“လမ်းများ တာရှည်မခံလျှင် အင်ဂျင်နီယာများ ထောင်ထဲဝင်ရမည်ဟု ဆောက်လုပ်ရေးဝန်ကြီး သတိပေး” ဆိုတဲ့ သတင်းကို ဧရာဝတီ သတင်းမှာ ဧပြီ ၃၀၊ ၂၀၁၆ ရက်စွဲနဲ့ ဖတ်လိုက်ရပါတယ်။ ပြည်ထောင်စုအဆင့် ဝန်ကြီး ဦးဝင်းခိုင်က အဆိုပါ စကားကို ရန်ကုန်-မန္တလေး အမြန်လမ်းပိုင်း ယာဉ်မတော်တဆမှု လျှော့ချရေး ရက် ၁၀၀ စီမံချက် ရှင်းလင်းပွဲမှာ ပြောခဲ့တယ်လို့ သိရပါတယ်။
ဖောက်တဲ့လမ်းတွေ တာရှည်မခံရင် တာဝန်ရှိသူ လမ်းတံတား အင်ဂျင်နီယာတွေ အရေးယူခံယူမယ် သဘောဆောင်တဲ့ ဒီစကားက ယေဘုယျ အားဖြင့် ကြိုဆိုရမှာပါ။ ဒီမိုကရေစီစနစ်ရဲ့ အဓိက ဒေါက်တိုင်ဖြစ်တဲ့ တာဝန်ခံ၊ တာဝန်ယူမှု ရှိရမယ် ဆိုတဲ့သဘောကို အလေးပေး ပြောကြားလိုတယ်လို့ နားလည်မိပါတယ်။ ဝန်ကြီးပြောသွားတဲ့ အထဲမှာ လူကို ဗဟိုပြုတဲ့ အုပ်ချုပ်မှုထက် စနစ်ကို ဗဟိုပြုပြီး စနစ်ကောင်း အမြစ်တွယ်အောင်လုပ်ရမယ် သဘောဆောင်တဲ့ စကားတွေဟာလည်း ဒီမိုကရစီအုပ်ချုပ်ရေးရဲ့ အနှစ်သဘော အုတ်မြစ်တွေဖြစ်လို့ ထောက်ခံပါတယ်။
ဒါပေမယ့် “အနည်းဆုံး ၅ နှစ်မခံဘဲ လမ်းတွေပျက်ခဲ့ရင် အင်ဂျင်နီယာတွေ ထောင်ထဲဝင်ရမယ်” ဆိုတဲ့ စကားလုံး အကြမ်းထည်မျိုးကတော့ သက်ဆိုင်ရာ ကဏ္ဍမှာ တာဝန်အမြင့်ဆုံး ယူထားသူတဦး ပြောအပ်တဲ့ စကားမျိုးလို မယူဆမိပါဘူး။ ဒါဟာ ယခင်စစ်အစိုးရ ခေတ်စနစ်နည်းတူ လူကြီးက အောက်လက်ငယ်သားကို ခြိမ်းခြောက်ပြီး ရေဘူးပေါက်တာ မလိုချင်ဘူး၊ ရေပါတာပဲ လိုချင်တယ်ဆိုတဲ့ အမိန့်ပေးစနစ်ပုံစံမျိုးလည်း သက်ရောက်သွားပါတယ်။
လမ်းမကောင်းလို့ ထောင်ထဲ ဝင်စရာရှိရင် လမ်းရေရှည်ခံ ကောင်းမွန်အောင် ကြိုတင်စီမံခန့်ခွဲမှု၊ အစီအစဉ် ရေးဆွဲမှု၊ ဆုံးဖြတ်ချက်ချမှု၊ အလုပ်နဲ့ လူအား၊ ငွေအား တာဝန်ခွဲဝေပေးမှု၊ စောင့်ကြည့်စစ်ဆေးမှု ညံ့ဖျင်း (သို့မဟုတ်) အားနည်းသူ အဖြစ် မှတ်ယူနိုင်တဲ့ တာဝန်အရှိဆုံး ပြည်ထောင်စုဝန်ကြီး ကိုယ်တိုင်လည်း အင်ဂျင်နီယာများနဲ့အတူ ထောင်ထဲ ဝင်သင့်ပါတယ်။ လမ်းကောင်းအောင် မစီမံ၊ မအုပ်ချုပ်နိုင် မလုပ်နိုင်ရင်၊ ပြည်သူ့ဝန်ထမ်းတွေ တာဝန်မကျေရင်၊ ပြည်သူ့ဘဏ္ဍကို အလွဲသုံးစားလုပ်ရင်၊ ကိုယ့်အောက်ကဝန်ထမ်း လာဘ်မစားအောင် ထောက်ပံ့ မပေးနိုင်ရင် ဝန်ကြီးဌာနမှာ တာဝန်အရှိဆုံးဖြစ်တဲ့ ကျနော်ကအစ ထောင်ထဲဝင်မှာ ဖြစ်တယ်လို့ အာမခံတာမျိုးကမှ ဒီမိုကရေစီခေတ်ရဲ့ ခေါင်းဆောင်မှု ပုံစံဖြစ်ပါမယ်။
ဒါ့အပြင် လမ်းတာရှည် မကောင်းတာမျိုး ဖြစ်စဉ်မှာ တည်ဆောက်စဉ်ကာလ ဆောက်လုပ်ရေးဌာန ပြည်သူ့ဝန်ထမ်းတွေက လျာထားငွေကို အလွဲသုံးစား လုပ်ခြင်းဆိုတဲ့ အကျင့်ပျက်ခြစားမှု အကြောင်းကြီးမျိုးကလွဲရင် ထောင်ထဲ ဝင်လောက်စရာလည်း မဟုတ်ပါ။ လမ်းပျက်၊ ရေလျှံ၊ တံတားယိုင်၊ လျှပ်စစ်မီးမလာ၊ ကျန်းမာရေး စောင့်ရှောက်မှု အားနည်း၊ ပညာရေး အဆင့်မမီ အစရှိသလို တိုင်းပြည်တပြည်ရဲ့ အခြေခံအဆောက်အအုံတွေ မခိုင်မာ အထွေထွေ ချွတ်ခြုံကျနေခြင်းဟာ ဝန်ကြီးပြောခဲ့တဲ့အထဲမှာ ပါခဲ့သလို စနစ်ပြဿနာ၊ အစိုးမရတဲ့ အစိုးရအဖွဲ့စည်းစနစ်ရဲ့ မူဝါဒ အမှား၊ လုပ်ဆောင်အမှားတွေ၊ ချို့ယွင်းချက်တွေကြောင့်လည်း အဓိက ပါပါတယ်။
ယခင် စစ်အာဏာရှင်များခေတ်က လမ်းဆောက်၊ တံတားဖောက် စီမံကိန်းတွေရဲ့ နေရာ၊ အချိန်၊ ပြီးဆုံးရက် အစရှိတဲ့ စီမံကိန်း ပြင်ဆင်မှုနဲ့ ဆုံးဖြတ်ချက်တွေကို ကျွမ်းကျင်သူ အင်ဂျင်နီယာများက စိတ်ကြိုက် တာဝန်ယူ ဆုံးဖြတ်ခဲ့ရတာမျိုးလည်း မဟုတ်ကြောင်း ခေတ်ဆိုး၊ စနစ်ဆိုးကို ဖြတ်သန်းခဲ့သူ ဝန်ကြီးလည်း သိပြီးသားဖြစ်မှာပါ။ တပ်မတော်နေ့လို စစ်ဗိုလ်ချုပ်ကြီးများ ဂုဏ်ခံတဲ့ နေ့ထူးနေ့မြတ်တွေအမီ လမ်း၊ တံတားဖွင့်ပွဲ အများစု လုပ်ခဲ့ရတာတွေလည်း မှတ်မိနိုင်မယ် ယူဆပါတယ်။
ဝန်ကြီးရဲ့ ရှင်းလင်းပွဲမှာ ဝန်ခံထားသလို အစိုးရက ဌာနအတွက် ချပေးတဲ့ ဘဏ္ဍာငွေက မလုံလောက်ဘူး၊ အသုံးစရိတ် ခွဲလိုက်လျှင် မြို့နယ်တခုကို ၁၀ ဘီလီယံလောက်ပဲ ကျန်တယ်ဆိုတဲ့ ပြဿနာမျိုးကလည်း လမ်း၊ တံတား၊ ကျောင်း၊ ဆေးရုံ၊ အဆောက်အုံတွေရဲ့ အရည်အသွေးမှာ ထည့်သွင်းစဉ်းစားရမှာ ဖြစ်ပါတယ်။
နောက်တချက်ကတော့ စီမံကိန်းတွေ ဖော်ဆောင်ရာမှာ ဦးဆောင်သူ၊ ဆုံးဖြတ်ချက်ချနိုင်သူ ခေါင်းဆောင်ပိုင်းရဲ့ အမြာ်အမြင် ရှိမှုကလည်း အရေးကြီးပါတယ်။ ကျနော်တို့ ငယ်စဉ်တုန်းက တိုင်းပြည်အနှံ့မှာ မြင်တွေ့ခဲ့ရတဲ့ အင်္ဂလိပ်ခေတ်က ဖောက်သွားတဲ့ “ပေတရာလမ်း” တွေကို ကြည့်ပါ။ နိုင်ငံတကာအဆင့်မှာတောင် စာတင်ရတဲ့ ရေနံချောင်း-ဂွေးချို လမ်းကို ကြည့်ပါ။ ရန်ကုန်-မန္တလေး လမ်းဟောင်းကိုကြည့်ပါ။ လမ်းဘေးဝဲယာမှာ လမ်းအပေါ် အရိပ်မိုး နေဒဏ်၊ မိုးဒဏ်ခံနိုင်အောင် အကြီးစားသစ်ပင်ကြီးတွေ စနစ်တကျ ကြိုတင် စိုက်သွားခဲ့တာပါ။
ဒီဘက် မဆလ၊ နဝတ၊ နအဖ ခေတ်မှာ ဒီလမ်းတွေကို ချဲ့ရင် ချဲ့တဲ့အပိုင်းပဲ ပျက်ချင် ပျက်မယ်၊ နှစ်လေး၊ ငါး၊ ခြောက်ဆယ် သက်တမ်းရှိတဲ့ အင်္ဂလိပ်ခေတ်က ပေတရာလမ်းတွေကတော့ မပျက်ပါဘူး။ ဒါဟာ အုပ်ချုပ်ရေးစနစ်ကောင်း၊ စီမံခန့်ခွဲမှု စနစ်ကောင်း၊ ဆုံးဖြတ်ချက်ချ စီမံကိန်း အကောင်အထည် ဖော်သူများရဲက အရည်အချင်း အမြော်အမြင်ပြည့်ဝမှုကို ပြခြင်းပါ။ ကျွန်ခေတ်ကို လွမ်းခြင်းမဟုတ်ပါ။
နောက်ဆုံး အလေးထား ဆွေးနွေးချင်တဲ့ အချက်ကတော့ လမ်းတွေ ငါးနှစ်အတွင်း ပျက်၊ မပျက် စောင့်ကြည့်ပြီး ထောင်ကျမိန့် လုပ်ခြင်းမျိုးထက် ပိုတဲ့ မူဝါဒပါ။ သက်တမ်းတခုအထိ ရေရှည်ခံအောင်၊ အရည်အသွေးမြင့်အောင်၊ လူ၊ ယာဉ်အန္တရာယ် ကင်းအောင် အရည်အသွေးစောင့်ကြည့် စစ်ဆေးတဲ့ Quality Control ကို အကျင့်ပျက် လာဘ်စားမှု ကင်းကင်းနဲ့ ဘယ်လို အလုပ်ဖြစ်အောင် အကောင်အထည် ဖော်မလဲဆိုတဲ့ နိုင်ငံတော်အဆင့် ဝန်ကြီးရဲ့ အစီအမံ ချပြမှုမျိုးပါ။
အခွန်ထမ်းပြည်သူရဲ့ ငွေတွေ အလဟဿမဖြစ်အောင် ဘယ်လို စိစစ်စာရင်းစစ် ဝင်မယ်၊ ပြည်သူကို ဘယ်လို မြင်သာထင်သာ ရှိရှိ ချပြမယ်။ အင်ဂျင်နီယာများ အပါအဝင် ပြည်သူ့ဝန်ထမ်းများ ခြစားမှုကင်းနေနိုင် ဘယ်ပုံ ဆောင်ရွက်မယ်၊ အကျင့်ပျက်ရင် ကျောသားရင်သား တမတ်သားမကျန် ဘယ်လို အရေးယူမယ်၊ ပြည်သူကို ဝန်ဆောင်မှုပေးနေတဲ့ ဝန်ထမ်းတွေနဲ့ သူတို့ရဲ့ မိသားစုတွေအတွက် ဘယ်လို လူမှုစီးပွားမြှင့်တင်၊ ပညာ၊ လူဂုဏ်သိက္ခာနဲ့ အညီ နေထိုင်စားသောက်နိုင်ရေး အစိုးရရဲ့ မူဝါဒတွေနဲ့ စနစ်အဖွဲ့အစည်းက ဘယ်လို ကြံဆ စွမ်းဆောင်ပါမယ် စတဲ့ ခေါင်းဆောင်ကောင်း တယောက်ရဲ့ ဦးဆောင်မှုမျိုး၊ ဒီမိုကရေစီ ပြည်သူ့အစိုးရတရပ်ရဲ့ မူဝါဒ စနစ်ကောင်းမျိုးကို လူထုက စိတ်ကြိုက် ရွေးချယ် တင်မြှောက်လိုက်တဲ့ လူထုအစိုးရနဲ့ ခေါင်းဆောင်တွေဆီက ပြည်သူက လိုချင်တာပါ။
နိဂုံးချုပ်ရရင် ပြီးခဲ့တဲ့ ဦးသိန်းစိန် စစ်တပိုင်းအစိုးရခေတ်မှာတော့ ဝန်ကြီး၊ ဝန်လေး၊ လွှတ်တော်အမတ် အစုံစုံရဲ့ ရင်ဘတ်ကြီးနဲ့ ခံစား၊ တက်ခေါက် ရယ်ရတဲ့ ပြက်လုံးအမျိုးမျိုးကို ပြည်သူဟာ နားမဆံ့အောင် ကြားခဲ့ပြီး ဖြစ်ပါတယ်။ မျက်မှောက် ဒီမိုကရေစီစနစ် အရပ်သား အများစု အုပ်ချုပ်တဲ့ ခေတ်မှာတော့ လူကြီးဆိုသူများရဲ့ အကျိုးအကြောင်းမညီ မလျော်ကန်တဲ့ သတင်းစကားတော့ လူထုက မကြားချင်တော့ပါ။ အမြော်အမြင်ရှိ၊ ဦးနှောက်ရှိ၊ အတွေးအခေါ်မြင့်၊ အသိဉာဏ်နဲ့ ယှဉ် ထိန်းကွပ်တဲ့ ဦးဆောင်လမ်းညွှန်မှုမျိုး၊ တာဝန်ယူ၊ တာဝန်ခံမှုမျိုးနဲ့ အလုပ်ကောင်းတွေကိုသာ မျှော်လင့်နေကြပါတယ်။ ဆိုတော့ အဆိုတော်ကြီး ချိုပြုံးရဲ့ သီချင်းခေါင်းစဉ်လေး အလိုက်နဲ့ပဲ ဆိုပါရစေ၊ “ပြည်သူချစ်တဲ့ လူကြီးမင်းများ စကားပြောဆင်ခြင်ပါ” ခင်ဗျား။
(ငြိမ်းချမ်းအေးသည် အွန်လိုင်း၊ ပုံနှိပ် စာနယ်ဇင်း များတွင် မျက်မှောက် ရေးရာနှင့် အထွေအထွေအာဘော် ဆောင်းပါးများ ရေးသားနေသူ တယောက် ဖြစ်သည်။)