရင်းနှီးမြှုပ်နှံမှု ကြောင့် ဝယ် လိုအား တဟုန်ထိုး တက်လာခြင်းကို ပြည့်မီနိုင်ရေးအတွက် ထရန်စဖော်မာ ထုတ်လုပ်သည့်စက်ရုံကို အရှိန် မြှင့်ပြီး လည် ပတ်နေရသည်။ ၂၀၁၃ ခုနှစ်တွင် ကုမ္ပဏီက စက်ရုံ၏ ထုတ်လုပ်မှုကို ၃ ဆ မြှင့်တင်ခဲ့ရသည်။
သုတ်ဆေးနှင့် ပလပ်စတစ် ထုတ်လုပ်ရေးကို လေ့လာခဲ့ပြီး ၂၀၀၈ ခုနှစ်တွင် ကုမ္ပဏီကို စတင်ထူထောင်ခဲ့သော မန်နေးဂျင်း ဒါရိုက်တာ ဦးခင်မောင်မြတ်က ယခုအခါတွင် မြန်မာနိုင်ငံတွင် ထရန်စဖော်မာ ထုတ်လုပ်သူ ဖြစ်လာသည်။
AGEH က ၂၀၁၈ ခုနှစ်တွင် လစဉ် ထရန်စဖော်မာ ထုတ်လုပ်မှုကို ၈၀၀ အထိ ၂ ဆ မြှင့်တင်ရန် မျှော်လင့်ထားသည်။ ပို့ကုန်တိုးတက်မှုကိုလည်း မျှော်လင့်ထား၍ ထုတ်လုပ်နိုင်စွမ်းကိုလည်း မြှင့်တင်ခဲ့သည်။
လက်ရှိ အချိန်တွင် AGEH ကထုတ်ကုန်များကို အရှေ့တောင်အာရှတွင် ဈေးကွက်ရှာဖွေနေပြီး ဖိလစ်ပိုင်နိုင်ငံသို့ ထရန် စဖော်မာ ၂၀၀ တင်ပို့ရန် သဘောတူညီမှု ရရှိထားသည်။ မြန်မာကုမ္ပဏီ တခုအနေဖြင့် အကြီးစားလျှပ်စစ် ပစ္စည်းများ နိုင်ငံ ခြားသို့ ပထမဆုံးတင်ပို့ ခြင်း ဖြစ်လာမည် ဖြစ်သည်။
သတင်း အချက်အလက် နည်းပညာ လုပ်ငန်း ကဏ္ဍသည်လည်း အင်အားကောင်းကောင်းဖြင့် တိုးတက်လာမည့် အသွင် လည်း ရှိနေသည်။
၂၀၁၅ ခုနှစ် နွေရာသီတွင် ဗီယက်နမ်နိုင်ငံ၏ အကြီးဆုံး အိုင်တီ ကုမ္ပဏီ ဖြစ်သော FPT က ရန်ကုန်မြို့တွင် ထုတ်ကုန် ဖွံ့ ဖြိုးရေး စန်တာတခုကို တည်ထောင်ခဲ့သည်။ စန်တာတွင် လက်ရှိအချိန်၌ အင်ဂျင်နီယာ ၂၀၀ ရှိနေသည်ကို ၁၀၀၀ ခန့် အထိ တိုးချဲ့နိုင်ရန် ကုမ္ပဏီက စီစဉ်ထားသည်။
အဝတ်အထည်လုပ်ငန်းနှင့် အခြားသော မရေတွက်နိုင်သည့် လုပ်ငန်း ကဏ္ဍများကဲ့သို့ပင် သတင်းအချက်အလက် နည်း ပညာ(IT) ကဏ္ဍ အတွက်လည်း ၁၉၉၀ နှစ်များအတွင်းတွင် တရုတ်နိုင်ငံမှ လုပ်ခလစာနည်းပါးသည့် အင်ဂျင်နီယာများကို အားထားခဲ့ကြရသည်။ လုပ်ခ လစာများမြင့်တက်လာသည့် အချိန်တွင် ဖိလစ်ပိုင်နှင့် အခြားသော အာဆီယံနိုင်ငံများက ဝန် ဆောင်မှု ပြင်ပ အရင်းအမြစ် နေရာသစ်များ အဖြစ်ပေါ်ထွက်လာသည်။ ရာစုနှစ် အသစ်ပြောင်းသည့် အချိန်တွင် ဗီယက် နမ် နိုင်ငံက ဒေသတွင်းတွင် နိုင်ငံရပ်ခြားမှ လုပ်ငန်းများအတွက် ထောက်ပံ့ပေးနိုင်သည့် နိုင်ငံ တခု အဖြစ် လျှင်လျှင်မြန် မြန် ဖွံ့ဖြိုးလာခဲ့သည်။
FPT က အဆိုပါ လှိုင်းအရှိန်နှင့် အတူ လုပ်ငန်းများကို အရှိန်မြှင့်ချဲ့ထွင်ခဲ့ပြီး ယခုအခါတွင် တာဝန်ထမ်းဆောင်နေသည့် အင်ဂျင်နီယာ ၁၀၀၀၀ ခန့် ရှိနေပြီ ဖြစ်သည်။
နိုင်ငံခြား ကုမ္ပဏီများနှင့် ဆက်သွယ်မှုတိုးတက်လာခြင်းက မြန်မာနိုင်ငံတွင် နည်းပညာ တီထွင်ဆန်းသစ်မှုကို လှုံ့ဆော် ပေးခဲ့သည်။ မြန်မာနိုင်ငံ၏ အကြီးဆုံး IT ကုမ္ပဏီ ဖြစ်သည့် Ace Data Systems ၏ ဥက္ကဌနှင့် အမှုဆောင် အရာရှိချုပ် ဦး သိန်းဦးက အခွင့်အလမ်းများ ကြီးမားစွာ တိုးတက်လာမည်ဟု မျှော်လင့်ထားပြီး FPT ၏ အောင်မြင်မှုကို အတုယူရန် ရည်ရွယ်ထားသည်။
၁၉၉၂ ခုနှစ် Ace Data Systems ကို စတင်တည်ထောင်သည့် အချိန်တွင် အဓိကအားဖြင့် ဆော့ဖ်ဝဲများ ရေးဆွဲရေး ကို အဓိကထား၍ ဆောင်ရွက်ခဲ့သည်။ သို့သော်လည်း ကုမ္ပဏီက ဖြည်းဖြည်းမှန်မှန် တိုးချဲ့လာခဲ့ပြီး နိုင်ငံရပ်ခြားမှ ဖောက် သည်များ အတွက် ဆော့ဖ်ဝဲများ ရေးသားပေးခဲ့သည်။ ယခုအခါတွင် ပေါင်းစပ်ထားသည့်စနစ် (integrated system) တခု ရေးဆွဲပေးသည့် လုပ်ငန်းအဖြစ်ပြောင်းလဲနေသည်။
မြန်မာနိုင်ငံတွင် ATM စက်များရောင်းချပေးနေသည့် ဂျာမဏီနိုင်ငံမှ Wincor Nixdorf၊ ဂျပန်နိုင်ငံမှ Daiwa Institute of Research တို့ကဲ့သို့ နိုင်ငံခြားကုမ္ပဏီများ နှင့် ပူးပေါင်းဆောင်ရွက်နေသည့် Ace Data Systems က ပြီးခဲ့သည့်နှစ် မတ်လ အတွင်းက ဖွင့်လှစ်ခဲ့သော ရန်ကုန် စတော့အိပ်ချိန်းနှင့် ပြည်တွင်း ဘဏ်များအတွက် ကွန်ပျူတာ စနစ်များ ရေးဆွဲခြင်း တွင် ပါဝင်လုပ်ကိုင်လျှက်ရှိသည်။
၃ နှစ် အတွင်းတွင် Ace Data Systems က ဝန်ထမ်းအင်အားကို ၆၀၀ အထိ ၂ ဆမြှင့်တင်ခဲ့သည်။ ယခုအခါတွင် ဦးသိန်း ဦးက စင်ကာပူကဲ့သို့ နိုင်ငံခြားဈေးကွက်များကို ရှာဖွေနေပြီ ဖြစ်သည်။
(Asia Neikkei ပါ Motokazu Matsui ၏ Myanmar manufacturing set for takeoff ကို ဘာသာပြန်ဆိုသည်)