အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) လွှတ်တော် ကိုယ်စားလှယ် ၄ ဦးအား ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး(ကြံ့ခိုင်ရေး)ပါတီမှ ဧပြီလ ကြားဖြတ်ရွေးကောက်ပွဲပြီးနောက် တရားစွဲဆိုမှုများကို ယခုလအတွင်း အပြီးသတ်ကြားနာမှုများ ပြုလုပ်လျက် ရှိရာ ယမန်နေ့က NLD မင်္ဂလာတောင်ညွန့် မြို့နယ် လွှတ်တော် ကိုယ်စားလှယ် ဒေါ်ဖြူဖြူသင်း တရားရင်ဆိုင်မှုမှ အနိုင်ရရှိသွားကြောင်း သိရသည်။
ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ခုံရုံး၏ ဆုံးဖြတ်ချက်အရ ဒေါ်ဖြူဖြူသင်း အား ပြိုင်ဘက် ကြံ့ခိုင်ရေးပါတီ ကိုယ်စားလှယ် ဒေါ် လဲ့လဲ့အေးက ရွေးကောက်ပွဲ မဲဆွယ်မှုများအတွင်း တရားမဲ့ ပြုကျင့်သည်ဟု စွဲဆိုထားသည့်အမှု အနိုင်ရလိုက်ခြင်း ဖြစ်သည်။
၅ လတာ တရားရင်ဆိုင်ရပြီးနောက် နှစ်ဘက်လျှောက်လဲချက်များကို ယမန်နေ့က ရွေးကောက်ပွဲကော်မရှင် ခုံရုံးက အပြီးသတ် အမိန့် ချခဲ့ခြင်းဖြစ်ကြောင်း ဒေါ်ဖြူဖြူသင်း က ဧရာဝတီသို့ ပြောသည်။
၎င်းက ဆက်ပြီး“ကော်မရှင်က ရွေးကောက်ပွဲ မဲဆွယ်တာနဲ့ ပတ်သက်လို့ တရားမဲ့ပြုကျင့်တာလည်း မတွေ့ရဘူး။ အခု ရွေးကောက် ပွဲ က လွတ်လပ်ပြီး တရားမျှတမှုဖြစ်တဲ့ ရွေးကောက်ပွဲဖြစ်တယ်။ ဒါကြောင့် စွဲဆိုထားတာ ရှုံးတယ်။ ဒီဘက်က အနိုင်ရတဲ့အတွက် စရိတ် ကျပ် ၅ သိန်းပေးစေ ဆိုပြီး ဆုံးဖြတ်ချက်ချတယ်”ဟု ပြောဆိုသည်။
ဧပြီလ ကြားဖြတ်ရွေးကောက်ပွဲ အပြီး ကြံ့ခိုင်ရေး ပါတီက တရားစွဲဆိုမှုများ ပြုလုပ်ခဲ့သည့်အတွက် တန်ပြန်တရားစွဲဆိုခဲ့ပြီး ထိုအမှုကိုလည်း ယမန်နေ့က တခါတည်း ဆုံးဖြတ်ခဲ့ကြောင်း ဒေါ်ဖြူဖြူသင်း က ပြောသည်။ အပြန်အလှန် တရားပြန်စွဲရာတွင် ငွေကျပ် ၁၀ သိန်း တင်ရပြီး ယခု တရားရုံး ဆုံးဖြတ်ချက်အရ ၅ သိန်း ပြန်ရလိုက်ခြင်း ဖြစ်သည်။
ကြံ့ခိုင်ရေး ပါတီဘက်က အဓိက တောင်းဆိုချက်မှာ ဒေါ်ဖြူဖြူသင်းအား လွှတ်တော် ကိုယ်စားလှယ် အမည်စာရင်းမှ ဖြုတ်ပယ်၍ ဒေါ်လဲ့လဲ့အေး ကို ကိုယ်စားလှယ်အဖြစ် အသိအမှတ်ပြုရေး ဖြစ်ကြောင်း သိရသည်။
“တရားစွဲတာက အဓိက အဲဒါကို တောင်းဆိုဖို့။ ကျမတို့ဘက်ကလည်း တရားပြန်စွဲတယ်။ ၂၀၁၀ တုန်းက ရခိုင်ပါတီတခုဆို ကျပ် သိန်း ၄၀၀ လောက် ကုန်သွားပြီး ရှုံးသွားတယ်။ အဲဒီတော့ ကြံ့ခိုင်ရေးပါတီကိုယ်စားလှယ်က အလိုအလျောက် အမတ်ဖြစ်သွားတယ်။ အခုကျတော့ အပြန်အလှန် ပြန်မစွဲဘူးဆိုရင်၊ ရှုံးသွားခဲ့မယ်ဆိုရင် သူတို့က အလိုအလျောက် လွှတ်တော်ကိုယ်စားလှယ် ဖြစ်သွားမယ်။ ဒါကြောင့် အပြန်အလှန် ပြန်တရားစွဲခဲ့တာ”ဟု ဒေါ်ဖြူဖြူသင်းက ပြောဆိုသည်။
ဒေါ်ဖြူဖြူသင်း ကဲ့သို့ တရားစွဲဆိုခံရပြီး တန်ပြန် တရားစွဲဆိုသည့် အခြားသော NLD ကိုယ်စားလှယ် ၃ ဦး မှာ စစ်ကိုင်းမှ ပြည်သူ့လွှတ် တော်ကိုယ်စားလှယ် ဦးခင်မောင်သိန်း၊ တနင်္သာရီတိုင်း ကျွန်းစုမြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဒေါ်တင်တင်ရီနှင့် ရန်ကုန်တိုင်း လှည်းကူးမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဖြိုးမင်းသိန်း တို့ ဖြစ်သည်။
ဦးခင်မောင်သိန်းအမှုအား ဒေါ်ဖြူဖြူသင်းကဲ့သို့ပင် တရားလိုမှ လျော်ကြေးငွေ ကျပ် ၅ သိန်း ပေးဆောင်စေရန် ယခင်အပတ်က အမိန့် ချမှတ်ခဲ့သည်။ စက်တင်ဘာ ၁၃ ရက်တွင် ဒေါ်တင်တင်ရီအမှုကို ဆုံးဖြတ်ချက် ချမည်ဖြစ်ပြီး ဦးဖြိုးမင်းသိန်းအမှုကို ယမန်နေ့ က လျှောက်လဲချက် ပေးခဲ့ကြောင်း၊ ယခုလအတွင်း အပြီးသတ် ကြားနာဖွယ် ရှိကြောင်း သိရသည်။
ဒေါ်ဖြူဖြူသင်းသည် HIV/Aids ဝေဒနာရှင်များအား စောင့်ရှောက်ပေးသည့် လူမှုရေး လုပ်ငန်း လုပ်ဆောင်နေသူတဦးဖြစ်ပြီး လွှတ် တော်နားသည့်ကာလတွင် ပညာဒါန သင်တန်းများနှင့် HIV နှင့် သားဆက်ခြား ဆိုင်ရာ ကျန်းမာရေး သင်တန်း ပို့ချခြင်းများ လုပ်ဆောင် နေသူလည်း ဖြစ်သည်။