စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် ကူးစက်ရောဂါဖြင့် အများဆုံးသေဆုံးနေရခြင်းမှာ လမ်းပန်း ဆက်သွယ်ရေးခက်ခဲမှုကြောင့်ဖြစ်သည်ဟု နာဂအမျိုးသားကောင်စီမှ ဦးနော်အောင်ဆန်းက ယနေ့ Orchard Hotelတွင် ပြုလုပ် သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။
နာဂဒေသ လဟယ်မြို့နယ်နှင့် နန်းယွန်းမြို့နယ်ရှိ ကျေးရွာ ၁၅ ရွာ၌ အပြင်းစားဝက်သက်ရောဂါကြောင့် သေဆုံးသူဦးရေ ၄၂ ဦး အထိရှိလာကြောင်း၊ ထိုသို့ သေဆုံးရခြင်းမှာ ကျန်းမာရေးစောင့်ရှောက်မှုအတွက် အားနည်းခြင်းနှင့် လမ်းပန်းဆက် သွယ်မှု ခက်ခဲခြင်းတို့ ဖြစ်သည်ဟု သူက ပြောကြားခဲ့ခြင်းဖြစ်သည်။
“လမ်းပန်းဆက်သွယ်ရေး အရမ်းခက်ခဲတယ်။ လေကြောင်းကနေ သွားမယ်ဆိုရင် ရောဂါဖြစ်တဲ့နေရာကို ၁ ပတ်ဝန်းကျင် အချိန်ယူမှ ရောက်မယ်။ ရေကြောင်းနဲ့ ဆိုရင်တော့ ၁၂ရက်ဝန်းကျင် ယူရမယ်။ တပ်မတော် ရဟတ်ယာဉ်တွေ စီစဉ်ပေး မယ်ဆိုပြီး အခုထိ မရောက်ရှိသေးဘူး” ဟု ဦးနော်အောင်ဆန်းက ပြောသည်။
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့မှ နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသကို ကူညီပေးမှုပြုလုပ်သော်လည်း ထိရောက်စွာ ကူညီပေးခြင်းမရှိကြောင်း၊ ရောဂါဖြစ်ပွားသည့် ကျေးရွာတွင် လိုအပ်နေသည့် အစာအာဟာရနှင့် ဆေးဝါးကို အချိန်မီ ထောက်ပံ့ပေးနိုင်ရန်အတွက် ကြုံတွေ့နေရသည့် လမ်းပန်းဆက်သွယ်ရေး အခက်အခဲကို ဖြေရှင်းပေးရန်၊ ရဟတ်ယာဉ်များ အသုံးပြုနို်င်ရန် ညှိနှိုင်းစီစဉ်ပေးရန် တိုင်းရင်းသား လူငယ်များအဖွဲ့မှလည်း ယနေ့ရက်စွဲဖြင့် ထုတ်ပြန်ချက်ထုတ်ခဲ့သည်။
“ကလေးတွေအတွက် အာဟာရဖြည့်စွက်ဆန်ကို အချိန်မီ ပို့ချင်ပေးမယ့် မအောင်မြင်ခဲ့ဘူူး။ အခု လေကြောင်းလိုင်းနဲ့ ခွဲ တင်နေရတယ်။ အခု လဟယ်ကို ကီလို ၆၀၀ ဝန်းကျင် ရောက်သွားပြီး မန္တလေးလေဆိပ်မှာ ကီလို ၆၀၀ ကျန်သေးတယ်။ ရောဂါဖြစ်ပွားနေတဲ့ ကျေးရွာတွေ ရောက်ဖို့က အမြန်ရောက်ဖို့ လိုအပ်နေပါတယ်” ဟု ဦးနော်အောင်ဆန်း က ထပ်မံ ပြော သည်။
နာဂဒေသသို့ ကျန်းမာရေးဝန်ထမ်းစုစုပေါင်း ၃၀၉ ဦးကိုအစိုးရ မှ ခန့်အပ်ရန် ခွင့်ပြုထားခဲ့သော်လည်း လက်ရှိတွင် ၉ဝဦး သာ ခန့်အပ်နိုင်ခဲ့ကြောင်း၊ လစ်လပ်နေရာများစွာ ကျန်ှရှိနေသေးသဖြင့် နာဂဒေသအတွက် ကျန်းမာရေးစောင့်ရှောက်မှု လိုအပ်နေကြောင်း၊ ကူးစက်ရောဂါဖြစ်ပွားနေသည့် အခြေအနေမှာ ထိန်းချုပ်နိုင်မှု မရှိသေးသည့်အတွက် လမ်းခရီး ခက်ခဲ မှုအပေါ် အစိုးရမှရဟတ်ယာဉ်များ အသုံးပြုဆောင်ရွက်ပေးရန် နာဂလူမှုအဖွဲ့ အစည်းထံမှ သိရသည်။
“အခက်အခဲမျိုးစုံရှိနေတဲ့အခါမှာ အဆိုးဆုံးဒဏ်ကို ခံနေရတဲ့သူတွေကတော့ ကလေးတွေပါပဲ။ ပြီးတော့ အမျိုးသမီးတွေ ပါပဲ။ သေဆုံးစာရင်း ကြည့်လိုက်ရင် ၅နှစ်အောက် ကလေးဦးရေ ၂၉ဦး ရှိနေတာတွေ့ရတယ်။ ကလေးတွေက တိုင်းပြည် ရဲ့အနာဂတ်၊ လူမျိုးရဲ့အနာဂတ်ဖြစ်တယ်” ဟု နာဂလူမှုအရင်းအမြစ်ဖွံ့ဖြိုးရေးစင်တာမှ ဒေါ်ဝေါ်စေရှီး က သတင်းစာရှင်း လင်းပွဲတွင် ပြောကြားခဲ့သည်။
၂၀၁၆ခုနှစ် ဇွန်လ၆ရက်နေ့မှ သြဂုတ်လ ၁၃ရက်နေ့အထိ ဖြစ်ပွားခဲ့သည့် ကူးစက်ရောဂါများတွင် သေဆုံးသူမှာ ၄၂ဦး အထိ ရှိလာပြီဖြစ်ပြီး ရောဂါကူးစက်ခံထားရသူမှာ ဦးရေ ၂ဝဝကျော်အထိ ရှိနေကြောင်းလည်း သိရသည်။
ထိုရောဂါသည် ဇွန်လဆန်းပိုင်း က စတင်ဖြစ်ပွားခဲ့ကာ ဇူလိုင်လကုန်ပိုင်းမှ အစိုးရတာဝန်ရှိသူများက ကြားသိခဲ့ရသည်။
နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၌ ဖြစ်ပွားနေသည့် ကူးစက်ရောဂါနှင့်ပတ်သက်၍ အရေးပေါ် အကူအညီပေးရန် သြဂုတ် လ၁၄ရက်က ဒုသမ္မတဟင်နရီဗန်ထီးယူနှင့် နာဂအမျိုးသားကောင်စီးတို့ တွေ့ဆုံခဲ့ကြသည်။
နာဂဒေသရှိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တဖွဲ့ဖြစ်သည့် နာဂအမျိုးသား ဆိုရှယ်လစ်ကောင်စီ-ကပ်ပလန် (NSCN-K) ကလည်း အစိုးရက သြဂုတ်လကုန်ပိုင်းတွင် ကျင်းပမည့် ၂၁ ရာစုပင်လုံညီလာခံတွင် နိုင်ငံရေးဆွေးနွေးရန် ဖိတ်ခေါ်ထား သော်လည်း NSCN-K ဗဟိုဌာနက နိုင်ငံရေးမဆွေးနွေးလိုသေးကြောင်း ၎င်းတို့ကို အစိုးရအနေဖြင့် လမ်းပန်းဆက်သွယ် ရေးနှင့် ဒေသဖွံ့ဖြိုးရေးကိုသာ ဦးစွာလုပ်ပေးစေလိုကြောင်း တောင်းဆိုထားသည်။