ရခိုင်ပြည်နယ်မှ တရုတ်နိုင်ငံသို့ ဆက်သွယ်မည့် ရွှေ သဘာဝဓာတ်ငွေ့ ပိုက်လိုင်း ဖြတ်သန်းရာ လမ်းကြောင်း၌ ပါဝင်သည့် ရှမ်းပြည်နယ်အတွင်းရှိ မြို့နယ်တချို့တွင် ပိုက်လိုင်းထဲသို့ ရေ စမ်းသပ်လွှတ်ရာမှ ပိုက်လိုင်း ကျိုးပေါက် ပွင့်ထွက်မှုများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
“ပိုက်လိုင်းသန့်ရှင်းရေး လုပ်တဲ့အနေနဲ့ ရေ စမ်းလွှတ်တာက ပေါက်ကွဲမှု ဖြစ်တယ်၊ စုစုပေါင်း ၄ ကြိမ် ဖြစ်ဖူးတယ်။ ဂက်စ်တောင် မပို့လွှတ်ရသေးဘူး၊ ဒီလို ဖြစ်နေတော့ ဒေသခံတွေက တအား စိုးရိမ်ကြောက်လန့်မှုတွေ ဖြစ်နေကြတယ်” ဟု တအာင်း ကျောင်းသားနှင့် လူငယ်များအဖွဲ့ချုပ်မှ သတင်းနှင့် လူ့အခွင့်အရေး မှတ်တမ်း တာဝန်ခံ မိုင်းအိုက်မွန်းက ဧရာဝတီသို့ ပြောသည်။
ဓာတ်ငွေ့ပိုက်လိုင်းသည် ခိုင်ခန့်မှု မရှိခြင်း၊ စနစ်တကျ မြှုပ်နှံမှု မရှိခြင်းတို့ကြောင့် စမ်းသပ်စဉ် ကာလ၌ပင် ကျိုးပေါက် ပွင့်ထွက်မှု ဖြစ်နေကြောင်း၊ နမ္မတူ၊ နမ့်ခမ်း၊ ကျောက်မဲ စသည့် မြို့နယ်တို့၌ ပြီးခဲ့သည့် ဖေဖော်ဝါရီလနှင့် မတ်လတွင် ၂ ကြိမ်၊ ၂၀၁၂ ခုနှစ် နှောင်းပိုင်းတွင် ၂ ကြိမ် ကျိုးပေါက် ပွင့်ထွက်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပိုက်လိုင်းသည် ရှမ်းပြည်နယ် မြောက်ပိုင်းရှိ နမ့်ခမ်း၊ နမ္မတူ၊ သီပေါ၊ မန်တုံ၊ နောင်ချို၊ ကျောက်မဲ စသည့်မြို့နယ်များကို ဖြတ်၍ တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၌ အဆုံးသတ်မည် ဖြစ်သည်။
ရွှေ သဘာ၀ ဓာတ်ငွေ့ပိုက်လိုင်းသည် ရခိုင်ပြည်နယ်၊ ကျောက်ဖြူဒေသ၌ တည်ဆောက်နေပြီး သဘာဓာတ်ငွေ့များကို လာမည့် မေလမှစတင်၍ တရုတ်နိုင်ငံသို့ ပို့လွှတ်တော့မည်ဟု ဂက်စ်ပိုက်လိုင်း စီမံကိန်းကို ဦးဆောင် တည်ဆောက်နေသည့် တရုတ်အမျိုးသား ရေနံကော်ပိုရေးရှင်း (China National Petroleum Corporation – CNPC) ကုမ္ပဏီမှ ပြောဆိုထားသည်။
ရှမ်းပြည်နယ် အတွင်းမှ ဒေသခံပြည်သူများသည် ဓာတ်ငွေ့ပိုက်လိုင်းနှင့် ပတ်သက်၍ ပထမပိုင်းတွင် သတိမထား မသိရှိခဲ့ကြသော်လည်း ယခုအခါ အသိအမြင် ရှိလာကြသည့်အတွက် စိုးရိမ်မှုများ တိုးပွားလာနေကြောင်း၊ ဓာတ်ငွေ့ပိုက်လိုင်း ဖြတ်သန်းမည့် ကိစ္စကိုလည်း လုံး၀ အလို မရှိကြောင်း မိုင်းအိုက်မွန်းက ဆက်ပြောသည်။
ရှမ်းပြည်မြောက်ပိုင်း ရှမ်းတောင်သူ လယ်သမားများ ကော်မတီအဖွဲ့မှ သီပေါဒေသခံ ဦးစိုင်းဆန်အေးက “ကျနော်တို့က ရေနံပိုက်လိုင်းကို လယ်ယာမြေတွေအောက်မှ မြှုပ်တော့ စိုက်ပျိုးရေးအတွက် ထိခိုက်လာမှာကို စိုးရိမ်တယ်။ ပြီးတော့ ဓာတ်ငွေ့ပိုက်လိုင်းက ပေါက်ကွဲရင် အားလုံး ဒုက္ခရောက်နိုင်တာပေါ့” ဟု ပြောသည်။
တောင်းသူ လယ်သမားများကို မြေယာပေါ်တွင် ဖြတ်သန်းခ ပေးထားသော်လည်း တမြို့နှင့်တမြို့ ဈေးနှုန်း မတူကြောင်း၊ နမ့်ခမ်းမြို့မှ လယ်သမားများရရှိသည့် လယ်ယာမြေ ဈေးနှုန်းသည် ကျန်မြို့များထက် များစွာရရှိနေကြောင်း သိရသည်။
“ကျနော်တို့ကို လယ်ယာပေါ် ဖြတ်သန်းတဲ့အတွက် လျော်ကြေးငွေ ပေးပါတယ်။ ဒါပေမယ့် နောက်ပိုင်း ဖြစ်လာမယ့် ပိုက်လိုင်းအန္တရာယ်တွေ ပိုက်လိုင်းပြဿနာတွေကို ဘယ်သူတွေက တာဝန်ယူမယ်ဆိုတာ မသိဘူး။ အစိုးရ တာဝန်ယူမလား၊ ကုမ္ပဏီက တာဝန်ယူမှာလား” ဟု ဦးစိုင်းဆန်အေးက ဆိုသည်။
သီပေါ မြို့နယ် လွှတ်တော် ကိုယ်စားလှယ် ဦးရဲထွန်းကမူ “ပိုက်လိုင်း လျော်ကြေးအတွက် ဒေသခံတောင်သူများ မကျေနပ်စရာ မရှိပါဘူး။ အခုနောက်ပိုင်းမှ ဖြစ်လာတာ။ အစကဆိုရင် လျော်ကြေးငွေရတဲ့အတွက် ဘာမှမပြောဘူး” ဟု ဧရာဝတီသို့ ပြောသည်။
ပိုက်လိုင်းကိစ္စနှင့် ပတ်သက်ပြီး ပြည်သူလူထုများ သိသင့်သည့် ကိစ္စများကို သက်ဆိုင်ရာ မြို့နယ်အုပ်ချုပ်ရေးမှူး၊ ကုမ္ပဏီများနှင့် ဆက်သွယ်ပြီး ဆောင်ရွက်ပေးခဲ့ကြောင်း၊ သီးနှံလျော်ကြေးများ ပေးရာတွင် လယ်သမားများ အတွက် ကာလပေါက်ဈေးအတိုင်း လယ်သမားများနှင့် တိုင်းကာ လျော်ကြေး ပေးခဲ့ကြောင်း၊ တခါမှ မကြားဖူးသော လျော်ကြေးရသည့် အတွက် လယ်သမားများ ကျေနပ်ခဲ့ကြောင်း၊ အန္တရာယ် မဖြစ်အောင်လည်း အဆင့်အဆင့် လုပ်ထားသည်ကို တွေ့ရကြောင်း၊ ပိုက်လိုင်းကို မဖြတ်သန်းဖို့ ဆိုလျှင် တိုင်းပြည်၏ စီးပွားရေးကို ထိခိုက်နိုင်ကြောင်း၊ ပြည်ပ ရင်းနှီးမြှုပ်နှံမှု မလာရဲအောင်လုပ်ပါက အားမပေးခြင်ကြောင်း ဦးရဲထွန်းက ဆိုသည်။
ရွှေ သဘာဝဓာတ်ငွေ့ ပိုက်လိုင်းဖြတ်သန်းရာ ရှမ်းပြည်နယ်အတွင်းရှိ ဒေသခံပြည်သူများ၏ ပိုက်လိုင်း အပေါ် စိုးရိမ်မှုများ၊ လယ်ယာမြေ ဆုံးရှှုံးသွားသည့် တောင်သူများ၊ ပိုက်လိုင်းစီမံကိန်းတွင် လုပ်ကိုင်နေသည့် အလုပ်သမားများ ခေါင်းပုံဖြတ်ခံရခြင်း၊ လူ့အခွင့်အရေး ချိုးဖောက်ခံရခြင်း၊ ဒေသခံ အမျိုးသမီးများသည် ပိုက်လိုင်း လုံခြုံရေး တာဝန်ယူထားသည့် စစ်သားများ၏ အဓမ္မပြုကျင့်ခံရခြင်း စသည့် ကိစ္စများနှင့် ပတ်သက်၍လည်း သတင်းစာ ရှင်းလင်းပွဲ တရပ်ကို ရန်ကုန်မြို့ တော်ဝင်နှင်းဆီ ခန်းမ၌ တအာင်း ကျောင်းသားနှင့် လူငယ်များ အဖွဲ့ချုပ်က ယနေ့တွင် ကျင်းပသည်။
“ပိုက်လိုင်း လုံခြုံရေး အကြောင်းပြပြီးတော့ တပ်ရင်းတွေ တိုးချလာတယ်။ ဒီစစ်သားတွေက အမျိုးသမီးတွေကို လိင်ပိုင်းဆိုင်ရာ အဓမ္မမှုတွေ လုပ်လာတယ်။ ဒေသခံတွေကို လမ်းပြဖို့ အဓမ္မ ခေါ်တာတွေ၊ လုပ်အားပေးစေခိုင်းတဲ့ လုပ်ဆောင်မှုတွေ ကြုံနေရတယ်” ဟု မိုင်းအိုက်မွန်းက ဆိုသည်။
ရှမ်းပြည်သူများ၏ နစ်နာဆုံးရှှုံးမှုရှိခြင်း၊ ပိုက်လိုင်း လုံခြုံမှုမရှိခြင်း၊ လူ့အခွင့်အရေးချိုး ဖောက်ခံရမှုများနှင့် ပတ်သက်၍လည်း ထို ပိုက်လိုင်းအား ရှမ်းဒေသခံများက ဆန့်ကျင်ကြောင်း ရှမ်းလူမှု အဖွဲ့အစည်းအများက ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့၌ ပြီးခဲ့သည့် သီတင်းပတ်တွင် သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ခဲ့ကြောင်း၊ ရှမ်းပြည်သူများ၏ အခက်အခဲများကို အစီရင်ခံစာတစောင် ရေးသား၍ ချင်းမိုင်အခြေစိုက် တရုတ်ကောင်စစ်ဝန်ရုံးသို့ ပေးပို့ခဲ့ကြောင်း သိရသည်။
ဂက်စ်ပိုက်လိုင်း စတင်ရာ ရခိုင်ပြည်နယ်၊ ကျောက်ဖြူ ဒေသ၌လည်း ပိုက်လိုင်းအပေါ် စိုးရိမ်မကင်း ဖြစ်နေရကြောင်း၊ ဂက်စ် ပိုက်လိုင်းအား တချို့နေရာတွင် မြေကြီးထဲ၌ ၃ ပေမှ ၅ ပေခန့်သာ မြှုပ်နှံထားပြီး၊ တချို့နေရာ၌ မြေမြှုပ်ခြင်း မရှိ၍ ဂက်စ် ယိုစိမ့်မှု၊ ပေါက်ကွဲမှု ဖြစ်လာမည်ကို စိုးရိမ်နေကြကြောင်း ဒေသခံများက ပြောသည်။ နိုင်ငံအများစု၌ ဂက်စ်ပိုက်လိုင်းကို ၁၀ ပေမှ ၁၅ ပေအနက်ရှိ မြေထဲတွင် မြှုပ်နှံရကြောင်း သိရသည်။
“ပိုက်လိုင်းကို နိုင်ငံတကာအဆင့်မီ ခိုင်ခံ့မှုမျိုးနဲ့ တည်ဆောက်တာလား၊ ကျမတို့ မသိပါဘူး။ ပြီးတော့ ပိုက်လိုင်း ဖြတ်သန်းရာ ဒေသတွေမှာ အခုဆိုရင် ငြိမ်းချမ်းမှု မရှိပါဘူး။ အကြောင်း တခုခုကြောင့် မတော်တဆ ဖြစ်ရပ်တွေ ရှိခဲ့ရင် ဘယ်လို တာဝန်ယူပေးမလဲ ဆိုတာလည်း ကျမတို့ မသိရပါဘူး။ ပိုက်လိုင်းရဲ့ ခိုင်ခံ့မှုကို ကျမတို့ ဒေသခံတွေသိဖို့ လိုအပ်ပါတယ်” ဟု တအာင်းကျောင်းသား လူငယ်အဖွဲ့မှ လွေးလွယ်က ပြောသည်။
ကျောက်ဖြူ ဒေသအတွင်းရှိ ဒေသခံများ၏ လယ်ယာမြေ၊ နွားစားကျက်မြေ၊ ဥယာဉ်ခြံမြေ စသည့် မြေဧက ထောင်ပေါင်းများစွာ အဓမ္မ သိမ်းယူခံထားရပြီး ဒေသတွင်း လမ်းအများအပြားမှာလည်း ပျက်စီးသွားသည့် အတွက် လမ်းပန်းဆက်သွယ်ရေး ခက်ခဲမှုများနှင့် ရင်ဆိုင်နေရကြောင်း ဒေသခံများက ပြောသည်။
သိမ်းဆည်းခံ လယ်မြေများကို တန်ရာတန်ကြေး လျော်ကြေးပေးဆောင်ရန်၊ ပျက်စီးသွားသည့် ကျေးရွာလမ်းများ ပြုပြင်ပေးရန်၊ စီမံကိန်း ဧရိယာတဝိုက်ရှိ ကျေးရွာများ မီလင်းရေး ဆောင်ရွက်ပေးရန်၊ လုပ်ငန်းခွင်များ၌ ဒေသခံများအား အလုပ်အကိုင် အခွင့်အလမ်းများပေးရန် စသည့် အချက် ၉ ချက်ကို ဧပြီလ ၁၁ ရက်နေ့တွင် ဆန္ဒထုတ်ဖော်ရန် ပြည်နယ် အစိုးရသို့ တင်ပြထားကြောင်း အလုပ်သမားအရေး ဦးဆောင်ပေးနေသူ မဒေးကျွန်း ဒေသခံ ကိုထွန်းကြည်က ပြောသည်။
ဓာတ်ငွေ့ပိုက်လိုင်းသည် ရခိုင်ပြည်နယ်မှတဆင့် မကွေးတိုင်း၊ မန္တလေးတိုင်း၊ ရှမ်းပြည်နယ် တို့ကို ဖြတ်သန်း၍ တရုတ်နိုင်ငံ ယူနန်ပြည်နယ်၌ အဆုံးသတ်မည်ဖြစ်သည်။
မြန်မာအစိုးရမှ တရုတ်အစိုးရသို့ အနှစ် ၃၀ ဓါတ်ငွေ့ ရောင်းချမှုအတွက် ခန့်မှန်းခြေ အမေရိကန်ဒေါ်လာ ၂၉ ဘီလီယံ ရရှိကြောင်းသိရသည်။
ဧရာဝတီ သတင်းထောက် ခင်ဦးသာ၊ နန်းဆိုင်နွမ်နှင့် နန်းသိရီလွင်တို့ ပူးပေါင်း ရေးသားသည်။