နိုင်ငံတကာ ရေဆေးပန်းချီအသင်း (International Watercolor Society – IWS) ၏ ဥက္ကဋ္ဌ Mr. Atanur Dogan သည် မြန်မာနိုင်ငံသို့ လာရောက်ကာ နိုင်ငံတကာ ရေဆေးပန်းချီ အသင်း (မြန်မာ) (IWS Myanmar) ကို စက်တင်ဘာ ၂၄ ရက်နေ့တွင် ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်ရှိ New Treasure ပန်းချီပြခန်း၌ ဂုဏ်ပြု အသိအမှတ်ပြုလွှာ ပေးအပ်သွားမည် ဖြစ်ကြောင်း သိရသည်။
“နိုင်ငံတကာ ရေဆေးပန်းချီအသင်း ထူထောင်သူလည်း ဖြစ်၊ အသင်းရဲ့ ဥက္ကဋ္ဌလည်း ဖြစ်တဲ့ မစ္စတာ အတာနာ ဒိုဂန်က နိုင်ငံတကာ ရေဆေးပန်းချီအသင်း (မြန်မာ) (IWS Myanmar) ကို ဂုဏ်ပြု အသိအမှတ်ပြုလွှာ ပေးအပ်မှာပါ။ IWS Myanmar ပန်းချီပြပွဲ ဖွင့်ပွဲလည်း တပါတည်း လုပ်ဆောင်သွားမှာ ဖြစ်ပြီး နေ့ခင်းပိုင်းမှာ ဒိုဂန်က သူ့ရဲ့ ရေဆေးအတွေ့အကြုံကို သရုပ်ပြ ရှင်းလင်းပြသွားမှာပါ။ ပြပွဲကို စက်တင်ဘာ ၂၄ ကနေ ၂၉ ရက်နေ့ အထိ ပြသသွားမယ်။ ၂၅ ကနေ ၂၉ ရက်နေ့အထိ ကလောမှာ အောက်ဒိုး ရေးဆွဲသွားဖို့လည်း စီစဉ်ထားပါတယ်” ဟု ပန်းချီဆရာ မင်းဝေအောင်က ပြောသည်။
IWS ဆိုသည်မှာ
တူရကီနိုင်ငံ အရှေ့ဘက်ပိုင်း အေဂျီယံ ပင်လယ်ကမ်းခြေရှိ ရှေးခေတ်မြို့ဟောင်း Teos မြို့၌ အခြေစိုက်သည့် IWS ကို ၂၀၁၂ ခုနှစ်တွင် Mr. Atanur Dogan က စတင်တည်ထောင်ခဲ့ပြီး၊ လက်ရှိတွင် နိုင်ငံပေါင်း ၈၀ တွင် ရေဆေးပန်းချီ အသင်းခွဲများ ဖွဲ့စည်းထူထောင်ကာ ရေဆေးပန်းချီ အနုပညာ ဖလှယ်မှုများ၊ ပြပွဲများ လုပ်ဆောင်လျက် ရှိသည်။
IWS ၏ ရည်ရွယ်ချက်
IWS ၏ ရည်ရွယ်ချက်မှာ ကမ္ဘာ့ရှေးအကျဆုံး ပန်းချီရေးဆွဲနည်း ဖွံ့ဖြိုးတိုးတက်စေရန်၊ အဖွဲ့ဝင်နိုင်ငံ အသီးသီးမှ ပန်းချီဆရာ အချင်းချင်း အပြန်အလှန် ချစ်ကြည်ရင်းနှီးစေရန်နှင့် မျိုးဆက်သစ် လူငယ်ပန်းချီဆရာများအား လက်ရာနှင့် အတွေးအခေါ် ကောင်းများ နည်းစနစ်များ မြှင့်တင်ဖလှယ်ပေးဖို့ ရည်ရွယ်ကြောင်း သိရသည်။
IWS Myanmar
IWS က ရေဆေးပန်းချီ ပညာရပ်ဆိုင်ရာ အနာဂတ်ရည်မှန်းချက်များကို ၎င်းတို့နှင့် ပူးပေါင်းဆောင်ရွက်ရန် ဖိတ်ခေါ်သောကြောင့် IWS Myanmar ကို ဖွဲ့စည်းဖို့ ဖြစ်လာကြောင်း၊ ထို့ကြောင့် ပြီးခဲ့သည့် ဧပြီလက စတင် ဖွဲ့စည်းခဲ့ကြောင်း၊ IWS Myanmar ဥက္ကဋ္ဌ ပန်းချီ မင်းဝေအောင်က ပြောသည်။
“ဒီ IWS Myanmar အဖွဲ့က ၂၀၀၅ ခုနှစ်တုန်းက ဖွဲ့စည်းခဲ့တဲ့ “Golden Group Myanmar” ဆိုတဲ့ ရေဆေးသီးသန့် အဖွဲ့ကို အခြေခံပြီး ဖွဲ့စည်းတာပါ။ အဲဒီတုန်းက ဦးကျော်သောင်း၊ ဦးခင်မောင်မြင့်၊ ဦးစမစ်စိန်လင်း၊ ဦးစိုးမိုး၊ ဦးဇော်မင်း၊ ဦးမောင်မောင်လှမြင့်နဲ့ ကျနော်တို့ ဒီ ရ ဦးနဲ့ စတင်ဖွဲ့စည်းခဲ့တာပါ။ လက်ရှိမှာတော့ ပြည်တွင်းတာဝန်ခံ အဖြစ် ကျနော်၊ ပြည်ပတာဝန်ခံ အဖြစ် ဦးစမစ်စိန်လင်းတို့က ဆောင်ရွက်ပါတယ်။ ၂၀၁၅မှာ အဖွဲ့ဝင် ၁၂ ဦး ဖြစ်လာခဲ့ပါတယ်။ အခုတော့ အဖွဲ့ဝင် ၂၅ ဦးရှိပါတယ်” ဟု ၎င်းက ရှင်းပြသည်။
အဆိုပါ “Golden Group Myanmar” အဖွဲ့အနေဖြင့်လည်း ၂၀၀၅ မှ ၂၀၁၄ ခုနှစ် အတွင်း ကိုရီးယား၊ စင်ကာပူ၊ ထိုင်း၊ မလေးရှားနှင့် အင်ဒိုနီးရှား နိုင်ငံများမှ သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ပူးပေါင်းကာ ရေဆေးပြပွဲ ၈ ပွဲတွင် ပါ၀င် ပြသနိုင်ခဲ့ကြောင်း ၎င်းက ပြောသည်။
IWS Myanmar အနေဖြင့် တရားဝင် အသင်းအဖွဲ့ ဖွဲ့စည်းခွင့် ရရှိရေး သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ဆက်သွယ်၍ စီစဉ်ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။