တရုတ်လုပ် မောင်းသူမဲ့ တိုက်ခိုက်ရေး လေယာဉ်များကို ကမ္ဘာတဝှမ်း ဝယ်ယူမှုနှုန်းမြင့်မားနေပြီး မြန်မာ၊ ပါကစ္စတန်၊ အီဂျစ်၊ အီရတ်၊ ယူအေအီး၊ နိုင်ဂျီးရီးယား၊ ဆော်ဒီအာရေဗီးယား အပါအဝင် နိုင်ငံပေါင်း ၁၀နိုင်ငံထက်မနဲရောင်းချထားကြောင်း တရုတ်လေကြောင်း အကယ်ဒမီသိပ္ပံ အကြီးအကဲ ရှီဝမ်၏ ပြောဆိုချက်ကို ကိုးကား၍ China Daily News ကဆိုပါတယ်။
“ပြီးခဲ့တဲ့နှစ် နိုင်ငံတကာဈေးကွက်မှာ တိုက်ခိုက်ရေး မောင်းသူမဲ့လေယာဉ်ဝယ်ယူမှု အမြင့်ဆုံးဖြစ်ခဲ့ပြီး အမေရိကန်ဒေါ်လာ သန်းရာပေါင်း များစွာ တန်ဘိုးရှိတဲ့ စာချုပ်တွေကို လက်မှတ်ရေး ထိုးနိုင်ခဲ့ တယ် လို့” ရှီဝမ်က ပြောပါတယ်။
ရောင်းချထားသောအမျိုးအစား များမှာ Cai Hong စီးရီးဖြစ်သည့် UAVs CH-3 နှင့် CH-4 အမျိုး အစား များဖြစ်ပြီး၊ နယ်စပ်မှာ ကင်းလှည့်ဖို့၊ အကြမ်းဖက်သမားတွေကို တိုက်ခိုက်ဖို့၊ ပစ်မှတ်ကို ကင်းထောက် စေလွှတ်ဖို့ အသုံးပြုကြတယ်လို့ သိရပါတယ်။
တရုတ်လုပ်မောင်းသူမဲ့လေယာဉ်တွေဟာ မီတာ၅၀၀၀ အမြင့်မှာ ကြာရှည်စွာပျံသန်းနိုင်တဲ့အတွက် လေကြောင်းရန် ကာကွယ်ရေး လက်နက်ငယ်များရဲ့ရန်မှလည်း လုံခြုံစွာ ရှောင်ရှားနိုင်တယ်လို့ ဆို ပါတယ်။
လက်ရှိ မောင်းသူမဲ့လေယာဉ်ဈေးကွက်မှာ အမေရိကန်နိုင်ငံက ကြီးစိုးထားပြီး နောက်ပိုင်းမှာတော့ ထုတ်လုပ်မှု စရိတ်သက်သာတဲ့ Cai Hong အမျိုးအစား မောင်းသူမဲ့လေယာဉ်တွေဟာ အမေရိကန်ရဲ့ ပြိုင်ဘက်ဖြစ်လာနိုင်တယ်လို့သိရပါတယ်။
အမေရိကန်အခြေစိုက် ဂျော်ဂျီယာနည်းပညာသုတေသနဌာနမှ အင်ဂျင်နီယာအကြီးအကဲ ရော်ဘတ် မိုက်ကယ်ဆွန်းက “ မောင်းသူမဲ့လေယာဉ်နည်းပညာမှာတော့ တရုတ်က အမေရိကန်နဲ့ အစ္စရေးဆီက နည်းပညာတွေကို ခိုးယူထားတယ်” လို့ ဆိုလိုက်ပါတယ်။