မြန်မာနိုင်ငံတွင် ဒီမိုကရေစီစနစ် တည်ထောင်ရန် ၁၉၈၈ ခုနှစ်တွင် ကျောင်းသား၊ ကျောင်းသူများနှင့် ရဟန်းရှင်လူများက လှည်းနေလှေအောင်း မြင်းဇောင်းမကျန် တခဲနက် တောင်းဆို ရာက မြန်မာ့နိုင်ငံရေးတွင် ဒုတိယအကြိမ်မြောက် နိုင်ငံလုံးဆိုင်ရာ လူထုအခြေပြု နိုင်ငံရေးလှုပ်ရှားမှုကြီး စတင်ခဲ့ကြသည်။ ယင်းလှုပ်ရှားမှုကြီးတွင် လက်နက်မဲ့ ဒီမိုကရေစီရေး တောင်းဆိုခဲ့ကြသူများနှင့် လက်နက်ကိုင် အာဏာရှင် စစ်ဗိုလ်ချုပ်ကြီးများ၏ အပြန်အအလှန် အားစမ်းတိုက်ပွဲကို နိုင်ငံတကာက အသိအမှတ်ပြုခဲ့ရသည်။
ဒေါ်အောင်ဆန်းစုကြည်၊ ဦးဝင်းတင်၊ မင်းကိုနိုင်၊ ကိုကိုကြီး၊ ဇာဂနာ စသည့် များပြားလှသော လူထုခေါင်းဆောင်များ ပြည်တွင်း၌ ပေါ်ပေါက်ခဲ့သလို ပြည်ပ ရောက်ရှိသွားသူများကလည်း လူ့အခွင့်အရေးလှုပ်ရှားမှု၊ နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေး၊ တိုင်းရင်းသားရေး၊ ပြည်တွင်းစစ်နှင့် ဒုက္ခသည်များအရေး ကြိုးပမ်းမှုများဖြင့် ဒီမိုကရေစီ ထောက်ခံသည့် နိုင်ငံရပ်ခြား အစိုးရများနှင့် မိတ်ဆွေများကို မြန်မာ့အရေး အာရုံစိုက်လာစေခဲ့ကြသည်။ ပြည်ပရောက် မီဒီယာများက တံခါးပိတ်ထားသော မြန်မာပြည်အကြောင်းနှင့် ရုန်းကန်နေခဲ့ရသည့် ဒီမိုကရေစီလှုပ်ရှားမှုအကြောင်းကို ဆယ်စုနှစ် ၂ ခုကျော် ပြည်တွင်းပြည်ပကို တစိုက်မတ်မတ် တင်ပြပြောဆိုခဲ့ကြသည်။
ဒီမိုကရေစီရေး လှုပ်ရှားမှုကြီးအတွင်း ကျောင်းသားလူငယ်များ၊ နိုင်ငံရေးသမားများ၊ စာပေ၊ အနုပညာရှင်များ၊ တတ်သိ ပညာရှင်များ၊ ဒီမိုကရေစီအရေးအတွက် လှုပ်ရှားခဲ့ကြသော မျိုးချစ်စစ်သည်တော် အရာရှိများ၊ တိုင်းရင်းသားအရေး လှုပ်ရှားခဲ့သူများ၊ အမျိုးသမီးအရေးလှုပ်ရှားခဲ့သူများ အားလုံးသည် ကျရာနေရာမှ မိမိနိုင်ငံနှင့် နိုင်ငံသားများ စစ်အာဏာရှင်စနစ်မှ လွတ်မြောက်ရေး လှုပ်ရှားဆောင်ရွက်ခဲ့ကြသည်။ အချို့ ထောင်ကျတန်းကျ သားကွဲမယားကွဲ စီးပွားပျက် ဘဝပျက်ကာ အချို့ အသက်ပင် ဆုံးရှုံးခဲ့ကြသည်။
ယခုအချိန်တွင်ကား ပြည်သူကရွေးကောက်သော အစိုးရဖွဲ့စည်းနိုင်လာပြီဖြစ်သောကြောင့် တိုင်းပြည်တွင် မျှော်လင့်ချက်တွေ ရှိလာပြီဖြစ်သည်။ ဒီမိုကရေစီ ရှေ့ရေးနှင့် ညီညွတ်မျှတသော စီးပွားရေးစနစ်တခု တည်ဆောက်ရေးအတွက် ယုံကြည်ချက်တွေ ပိုခိုင်မာလာပြီဟု ဆိုရမည်။ ထို့ကြောင့် မဝေးတော့သော အနာဂတ်တွင် နိုင်ငံတော် အနေဖြင့် ၁၉၈၈ စ၍ ယခုအချိန်အထိ စွန့်လွှတ်နစ်နာခဲ့သူများအား တရားဝင် မှတ်တမ်းတင်သည့် အမိန့်ထုတ်ပြန်ချက်များ ထုတ်ပြန်လိမ့်မည်ဟု မျှော်လင့်ပါသည်။
ဘွဲ့ထူး၊ ဂုဏ်ထူး၊ အဆောင်အယောင်တွေ ပေးအပ်ခြင်းကို မဆိုလိုပါ။ နိုင်ငံတော်က စာတကြောင်းနှင့် တရားဝင် အသိအမှတ်ပြု မှတ်တမ်းတင်ခြင်းဖြင့် ကွယ်လွန်ဆုံးပါးခဲ့သူများ၏ အသက်ဝိညာဉ်များနှင့် ကျန်ရစ်သူ မိသားစုများကို ဖြေသိမ့်နိုင်ပါသည်။ ထို့နောက် နောင်လာနောက်သားများ သမိုင်းသင်ခန်းစာ ယူနိုင်စေခြင်း အလို့ငှာ အထိမ်းအမှတ် ကျောက်တိုင်နှင့် ပြတိုက်တခု တည်ဆောက်ကာ ဂုဏ်ပြု မှတ်တမ်းတင်မည်ဆိုလျင် အသက်ပေးသေဆုံးခဲ့ရသူများအတွက်ရော၊ စွန့်လွှတ်ခဲ့ရသူများအတွက်လည်း မမေ့မပျောက် သမိုင်း မှတ်တမ်းတင် ကျန်ခဲ့မည်ဖြစ်သည်။
ဒီလိုတာဝန်ထမ်းဆောင်မှုမျိုးကို ဦးထင်ကျော် အစိုးရသာလျှင် လုပ်ဆောင် အကောင်အထည်ဖော်ရန် အသင့်တော်ဆုံးဟု ဧရာဝတီ သတင်းဌာနက ယုံကြည်ပါသည်။