ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ် ကွမ်းတောကျေးရွာရှိ ရှင်မာကု အင်္ဂလီကန် ခရစ်ယာန် ဘုရားကျောင်းဝင်း လမ်းဘေးတလျှောက် တွင် စေတီ ၄ ဆူ တည်ထားရန် ဆောင်ရွက်မှုကို တားဆီးသွားမည်ဟု ကရင်ပြည်နယ် သာသနာရေး ဝန်ကြီး ဦးမင်းတင်ဝင်း က ဧရာဝတီသို့ ပြောကြားသည်။
သာသနာရေးဝန်ကြီး ဦးမင်းတင်ဝင်း က“ခရစ်ယာန် ဘုရားကျောင်းဝင်းဘေး ၁၈ ပေလောက်မှာ ဘေးလမ်းတလျှောက်မှာ စေတီ တွေ ထပ်တည်မယ့် ပုံစံရှိနေတယ်၊ ကျနော့်အနေနဲ့တော့ ပြဿနာတွေ မကြီးထွားလာဖို့၊ လုံးဝဆက်မလုပ်နိုင်အောင် တားဆီးဖို့ ဆုံးဖြတ်ထားတယ်”ဟု ပြောသည်။
စေတီ ၄ ဆူ ထပ်တည်ရန် အမှတ်အသားပြုလုပ်ထားမှု အခြေအနေများကို ပြည်နယ်အစိုးရအဖွဲ့က သတင်းရရှိထားပြီး ပြည်ထောင် စု အဆင့်ကို ထပ်မံတင်ပြသွားမည်ဟုလည်း ဆိုသည်။
ယင်းသို့ ခရစ်ယာန် ဘုရားကျောင်းဝင်းအတွင်း စေတီတည်ထားမှုနှင့် ကျောင်းဘေးတွင် စေတီများထပ်မံတည် ထားရန် ပြုလုပ်နေ သည့် အခြေအနေများကို စောင့်ကြည့်နိုင်ရန် စောင့်ကြည့်ရေးအဖွ့ဲများ စေလွှတ်ထားကြောင်း၊ အဆိုပါကိစ္စအတွက် ပြည်နယ်အစိုးရ အဖွဲ့ အစည်းအဝေးကို ဧပြီ ၂၇ ရက်တွင် ပြုလုပ်သွားရန်ရှိကြောင်း ပြည်နယ်အစိုးရအဖွဲ့ဝင် တဦးက ပြောသည်။
ပြည်နယ် သာသနာရေး ဦးစီးဌာနနှင့် ဒေသခံများ၏ ကန့်ကွက်မှုများစွာ ရှိခဲ့သည့် ရှင်မာကု အင်္ဂလီကန် ဘုရားကျောင်းဝင်း မြေနေ ရာ တွင် စေတီတော်တဆူကို မြိုင်ကြီးငူဆရာတော် ဦးသုဇန ၏ ဦးဆောင်မှုဖြင့် ဧပြီ ၂၃ ရက်မှ ၂၅ ရက်အတွင်း ၂ရက် အချိန် ယူ ကာ အပြီး တည်ခဲ့ကြောင်း သိရသည်။
ခရစ်ယာန် ဘုရားကျောင်းဝင်းအတွင်း ဗုဒ္ဓဘာသာဆိုင်ရာ စေတီတည်ထားမှုကို တားဆီးပေးရန် ပြည်နယ်ဝန်ကြီးချုပ်နှင့် သာသနာ ရေး ဦးစီးဌာနများထံ အဆင့်ဆင့် တင်ပြခဲ့သော်လည်း အခြေအနေ တစုံတရာ မထူးခြားခဲ့ကြောင်း၊ ခရစ်ယာန်ဘာသာဝင်များ အနေ ဖြင့် ယခုကဲ့သို့ လုပ်ဆောင်မှုများကို ခိုက်ရန်တုံ့ပြန်မှု မပြုဘဲ မေတ္တာထားကြရန် ခရစ်ယာန် ဂိုဏ်းအုပ် ဆရာတော် တဦး ဖြစ်သည့် စောစတိုင်လိုက မေတ္တာရပ်ခံ ပြောကြားထားသည်။
ခရစ်ယာန်ဂိုဏ်းအုပ် ဆရာတော် စောစတိုင်လို က“ဒေသခံခရစ်ယာန်တွေက တို့မီး၊ ရှို့မီးတွေကြောင့် ပြဿနာဖြစ်မှာ စိုးရိမ်နေကြ တယ်။ ကြားက ဝင်ပြီး တိုက်ပေးတာမျိုးပေါ့၊ အခု စေတီတည်ထားတာကို ခြံစည်းရိုး ခတ်ထားတာလည်း ကျနော်တို့က သူတို့လုပ်လာရင် ပေးဖို့ရှိပါတယ်”ဟု ပြောသည်။
ဘုရားရှိခိုးကျောင်းအနီး စေတီများတည်ထားမည့် နေရာအနီး ပြဿနာဖြစ်ပွားမည်ကို စိုးရိမ်သည့်အတွက် ခရစ်ယာန်ဘာသာဝင် တချို့က မြန်မြန်ဆန်ဆန်နှင့် အေးအေးချမ်းချမ်း ပြီးစီးရန် ဧပြီ ၂၆ ရက်တွင် မေတ္တာပို့ဆုတောင်းခြင်းများ ပြုလုပ်မည်ဖြစ်ကြောင်း လည်း ၎င်းက ပြောပြသည်။
ကရင်ပြည်နယ် သာသနာရေး ဦးစီးဌာနသည် မြိုင်ကြီးငူဆရာတော် ဦးသုဇန ထံ စေတီမတည်ခင်ကာလ ကတည်းက စေတီ မတည် ရေး မေတ္တာရပ်ခံစာများ ပေးပို့ခဲ့ကာ နှစ်ဦးနှစ်ဖက် တွေ့ဆုံလျှောက်ထားနိုင်ရေး ကြိုပမ်းမှုများ ပြုလုပ်ခဲ့သော်လည်း ဆရာတော် ဘက်က လက်ခံတွေ့ဆုံခဲ့ခြင်း မရှိဘဲ တုံ့ပြန်ပြောကြားမှုလည်း မရှိခဲ့ကြောင်း သိရသည်။
သာသနာရေးဝန်ကြီး ဦးမင်းတင်ဝင်းက“ဘာသာရေးပြဿနာတွေ မတော်တဆကြီးထွားမယ့် အရိပ်အယောင်ရှိနေလို့ ဒီကိစ္စကို ကျနော်တို့ အပူတပြင်း လုပ်နေတယ်။ ဘာသာရေးအရ ပဋိပက္ခတွေကနေ လက်နက်ကိုင် အချင်းချင်း ထိတွေ့မှုတွေ ဖြစ်လာမှာ စိုးရိမ် တယ်”ဟု ပြောသည်။
ခရစ်ယာန် ဘုရားကျောင်းဝင်း အတွင်း တည်ခဲ့သည့်စေတီသည် ယခုအခါ ထီးတော်တင်ခြင်း၊ ထုံးသင်္ကန်း ကပ်ခြင်း အခြေအနေ အထိ ပြီးစီးနေပြီဟုလည်း ဒေသခံများထံမှ သိရသည်။
အဆိုပါကိစ္စနှင့် ပတ်သက်၍ မြိုင်ကြီးငူဆရာတော် ဦးသုဇန ထံသို့ ဆက်သွယ်ခဲ့သော်လည်း မရရှိခဲ့ပေ။