၂၀၁၅ ရွေးကောက်ပွဲတွင် NLD ပါတီကို မဲအပြတ်အသတ်နှင့် ရှုံးနိမ့်ခဲ့သည့် အတိုက်အခံ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီတွင် သမ္မတဟောင်းဦးသိန်းစိန်က ပါတီ ဥက္ကဌ အဖြစ် တရားဝင် တာဝန်ပြန်လည်ယူပြီးနောက် သူရဦးရွှေမန်း အပါအဝင် ပါတီထိပ်ပိုင်း ခေါင်းဆောင် ၁၇ ဦးကို ပါတီက ထုတ်ပယ်လိုက်ပြီး အကြောင်းကြားစာများ ပေးပို့လိုက်သည်။ ထိုသို့ ထုတ်ပယ်မှုကို ယခင်ကတည်းက ရှိနေခဲ့ပြီးသော သူရဦးရွှေမန်းနှင့် သမ္မတဟောင်းဦးသိန်းစိန်တို့၏ အကွဲအပြဲ၏ အမြင့်ဆုံးသော ထိပ်တိုက်ရင်ဆိုင်မှု အဖြစ် ရှုမြင်နိုင်ပြီး ယင်းသို့ ထုတ်ပယ်မှုအပေါ် နေပြည်တော်ရှိ ကြံ့ခိုင်ရေးပါတီ ဌာနချုပ်မှ ဗဟို ကော်မတီဝင် ဦးတင့်ဇော် ကို ဧရာဝတီ နေပြည်တော် သတင်းထောက် ထက်နိုင်ဇော်က သွားရောက်တွေ့ဆုံ မေးမြန်းခဲ့ပါသည်။
မေး ။ ။ ၂၀၁၅ ရွေးကောက်ပွဲပြီး နောက်ပိုင်း ကြံ့ခိုင်ရေးပါတီရဲ့ အခြေအနေနဲ့ ပါတီ ဘယ်လိုရှင်သန် ရပ်တည်နေသလဲ၊ စည်းရုံးရေး လုပ်ငန်းတွေ ဘာတွေ ဆောင်ရွက်နေသလဲဆိုတာ သိချင်ပါတယ်။
ဖြေ ။ ။ ကျနော်တို့ပါတီက ၁၉၉၃ ခုနှစ် အသင်းစဖွဲ့ကတည်းက ဖွဲ့လာတယ်။ ပါတီဖြစ်တာတော့ ၂၀၁၀ မှာပေါ့။ ပါတီအနေနဲ့တော့ ဌာနတွေ တိုင်း၊ ခရိုင်၊ မြို့နယ် ပီပီပြင်ပြင် ဖွဲ့စည်းထားနိုင်တဲ့ အဖွဲ့အစည်းတခု ဖြစ်တယ်။ ပါတီဝင် အင်အားလည်း မြန်မာနိုင်ငံမှာ အများ ဆုံး ဖြစ်ပါတယ်။ ပါတီကလည်း ရှေ့လုပ်ငန်းစဉ်တွေ မူဝါဒတွေ ပါတီဖွဲ့စည်းပုံ အခြေခံ စည်းမျဉ်းစတာတွေမှာ ခိုင်ခိုင်မာမာ ရှိတဲ့အတွက် အဲဒီအတိုင်းပဲ သွားနေတာပေါ့။
တချက် ထူးခြားတာက အမြူတေပါတီဘဝ ကနေ ပြည်သူ့ပါတီကို ကူးပြောင်းတာပေါ့။ အဲဒီအခါမှာ ပါတီမှာ တာဝန်ယူထားတဲ့ ရပ်/ကျေး၊ ခရိုင်၊ တိုင်း၊ ဗဟိုအထိ ပါတီဝင်တွေဟာ ဒေသခံပြည်သူတွေ လိုလားတဲ့ပုဂ္ဂိုလ်ပေါ့။ ပြည်သူ လိုလားတဲ့ ပုဂ္ဂိုလ်၊ ပါတီကို ဦးဆောင်နိုင်တဲ့ အရည်အချင်း၊ အရည်အသွေးရှိတဲ့ ပုဂ္ဂိုလ်တွေနဲ့ ဖွဲ့စည်းဖို့ စည်းရုံးရေး လုပ်ငန်းတွေမှာ ထဲထဲဝင်ဝင် လုပ်နေပြီ။
ပါတီရဲ့ ဖွဲ့စည်းပုံ အခြေခံ စည်းမျဉ်းမှာ ချထားတာကတော့ ၅ နှစ် တကြိမ် ပါတီညီလာခံ လုပ်ဖို့ ဆိုပြီးတော့ ရှိပါတယ်။ အကြမ်းအားဖြင့် တော့ နိုင်ငံရေးပါတီဖြစ်တဲ့အတွက် ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲဝင်ဖို့၊ နိုင်ဖို့ကလည်း ရည်ရွယ်ချက်ထဲမှာ တချက်ပါ တာပေါ့။ နိုင်မှလည်း ပြည်သူ့အကျိုးကို ပိုပြီးတော့ ထိထိရောက်ရောက် လုပ်နိုင်မယ်။ နိုင်ငံတော် တည်ဆောက်ရေး လုပ်ငန်းတွေမှာ လည်း ပါနိုင်မယ်ဆိုတော့ ပါတီစုံ အထွေထွေ ရွေးကောက်ပွဲ ကျင်းပခါနီး သို့မဟုတ် ကျင်းပပြီးတဲ့အချိန်မှာတော့ ညီလာခံကို လုပ်လေ့ လုပ်ထရှိပါတယ်။
၂၀၁၅ ပါတီစုံ အထွေထွေ ရွေးကောက်ပွဲ ပြီးသွားတဲ့နောက်မှာ အကြံပြုချက်တွေ သုံးသပ်ချက်တွေ စသဖြင့် အဲဒါတွေအရ ပါတီကို ပြန်ပြီးတော့ ပြင်ဆင်ဖွဲ့စည်းဖို့အတွက်ကို ပါတီညီလာခံ လုပ်ဖို့ လုပ်နေတယ်။ အခု ရပ်/ကျေးအဆင့်မှာ စလုပ်နေပါပြီ။ ပြီးသွားရင် မြို့နယ် လုပ်ပါမယ်။ ပြီးရင် ခရိုင်၊ တိုင်း အဆင့်ဆင့်လုပ်မှာဆိုတော့ ဗဟိုကတော့ ၂၀၁၆ ခုနှစ်၊ သြဂုတ်လလောက်တော့ ကျနော်တို့ မှန်းပါတယ်။
မေး ။ ။ လက်ရှိ သမ္မတဟောင်း ဦးသိန်းစိန်က ပါတီကို ပြန်ဦးဆောင်တော့မယ်လို့ သိရတယ်။ ပါတီမှာ သူ့အခန်းကဏ္ဍက ဘယ်လို ရှိမလဲ။
ဖြေ ။ ။ ပါတီကို ပြန်ရောက်ပါပြီ။ ပါတီမှာလည်း ရုံးပြန်တက်ပါပြီ။ ဗဟိုအလုပ်အမှုဆောင် ကော်မတီနဲ့လည်း ပထမအကြိမ် အစည်း အဝေးတောင် လုပ်ပြီးပါပြီ။ မူဝါဒတွေလည်း ချနေပါပြီ။ နီးနီးကပ်ကပ်ကို ဦးဆောင်နေပါပြီ။ လက်ရှိပါတီရဲ့ ဥက္ကဋ္ဌပါပဲ။
မေး ။ ။ ဒီရက်ပိုင်းမှာပဲ ဦးရွှေမန်း အပါအဝင် ပါတီ ခေါင်းဆောင်ပိုင်း ၁၇ ဦးကို ကြံ့ခိုင်ရေးပါတီကနေ ထုတ်ပယ်လိုက်တယ်လို့ သိရတယ်။ သူတို့ကို ဘာကြောင့် ထုတ်ပစ်လိုက်တာလဲ။
ဖြေ ။ ။ ကျနော်တို့ နိုင်ငံရေးပါတီတခု အဖွဲ့အစည်းတခု ရှင်သန်ရပ်တည်ဖို့ ဆိုတာတော့ ပါတီ စည်းကမ်းဆိုတာ အရေးကြီးပါတယ်။ ပါတီစည်းကမ်းကို ဘာနဲ့ ထိန်းလဲဆိုတော့ ပါတီဖွဲ့စည်းပုံ အခြေခံ စည်းမျဉ်းနဲ့ ပါတီဝင်တွေကို ချီးမြှောက်တယ်။ အရေးယူတယ် စသဖြင့် ဒါတွေ ရှိပါတယ်။ နောက် ပါတီဌာနချုပ် အနေနဲ့လည်း ရေးရာအဖွဲ့တွေ ကော်မတီတွေအားလုံး စနစ်တကျ ဖွဲ့ထားပါတယ်။ ပါတီ စည်းကမ်း ထိန်းသိမ်းရေးတို့ ပါတီ လုပ်ငန်းစိစစ်ရေးတို့ စသဖြင့် ဖွဲ့ထားပြီး အဲဒီအဖွဲ့တွေကလည်း ပါတီဝင်တွေကို စောင့်ကြည့်တဲ့ အပိုင်းမှာ ကျနော်တို့ ချမှတ်ထားတဲ့ ပါတီဖွဲ့စည်းပုံ စည်းမျဉ်းနဲ့ ငြိစွန်းတယ်ဆိုပြီးတော့ အဲဒီအချက်နဲ့ပေါ့နော်။ အခုပြောနေတဲ့ ပုဂ္ဂိုလ်ကြီး တွေကို ပါတီကနေ ထွက်ခွင့်ပြုလိုက်တာပါ။ ဒါကလည်း ဗဟိုအလုပ်အမှုဆောင် ကော်မတီက ဆောင်ရွက်တဲ့ ကိစ္စဖြစ်ပါတယ်။
အဲဒီပုဂ္ဂိုလ်တွေက နိုင်ငံတော်က စိတ်ဝင်စားတဲ့သူ၊ ပါတီဝင်တွေ စိတ်ဝင်စားတဲ့သူ၊ ပြည်သူတွေ စိတ်ဝင်စားတဲ့သူ ဖြစ်နေတော့ အပြင် မီဒီယာမှာ ထင်ထင်ပေါ်ပေါ် ဖြစ်သွားတာပါ။ တကယ်ပြောရရင် ဒါက ပါတီရဲ့ အတွင်းရေးဖြစ်တော့ ပါတီကလည်း သိုသိုသိပ်သပ်နဲ့ ထိန်းထိန်းသိမ်းသိမ်း လုပ်တာပါ။
မေး ။ ။ ၂၀၁၀ ရွေးကောက်ပွဲမှာ ကြံ့ခိုင်ရေးပါတီက နိုင်ခဲ့တယ်။ ဒါပေမယ့် ၂၀၁၂ ကြားဖြတ်နဲ့ ၂၀၁၅ ရွေးကောက်ပွဲကြီးမှာ အကြီးအကျယ် ရှုံးနိမ့်ခဲ့တော့ ဘာကြောင့်လို့ ထင်ပါသလဲ။
ဖြေ ။ ။ တကယ်ကတော့ ပြည်သူက အပြောင်းအလဲကို လိုလားတာပေါ့။ ကျနော်တို့ ၂၀၁၀ ပါတီစုံ ရွေးကောက်ပွဲမှာ နိုင်ပြီးတော့ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီအနေနဲ့ အစိုးရအဖွဲ့ကို ဖွဲ့စည်းနိုင်ခဲ့တယ်။ လွှတ်တော်မှာလည်း အများစု ပါတယ်။ ပါတီအနေ နဲ့လည်း ဦးဆောင်ပါတီ အနိုင်ရပါတီအနေနဲ့ ပြည်သူနဲ့အတူ ထိတွေ့ဆက်ဆံတယ်။ ပါတီက တပ်မတော်နဲ့ အဆင်ပြေတဲ့ တပ်မတော်က ဖွဲ့ပေးလိုက်တဲ့ပါတီဖြစ်တော့ ဒေါက်တိုင်ကြီး ၄ ခု စလုံးကို ပါတီက ဦးစီးဦးဆောင်ပြုပြီးတော့ ပြည်သူ့အကျိုးကို သယ်ပိုးခဲ့တယ်။ ဒါပေမယ့် ပြည်သူတွေရဲ့ လိုလားချက်၊ လိုအင်ဆန္ဒတွေနဲ့ တထပ်တည်းများ မကျဘူးလားလို့။
အဲဒါကြောင့် ပြည်သူတွေအနေနဲ့ တခြားအဖွဲ့အစည်းတခုခုက ပိုလုပ်ပေးနိုင်မလားဆိုတာ အထူးသဖြင့်တော့ လူ့အခွင့်အရေးတို့ ပြည်သူတွေရဲ့ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး စောင့်ရှောက်မှုတွေပေါ့။ အဲဒါတွေမှာ တထပ်တည်းမကျဘူးလားလို့။ တထပ်တည်း မကျတဲ့ အကြောင်းကလည်း ဒီလိုရှိနိုင်ပါတယ်ဗျ။
ကျနော်တို့ တပ်မတော် အစိုးရ၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ အစိုးရလက်ထက်မှာ ပြည်သူ့အကျိုးပြု လုပ်ငန်းတွေ လုပ်ခဲ့ပါတယ်။ အမြန်လမ်းကြီးဖောက်တာ၊ စက်ရုံကြီးတွေ၊ လေယာဉ်ကွင်းကြီးတွေ လုပ်ပေးတယ်။ အားလုံးလည်း တွေ့တယ်။ လက်ညိုးထိုး မလွဲလောက်အောင် ရှိတယ်။ သို့သော် တကယ် ပြည်သူတဦးချင်း အနေနဲ့ သူတို့ရဲ့ သားသမီးလေးတွေ ကျောင်းနေမယ့် မူလတန်းကျောင်းလေးတွေရဲ့ အခြေအနေ၊ သူ့ရွာထဲမှာရှိတဲ့ သောက်သုံးရေ မရရှိတဲ့ အခြေအနေ၊ လျှပ်စစ်မီး ရရှိတဲ့အခြေအနေ။ ကျနော်တို့က နိုင်ငံတော်ကို ဖွံ့ဖြိုးတိုးတက်အောင် တည်ဆောက်နိုင်ခဲ့ပေမယ့် နိုင်ငံသားတဦးချင်းစီအတွက် လိုအင်ဆန္ဒမှာတော့ သူတို့ လိုလားချက်အတိုင်း တထပ်တည်းမကျဘူးလား ဆိုတဲ့အတွက် လူတွေက အပြောင်းအလဲကို လိုချင်တာပေါ့။
သာမာန်အားဖြင့် ပြောရရင်တော့ ဝက်သားဟင်း အမြဲစားနေတဲ့သူက ချဉ်ပေါင်ဟင်းများ ပြောင်းစားရင်ဆိုတဲ့ဟာပေါ့။ အပြောင်းအလဲနဲ့ ပတ်သက်လို့ ကြားဖြတ်ရွေးကောက်ပွဲမှာ ကျနော်တို့ပါတီက ပြည်သူ့ဆန္ဒနဲ့ မကိုက်ညီဘူးလားဆိုတဲ့ ကြိုတင်ဝမ်နင်အော်ဒါ ရပါတယ်။ သို့သော် ကျနော်တို့ရဲ့ ပြင်ဆင်မှုအပိုင်းမှာ ပြည်သူနဲ့ တထပ်တည်းမကျတဲ့အတွက် ၂၀၁၅ မှာ ကျနော်တို့ မဲရှုံးသွားတာပေါ့။
ဒါတွေကို သင်ခန်းစာ ယူပြီးတော့ ၂၀၂၀ မှာတော့ ကျနော်တို့ ဘာများ လုပ်ရမလဲဆိုတော့ ရှိလာပြီ။ ဒီနေရာမှာ တချက်ပြောချင်တာက ကျနော်တို့က နိုင်ငံတော်ကို ဖွံ့ဖြိုးတိုးတက်စေချင်တယ်။ ဒို့တာဝန် အရေး ၃ ပါးကို ဦးထိပ်ပန်ဆင်တယ်။ ပြည်ခိုင်ဖြိုးပါတီ လုပ်မှ မဟုတ်ပါဘူး။ ဘယ်သူပဲ လုပ်လုပ် ကျနော်တို့ရဲ့ ရည်မှန်းချက် ပန်းတိုင်ကို ရောက်မယ်ဆိုရင်တော့ နိုင်ငံတော်နဲ့ နိုင်ငံသားတွေ အကျိုးရှိမယ်ဆိုရင်တော့ ကောင်းပါတယ်။ ကျနော်တို့လည်း လက်ခံပါတယ်။ ပူးပေါင်းပါဝင် ဆောင်ရွက်ဖို့ ရှိပါတယ်။
မေး ။ ။ အဲဒီတော့ ရွေးကောက်ပွဲပြီးနောက်ပိုင်း ပါတီမှာ ပြုပြင်ပြောင်းလဲမှုတွေ ဆောင်ရွက်ဖို့ ရှိလား။
ဖြေ ။ ။ ပြုပြင်ပြောင်းလဲရေးဆိုတဲ့ အသုံးကတော့ နည်းနည်းလေး ဟိုဟာဖြစ်တာပေါ့။ ပါတီရှုံးသွားတဲ့အတွက် ဘယ်သူ့မှာ တာဝန်ရှိတယ်။ ဒီလူတွေကိုတော့ ဘာလုပ်မယ်။ ညာလုပ်မယ် ဆိုတဲ့သဘောက ပြုပြင်ပြောင်းလဲရေးဘက်မှာ မူတည်တာပေါ့။ တကယ်က ပါတီ ၂၀၁၅ မှာ ရှုံးသွားတာ အားလုံးမှာ တာဝန်ရှိတယ်။ ပြည်သူကြိုက်အောင်၊ ပြည်သူ လိုလားချက်ကို မဖော်ဆောင် နိုင်တဲ့အတွက် ဗဟိုအလုပ်အမှုဆောင် ကော်မတီကနေစပြီး ရပ်/ကျေးအဆင့်အထိ အားလုံးမှာ တာဝန်ရှိတယ်။ အားလုံးကလည်း အဲလို ခံယူပါတယ်။
ပါတီကို ဦးဆောင်ဦးရွက်ပြုနေသူတွေက ဒေသခံ ပြည်သူတွေ လိုလားနှစ်ခြိုက်တဲ့သူ၊ ကိုယ်ကျင့်တရား သိက္ခာအရ ကောင်းတဲ့သူ၊ အရည်အချင်း အရည်အသွေးရှိတဲ့သူတွေနဲ့ ပြန်ဖွဲ့ပြီးတော့ ပါတီရဲ့ မူဝါဒစည်းကမ်းတွေကိုလည်း ခိုင်ခိုင်မာမာဖြစ်အောင် ပြန်လုပ်နေပါတယ်။
မေး ။ ။ ကြံ့ခိုင်ရေးပါတီမှာ တိုင်းပြည်ကို တကယ်ဖွံ့ဖြိုးတိုးတက်စေချင်သူတွေ ရှိသလို အခွင့်အရေးလိုချင်လို့ ဝင်ထားတဲ့သူတွေ လည်း ရှိနေတယ်လို့ သိပါတယ်။ အဲဒီတော့ ပါတီမှာ ဘယ်လိုအားသာချက်၊ အားနည်းချက်တွေ ရှိနေလဲ။
ဖြေ ။ ။ အဲဒါနဲ့ ပတ်သက်လို့ ပြောမယ်ဆိုရင် အများကြီး ပြောရလိမ့်မယ်ဗျ။ ပြည်ခိုင်ဖြိုးပါတီကို ဝင်လို့ အခွင့်အရေးရတယ် ဆိုတာ တော့ ကျနော်တော့ မသိဘူး။ မရှိဘူးလို့ပဲ ထင်တယ်။ ကျနော်တို့ ရပ်/ကျေး ပါတီဝင်တွေနဲ့ မြို့နယ်ပါတီဝင်တွေမှာ တခြား ပြည်သူထက် ထူးခြားတဲ့ အခွင့်အရေး ရတာတော့ သိပ်မရှိပါဘူး။ သို့သော် တခုရှိတာကတော့ နိုင်ငံတိုင်းမှာလိုလိုပေါ့နော်။ အစိုးရအဖွဲ့အစည်းနဲ့ အုပ်ချုပ်သူ အဖွဲ့အစည်းကို မကြိုက်ကြတာ များပါတယ်။ အားမလို အားမရရှိတာပေါ့။
နိုင်ငံတော်ကို တည်ဆောက်ဖို့ လုပ်ရကိုင်ရတာ ခက်ပါတယ်။ ဒါပေမယ့် သူ့ရဲ့ အားနည်းချက်နဲ့ အားသာချက်တွေကိုတော့ ပြောဖို့ လွယ်တာပေါ့။ ဒီ အမှိုက်ပုံကြီးကို မသိမ်းဘူး။ ကားတွေ အရမ်းပိတ်တယ်ဆိုတဲ့ အကြောင်းတွေနဲ့ အစိုးရကို မနှစ်ခြိုက်တဲ့ အကြောင်းတွေ များလာတဲ့အခါ အစိုးရရော လွှတ်တော်မှာပါ အင်အားအကြီးဆုံးဖြစ်တဲ့ ပြည်ခိုင်ဖြိုးပါတီကို ရိုက်ခတ်တာပေါ့။ ပါတီရဲ့ ပုံရိပ်ကို ထိခိုက်တာပေါ့။
ပါတီဝင်လို့ အခွင့်အရေး ရတယ်ဆိုတာထက် ဆုံးရှုံးတာတွေလည်း ရှိပါတယ်။ တချို့ပါတီမှာ ပြည်သူ့အကျိုးပြု လုပ်ငန်းတွေ လုပ်လိုက်တဲ့ အတွက် သူ့ရဲ့ စီးပွားရေးမှာ ထိခိုက်သွားတာမျိုးတွေ၊ သင်တန်းလာတက်တဲ့အတွက် သူ့ဝင်ငွေကို မှီခိုစားနေရတဲ့ မိသားစုတွေ အဆင်မပြေတာလေးတွေတောင်မှ ရှိပါတယ်။ အခွင့်အရေးတွေ ပိုရသွားတယ်ဆိုတာကတော့ ပါတီကို ပုံရိပ်မကောင်းအောင် ပြောတဲ့ ပုဂ္ဂိုလ်တွေ ရှိနေလို့ပါ။
မေး ။ ။ လက်ရှိ ပါတီက ဘယ်လို စီးပွားရေး လုပ်ငန်းတွေ လုပ်နေလဲ။ ဘဏ္ဍာရေး အခြေအနေကရော ဘယ်လောက်ရှိလဲ။
ဖြေ ။ ။ ကျနော်တို့ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွဲ့ဖြိုးရေးအသင်း စဖွဲ့ကတည်းက ကျနော်တို့က နိုင်ငံရေး အလှည့်အပြောင်းတခုမှာ နိုင်ငံရေးပါတီဖွဲ့ခွင့်မပြုလို့ အသင်းဖွဲ့ခဲ့ရတာပါ။ လူမှုရေးကိစ္စတွေ လုပ်တယ်။ ပြီးရင် တချိန်မှာ နိုင်ငံရေးပါတီအဖြစ် ကူးပြောင်းမယ်။ ပြည်သူ့အကျိုးပြု လုပ်ငန်းတွေကို လုပ်မယ်။ နိုင်ငံတော်ရဲ့ ကာကွယ်ရေးအင်အားစု ဖြစ်တဲ့ တပ်မတော်နဲ့အတူ နိုင်ငံတော်မှာ နိုင်ငံရေး အင်အားစုကြီးအဖြစ် ရပ်တည်မယ်ဆိုတဲ့ ဦးတည်ချက်တွေ ပါပါတယ်။ ပါတဲ့အတွက် အဲဒီလို တည်ထောင်လာတဲ့အချိန်မှာ အဖွဲ့အစည်းတွေ အများကြီး ဖြစ်လာရင် ကျနော်တို့ကို ထိုးနှက်တိုက်ခိုက်နိုင်တာက စီးပွားရေး လုပ်ငန်းတွေ၊ ငွေကြေး ပိုင်ဆိုင်မှုတွေ ဒါတွေ ဖြစ်လာနိုင် တယ်ဆိုတာကို လူကြီးတွေက အစောကြီးကတည်းက ကြိုပြီးတော့ သုံးသပ်တဲ့အတွက် စီးပွားရေး လုပ်ငန်းတော်တော်များများကို နိုင်ငံတော်က ချမှတ်ထားတဲ့ ဥပဒေတွေ၊ ဘဏ္ဍာရေး စည်းမျဉ်းစည်းကမ်းတွေနဲ့ အညီ ဖြစ်အောင် ဆောင်ရွက်တယ်။ အခွင့်အရေး ပိုယူထားတာတွေ မရှိအောင်လည်း စိစစ်တယ်။
တချိန်မှာ ထောက်ပြလာခဲ့လို့ရှိရင် စီးပွားရေး လုပ်ငန်းတွေ၊ ငွေကြေးပိုင်ဆိုင်မှုတွေနဲ့ ထောက်လာနိုင်တဲ့အတွက်ပါ။ ပါတီအဖြစ် ပြောင်းပြီးတဲ့နောက်မှာတော့ စီးပွားလုပ်ငန်းတွေ လုပ်ရင် ပြည်သူလူထုက အမြင်မကြည်ဘဲ နိုင်ငံရေးမှာပါ ထိခိုက်နိုင်တဲ့အတွက် စီးပွားရေးလုပ်ငန်းအားလုံး မလုပ်တော့ဘဲနဲ့ ပြည်သူတွေနဲ့ တသားတည်းဖြစ်တဲ့ စိုက်ပျိုးရေးနဲ့ မွေးမြူရေး ၂ ခုပဲ လုပ်မယ်ဆိုပြီးတော့ အဲဒီ ၂ ခုပဲ ပါတီစထောင်တဲ့အချိန်မှာ ဆက်လုပ်တာ ရှိပါတယ်။
နောက်ပိုင်းမှာလည်း နိုင်ငံရေးပါတီတခု ရပ်တည်ဖို့အတွက်တော့ ဘဏ္ဍာရေး လိုပါတယ်။ အဲဒီအတွက် တစ်အချက်က ပါတီဝင်တွေ ထည့်ဝင်တဲ့ ပါတီဝင်ကြေး၊ နှစ်အချက်ကတော့ ပါတီကို ယုံကြည်ကိုးစားတဲ့ နိုင်ငံသားတွေ၊ နိုင်ငံသားတွေ ပိုင်တဲ့ ကုမ္ပဏီတွေ၊ သူတို့က ပါတီကို ကူညီချင်တဲ့အတွက် အလှူငွေတွေနဲ့ အဓိက ရပ်တည်ရတာပေါ့။ ပါတီအတွက် လိုအပ်တဲ့ အသုံးစရိတ်လေးတွေအတွက် တခြား သူတွေလည်း လုပ်နိုင်တဲ့ စီးပွားရေးလုပ်ငန်းမျိုးတွေ လုပ်ရင်ရော ဘာဖြစ်လဲ။ အခုဆိုရင်တော့ ပိုရှင်းပါတယ်။ တခြားပါတီတခုက အစိုးရဖြစ်တဲ့အတွက် ကျနော်တို့က သူများတွေလိုပဲ စီးပွားရေးလုပ်ရင် ဘာဖြစ်မလဲဆိုတာ။ စီးပွားရေး လုပ်မှပဲရမှာ။ ကိုယ့်လူတွေလည်း ကိုယ် အလုပ်ပေးနိုင်မယ်။ အဲဒါလေးတွေကိုတော့ လူကြီးတွေ စဉ်းစားသုံးသပ်နေတယ်။ ခုနက ပြောသလို အခွင့်အရေး ယူတယ် ဆိုပြီး မဖြစ်အောင်လည်း စဉ်းစားချင့်ချိန်ရမှာပေါ့။ အဓိက ရည်မှန်းချက်ကတော့ ပြည်သူ လိုလားတောင့်တပြီးတော့ ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲမှာ ပါတီကို မဲပေးဖို့ပါပဲ။
မေး ။ ။ နောက်ဆုံးသိချင်တာက အခု NLD အစိုးရကိုရော အတိုက်အခံပါတီကြီးတခု အနေနဲ့ ဘယ်လောက်ထိန်းကျောင်းနိုင်မယ်လို့ ထင်လဲ။
ဖြေ ။ ။ ကျနော်တို့ ရည်မှန်းချက်က နိုင်ငံတော်နဲ့ နိုင်ငံသားတွေ ဖွံ့ဖြိုးတိုးတက်ဖို့ပေါ့။ အနည်းဆုံး ကျနော်တို့နဲ့ ဆက်စပ်နေတဲ့ နိုင်ငံ တွေနဲ့ တန်းတူပေါ့နော်။ အခြေခံအားဖြင့်တော့ ပညာရေး၊ ကျန်းမာရေး ကူညီစောင့်ရှောက်မှုတွေ လူ့အခွင့်အရေး အပြည့်အဝ ရရှိဖို့ စသဖြင့်ပေါ့။ နောက်တခုက အခြေခံ အဆောက်အအုံ တွေပေါ့။ အလုပ်အကိုင် အခွင့်အလမ်းပိုရလာပြီး အလုပ်လက်မဲ့ ပြဿနာတွေ ဖြေရှင်းနိုင်ဖို့တွေ လိုတယ်။ ဒါထက် ပိုပြောရရင် ပြည်တွင်းငြိမ်းချမ်းရေး ကိစ္စတွေ အောင်မြင်ဖို့ အဲဒီလို ရည်မှန်းချက်တွေက ကဏ္ဍတိုင်းမှာ ရှိပါတယ်။
ကျနော်တို့ ပါတီ အစိုးရဖြစ်နေတယ်။ ကျနော်တို့ပါတီ လွှတ်တော်ထဲမှာ အများဆုံး ရှိခဲ့စဉ်ကလည်း ဒါကို လုပ်ပါတယ်။ အခုလည်း ဘယ်အစိုးရဖွဲ့ဖွဲ့ ဘယ်အဖွဲ့အစည်းကပဲ ဦးဆောင်ပါစေ ဒီကိစ္စတွေ လုပ်နေတယ်ဆိုရင်တော့ ပြည်သူကို အကျိုးပြုတယ်၊ နိုင်ငံ တော်ကို အကျိုးပြုတယ်ဆိုရင်တော့ ကျနော်တို့က ဝိုင်းကူညီပြီးတော့ လုပ်မှာဖြစ်သလို အကယ်၍များ သူတို့လုပ်ဆောင်တာတွေက တိမ်းပါးနေတာရှိရင် နိုင်ငံရေးပါတီတခုအနေနဲ့ ထောက်ပြသွားမှာ ဖြစ်ပါတယ်။
ဘယ်ပါတီ ဘယ်အဖွဲ့အစည်းဖြစ်နေလို့ အတိုက်အခံ လုပ်မယ်ဆိုတာ မဟုတ်ပါဘူး။ အရင်တုန်းက အကြောင်းအမျိုးမျိုးကြောင့် လက်နက်ကိုင် တိုက်ခိုက်နေကြသူတွေတောင် စားပွဲဝိုင်းမှာ စကားပြောနေကြပြီပဲ။ ပွင့်ပွင့်လင်းလင်းနဲ့ ပြည်သူမဲပေးလိုက်တဲ့ ပါတီကြီးတခုရဲ့ လုပ်ဆောင်ချက်ကို ကျနော်တို့က အပြုသဘောနဲ့ပဲ သွားမှာပါ။ ရည်ရွယ်ချက်ကတော့ နိုင်ငံတော်နဲ့ နိုင်ငံသား အကျိုးအတွက်ပါပဲ။